မင်းကွန်းပုထိုးတော်ကြီး တည်ဆောက်ခဲ့ကြစဉ်က နှောင်းလူတို့ မသိခဲ့ကြရသော ပြဿနာများ

မင်းကွန်းပုထိုးတော်ကြီး တည်ဆောက်ခဲ့ကြစဉ်က နှောင်းလူတို့ မသိခဲ့ကြရသော ပြဿနာများ

မြန်မာ့ခရီးသွား ဒေသတစ်ခုဖြစ်သော မင်းကွန်း ဒေသကို ပြည်တွင်း ပြည်ပ ဘုရားဖူးလေ့လာရေး မိဘပြည်သူများ သွားရောက်ပါက မင်းကွန်းပုထိုးတော်ကြီး ကိုအဝေးမှပင် စတင်မြင်တွေ့ ကြရပါမည်။

ပုထိုးတော်ကြီးအား အနီးကပ် မြင်လိုက်ရလျှင် ထုထည်အလွန်ကြီးမားသဖြင့် လူတိုင်းလိုလို အံ့ဩမှင်သက်သွား ကြစေသလို ပဟေဠိဆန်လွန်းပြီး ပုံမှန်မြင်ဖူးနေကြ မဟုတ်သော အံ့ဖွယ် အုတ်ဗိမာန်ကြီးအဖြစ် ခံစားနေကြရပါသည်။

ရှေးက ငလျင်ဒဏ် အကြီးကျယ် ခံလိုက်ရသဖြင့် ဧရာမ အက်ကြောင်းကြီးများနှင့် အပြင်ပန်း သဏ္ဍာန်မှာ ရှေးကြေးမုံ ပြင်ပမာ ထင်ဟပ်ပေါ်လွင် လှပါသည်။ ဤမျှကြီးမားသော ပုထိုးတော်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) ကျော် ကုန်းဘောင်ခောတ်ဘုရင် ဘိုးတော်ဘုရားက တည်ထားခဲ့ပါသည်။

မင်းကွန်း ပုထိုးတော်ကြီးတည်ရန် အမရပူရ ပဌမမြို့တည် ဘိုးတော် ဘုရားသည် (၁၁၅၂) ခုနှစ်၊ နတ်တော်လဆန်း (၁၅) ရက်နေ့ (၁၇၉၀)ခုနှစ်တွင် မင်းကွန်းသို့ ထွက်တော်မူခဲ့ပြီး (၄၉)ရက်အကြာ (၁၁၅၂)ခု ၊ တပို့တွဲလ ဆန်း(၅) ရက် ၊တနင်္ဂနွေနေ့၊ ခရစ်နှစ် (၁၇၉၀) ခုနှစ်တွင် ပုထိုးတော်ကြီးအား ရွှေအုတ် စခင်းခဲ့သည်ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးတွင် ရေးသားဖော်ပြ ထားရှိခဲ့ပါသည်။

ဘိုးတော်ဘုရားသည် ယခင်ဘုရင် အဆက်ဆက်တို့ တည်ထားခဲ့ဖူးသော ကုသိုလ်များနှင့်မတူ ပုထိုးတော်ကြီး၊ရေကန်ကြီး၊ခေါင်းလောင်းကြီးနှင့်ခြင်္သေ့ကြီးစသော ကြီးလေးကြီး ဒါယကာ ဖြစ်လိုခဲ့ပါသည်။

ယခုမင်းကွန်း ပုထိုးတော်ကြီး တည်နေရာသည် ဘုရားလောင်း ကြက်မင်းဖြစ်ခဲ့စဉ် အခါက ကျက်စားရာ အောင်မြေနေရာ ဖြစ်ခဲ့ဖူးပါသည်။ တနလာင်္သား ဖြစ်သော ဘိုးတော်ဘုရားသည် သူ၏စိတ်ကူး အလှုအား လက်တွေ့အကောင်အထည်ဖေါ်ရန် ဗေဒင်ကိန်းခန်းအရ အသင့်တော်ဆုံး နေရာဖြစ်သော မင်းကွန်းနေရာကို ရွေးချယ်ပါလေတော့သည်။

ယခင် မင်းကွန်းဟူသော အမည်သည် မင်းကောင်ရွာဖြစ်ပြီး အင်းဝခေတ်တွင် မင်းခေါင်ဟူသော ဘုရင်၏ အမည်နှင့် ဆင်တူနေလေရာ “မင်းရွာ”ဟု ပြောင်းခဲ့ရပါ သည်။

ဘိုးတော်ဘုရား လက်ထက်တွင် ဘိုးတော်ဘုရား ယာယီစံနန်းဖြင့် ကွန်းခို စံမြန်းတော်မူခဲ့ပြန်လေရာ မင်းကွန်းဟု ခေါ်တွင်တော်မူစေခဲ့ ပြန်ပါလေသည်။ တောင်ပေါ်ချောင်းမှ ဝဒ္ဒ ခေါင်းလောင်းတွင် “မင်းကွန်း၊ မင်းရွာ၊ မင်းကောင် သညာသုံးထပ်ရှိသောရွာ” ဟုရေးထိုးထားသည်ကို ယနေ့တိုင် တွေ့မြင်ကြရ ပါသည်။

သို့သော် ဘုရားကြီးပြီးအောင် မတည်နိုင်ခဲ့ကြသဖြင့် မည်သို့ ဖြစ်လာမည်ကို မသိနိုင်ခဲ့ကြသလို ပုထိုးတော်ကြီးနှင့် ပတ်သက်သော မှတ်တမ်း မှတ်ရာများသည်လည်း တစ်ခုနှင့်တစ်ခု ကွဲလွဲနေပါသဖြင့် မှတ်တမ်းအချို့ကို ကောက်နှုတ်ပြီး ပုထိုးတော်အနီးရှိ ပုံတော်စေတီကို (၃၄)ဆခန့် ချဲ့ကြည့်ပြီးသကာက ၊ အကြမ်းဖျဉ်း ပုံပေါ်လာနိုင်ကြစေရန်လအတွက် ပုံတော်ဘုရားနှင့် စာရင်းကို ဖော်ပြပေးလိုက်ရပါသည်။

ရွှေတိုက်တော် မူလစာရင်းမှ ပုရပိုက်မူအရ မင်းကွန်း ပုထိုးတော်ကြီး၏ တည်ဆောက်ခဲ့ရန် လျာထားခဲ့ သော စနစ်တော်များမှာ

၁။ စေတီတော်အချင်း – (၂၉၃) တောင် (၂)မိုက်(၄)သစ်။ တာ(၄၁၆)တောင်(၂)မိုက်(၄) သစ်။
၂။အတွင်းစေတီတော်ဖိနှပ်-(၁၅၃)တောင် (၂)မိုက် (၄)သစ်။ တာ(၂၁၆)တောင်(၂)မိုက်(၄) သစ်။

၃။ ပထမအာလိန်အမြင့် – (၂) တောင်၊ အချင်း (၂၉၃) တောင် (၂)မိုက် (၄) သစ်
၄။ ဒုတိယအာလိန်အမြင့် – (၂) တောင်၊ အချင်း (၂၆၅) တောင် (၂)မိုက် (၄) သစ်

၅။ တတိယအာလိန်အမြင့် – (၂) တောင်၊ အချင်း (၂၂၇) တောင် (၂)မိုက် (၄) သစ်
၆။ စတုတ္ထအာလိန်အမြင့် – (၂) တောင်၊ အချင်း (၂၀၉) တောင် (၂)မိုက် (၄) သစ်

၇။ ပဉ္စမအာလိန်အမြင့် – (၂) တောင်၊ အချင်း (၁၀၈) တောင် (၂)မိုက် (၄) သစ်
၈။ ဖယုံတုံးအမြင့် – (၃) တောင်၊ (၁)မိုက် (၄) သစ် အချင်း (၁၅၃) တောင် (၂)မိုက် (၄) သစ်

၉။ ကလပ်ခုံ လှဲစည်းကွင်းအမြင့် (၅)တောင်။ အချင်း (၁၅၃) တောင်
၁၀။ ကုလားကျောင်းအမြင့် (၃၆)တောင်။ အချင်း(၁၅၀) တောင်

၁၁။ ပထမပစ္စယာအမြင့် (၉)တောင်။ အချင်း (၁၃၂) တောင်
၁၂။ ၎င်းအထက်အချင်း (၁၃၁) တောင်

၁၃။ ဒုတိယပစ္စယာအမြင့် (၈)တောင်။ အချင်း (၁၁၈) တောင်
၁၄။ ၎င်းအထက်အချင်း (၁၁၆) တောင်။
၁၅။ တတိယပစ္စယာအမြင့် (၆)တောင်။ အချင်း (၁၀၈) တောင်

၁၆။ ၎င်းအထက်အချင်း (၁၀၇) တောင်
၁၇။ ကွမ်းတောင်အမြင့် (၁၀၀)တောင်။ အချင်း (၁၀၀) တောင်
၁၈။ ၎င်းအထက်အချင်း (၅၀) တောင်

၁၉။ စေတီပစ္စယာအမြင့် (၄)တောင်။ အချင်း (၅၀) တောင်
၂၀။ ၎င်းအထက်အချင်း (၄၉) တောင်
၂၁။ ပထမကြေးဝန်းအမြင့် (၁)တောင် ၊ (၁) မိုက် အချင်း (၄၈) တောင်

၂၂။ ဒုတိယကြေးဝန်းအမြင့် (၁)တောင် ၊ အချင် တောင်
၂၃။ တတိယကြေးဝန်းအမြင့် (၁)တောင် ၊ အချင်း (၄၆) တောင်
၂၄။ ခေါင်းလောင်းနာအမြင့် (၂၄)တောင် ၊ အချင်း (၄၈) တောင်
၂၅။ ပထမဖောင်းဝန်းအမြင့် (၃)တောင် ၊ အချင်း (၃၅)တောင်။

၂၆။ ဒုတိယဖောင်းဝန်းမှ နဝမဖောင်းဝန်းအထိ အမြင့် (၂၂)တောင် ၊ အချင်း (၁၅) တောင်။
၂၇။ ကြာအောက်အမြင့် (၁၅) တောင်အချင်း (၁၄) တောင်
၂၈။ ကြာအထက်အမြင့် (၁၀) တောင် ။ အချင်း (၁၃) တောင်

၂၉။ ကြာစုအမြင့် (၅) တောင် ၊ အချင်း (၁၂) တောင်။
၃၀။ ခယားသီးအမြင့် (၁၁)တောင် သတ်မှတ်ထားကြောင်း သမိုင်း အထောက် အထား တို့အရ သိရှိရပါသည်။

ဤစနစ်တော်အရ ပုထိုးတော်ကြီး ပြီးစီးခဲ့လျှင် အမြင့်မှာ (၂၅၂) တောင် (၂) မိုက် (၄) သစ် ရှိမည် ဖြစ်ပါသည်။ စစ်ကိုင်းမြို့နယ်ဖြစ်စဉ် မှတ်တမ်းတွင် – သေလက္ခရ သမ္ဗန္ဓ ဒီပနီတွင် ဖိနပ်အဝန်းတော် အတောင် (၁၂၈၀)၊ တစ်မျက်နှာလျှင် ပေ (၄၈၀)၊ ပစ္စယံမှာ (၄၅၀) စတုရန်း ပေ ၊ စေတီအချင်းမှာ (၂၃၀) စတုရန်းပေ ဟုဖော်ပြထား သဖြင့် ကမ္ဘာ့အကြီးဆုံး ဧရာမပုထိုးကြီး ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်ပါမည်။မြန်မာ့ စွယ်စုံကျမ်းတွင်လည်း ဘုရားပြီးပါက ပေ (၅၀၀) မျှရှိမည်ဟု ဖော်ပြထားရှိခဲ့ပြန်ပါသည်။

ပုထိုးတော်ကြီး တည်ထားရာတွင် ဌာပနာတိုက် (၂၁) တိုက် ထည့်သွင်း ထားရှိခဲ့ပါသည်။ အလယ် ဌာပနာတိုက်မကြီးကို ကြေးသလွဲမည်း အချိန် (၄၁၄၈၃၄) ဖြင့် စတုရန်း (၁၀) တောင်၊ အစောက် (၇) တောင် အထူ (၁) အရွယ်ဖြင့် ပြုလုပ်ထားခဲ့ပါသည်။

အလယ်တိုက်၏ အရှေ့ဘက်တွင် အချင်း (၃) တောင် (၂)မိုက် ၊ အစောက် (၄) တောင် အရွယ် ရှိသောကြေးစင်တိုက် (၂) တိုက်ကို “သ-သံ-ပူ-က” အက္ခရာ (၄) လုံးဖြင့် ရေးသားထားရှိခဲ့ပါသည်။ ၎င်းမှာ နတ်သိကြားမင်း ကူညီသည်ဟူသော ပါဠိစာပိုဒ် တစ်ခုကို အတိုချုံ့ထားခြင်း ဖြစ်ပါသည်။

အဓိပ္ပါယ်မှာ -” နတ်အပေါင်းတို့ကို အစိုးရသော ငါသိကြားမင်းသည် သတ္တဝါတို့ အစီးပွားကို ရှာတော်မူသောမြတ်စွာဘုရားအား မင်းတရားကြီး ကြည်ညိုနှစ်
သက်ခြင်းငှာ ကြေးအုတ်တို့ဖြင့် ပူဇော်ခြင်းပြု၏”ဟူ၍ပင် ဖြစ်ပါသည်။

၎င်းအလယ်တိုက်မကို ခြံရံ၍ တစ်တိုက်လျှင် အချင်း (၃) တောင် (၂) မိုက်၊ အစောက် (၇)တောင် အထူ (၁)မိုက် ၊ ကို ကြေးချိန်ပိဿာ (၁၂၂၆၀၃) ပိဿာ ၊ (၇၀) သား ရှိ ဌာပနာတိုက်တို့ ရှိကြပါသည်။

အရှေ့ဘက်တွင် ဌာပနာ တိုက် (၅) တိုက် ၊ အနောက် ဘက်တွင် ဌာပနာတိုက် (၅) တိုက် ၊ တောင်ဘက်တွင် ဌာပနာတိုက်(၅) တိုက်၊မြောက်ဘက် တွင် ဌာပနာတိုက် (၅) တိုက် စီကိုတည်ဆောက် ထားရှိခဲ့ပါသည်။ ဌာပနာတိုက် (၂၁) တိုက်၏ ကြေးသလွဲ ပိဿာချိန် စုစုပေါင်းမှာ – (၂၈၆၆၉၀၈) ကျော် ဖြစ်ပါသည်။

(၁၁၅၈) ခုနှစ် ၊ တပေါင်းပြည့်နေ့၊ (၁၇၉၇)ခုနှစ် မတ်လတွင် ထိုဌာပနာတိုက်များ အတွင်းသို့ နှစ်ကျိတ်ရှစ်ဆူ ဆင်းတုများကို ရွှေရုပ်တု (၂)ဆူ ၊ ငွေရုပ်တု (၂)ဆူ ၊ ဖူးမျှော်နေသော ရွှေငွေရုပ် (၄)ရုပ်စီနှင့် ၊ ပွင့်တော်မူပြီးသော သစ်ပင် တို့ကိုလည်း ရွှေငွေတို့ဖြင့် ထုလုပ်ထားခဲ့ပါသည်။

ထို့အပြင် ဗုဒ္ဓဝင်ခန်းများနှင့် အောင်ခြင်း(၈)ပါး တို့ကိုလည်း ရွှေရုပ် ငွေရုပ် များဖြင့် ထုလုပ်ကာ ဌာပနာထားရှိ ခဲ့ပြန်ပါသည်။ မြတ်စွာဘုရား ဝါဆိုစဉ်က တရားဟောကြားခဲ့သော ရုပ်တု အပါအဝင် ရွှေ၊ ငွေ၊ မြ၊ပယင်း၊ မြင်းသီလာ၊ ပဉ္စလောဟာ၊ ဖန်၊ အန္တကူကျောက်၊ နီလာ၊ ကျောက်သလင်း၊ ကျောက်စိမ်း၊ ကြေး၊ သလွဲဖြူ၊ ဒက္ခိဏသာခါ၊ ဆင်စွယ်၊ ကရမက်၊ နံ့သာ၊ ကံ့ကူကျောက်ဖြူ၊ ကျောက်ညို၊ ကျောက်ဝါဆင်းတုများ အပါအဝင် ဆင်းတုတော် စုစုပေါင်း (၄၄၁၉၅) ဆူ ၊ စေတီပေါင်း (၂၉၁၀)၊ ကျောင်း၊ ဇရပ်၊ သားတော်၊ သမီးတော်၊ မှူးကြီးမတ်ရာပုံများစွာတို့ကိုလည်း ထည့်သွင်း ဌာပနာ ခဲ့ပြန်ပါသည်။

စာဆိုတော် ဒုတိယ နဝဒေးကြီးက သူ၏ ဝိလာသိနီ မော်ကွန်းတွင်- မင်းကွန်းသပြေ ၊ မည်တွင် စေလျက်၊ ဆယ့်နှစ်ခွေပြိုင်၊ နောဒတ်အိုင်သို့ ၊ ငါးဆိုင်တောင်စပ်၊ တည်ရာရပ် တွင်၊ သင်းကျစ်ပတ္တမြား၊ စွယ်တော်ပွားကို ၊ မှံထားစုပုံ၊ ထူပါရုံဟု၊ နတ်ဘုံ နိမ့်မြင့်၊ တောင်ကြီးသင့်သို့ ၊ ဆင့်ဆင့်ပတ်ခြံ ၊ အာလိန်ခံဖြင့်၊ ဒိသံမ္ပတိ၊ မင်းကြီး လက်ပြိုင်၊ ရွှေအုပ်ကိုင်၍၊ ကိုယ်တိုင်တော်နေ၊ သို့ ဖြစ်ထွေကို၊ အောက်မြေအ ထဲ၊ ငရဲနဂါး၊ မိုးဖျားဗြဟ္မာ ၊ သူရာဝှန်လှိုက်၊ ကျိုက်ကျိုက်မွန်နည်၊ သိစိမ့် ရည် သည်၊ ဆောက်တည်ရွှေနှလုံး စွဲတည်း။ ဟုစပ်ဆို ရေးသား ထားခဲ့ပြန်ပါသည်။

ထိုမော်ကွန်း တစ်နေရာတွင်လည်း -“သိကြားတံဆိပ်၊ ရွှေလိပ်ခရာ၊ ဖြစ်ရုံကာမျှ၊ စုလ္လာသီတိ၊ သဟာဿိထက်၊ မုနိစူဠာ၊ စေတီသာကို၊ ဣန္ဒာဗိုလ်ရူ၊ သဘင်ပြုသို့၊ အကုဋေနတ်၊ လောကဓာတ်၌၊ ပတ် ပတ်ရစ်ခြံ၊ ပွဲကြီးခံ၍ ၊ သ သံ ပု က ၊ စာမအကျော်၊ လေးလုံးပေါ်သား ၊ ထို ရောမခါနှစ် ၊ ဓိပ္ပါယ်ဖြစ်မူ”ဟု စပ်ဆိုထားခဲ့ ပြန်ပါသည်။

ဌာပနာ စာရင်းများကို ကုန်းဘောင် မဟာရာဇဝင် တော်ကြီးထဲတွင် ပိုမိုသိရှိနိုင်ရန် ဖော်ပြထားရှိပါသည်။ ထိုအပြင် ပုထိုးတော်ကြီး၏ အဝလေးမျက်နှာတို့၌ အုတ်တိုက်တစ်ထပ်၊ သဲတိုက်တစ်ထပ် ဖြင့် အုတ်တိုက်ခုနှစ်ထပ်၊ သဲတိုက် ခုနှစ်ထပ်ကို ပြုလုပ်ထားရှိ ခဲ့ပြန်ပါသည်။

ပုထိုးတော် တည်ဆောက်ရေး အတွက် အသင့်လျော်ဆုံးနှင့် အန္တရယ်ကင်းရှင်း စေရေးအတွက် အဝန်း (၄၄) ပေရှိသော အလည်မဏ္ဍိုင်ကို စ၍ ထူထောင်စေခဲ့ ပါသည်။ ထိုမဏ္ဍိုင်ကို ချိန်မျဉ်းထား၍ စတင် တည်ဆောက်ခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။

ပုထိုးတော်ကြီး ခိုင်မာတောင့်တင်းအောင် အရစ်လိုက် မြောင်းဖော်ပြီး ကြေးမိုးကြိုး၊ သံကွင်းကြီးများဖြင့် ရစ်ပတ်မြုပ်နှံခဲ့ကြပါသည်။ ထိုမှတဆင့် အတွင်းမှစ၍ အုတ်စီနည်း(သို့) ငြမ်းပျောက် စနစ်ဖြင့် အုတ်စတင် စီခဲ့ကြပါသည်။

ဘုရားတည်ဆောက်ရေး ကာလတွင်၊ ပုထိုးတော်ကြီး၌ အများပြည်သူ ဖူးမျှော်နိုင်စေရန် သံပိဿာချိန် (၁၁၃၆၈) ဖြင့် နန်းတော်ကျွန်းရွာတွင် ရှေးယခင်မင်း တစ်ပါးမျှ မသွန်းလုပ် မပူဇော်ခဲ့ဖူးသော သံဆင်းတုတော် တစ်ဆူအား သွန်းလုပ်စေခဲ့ ပြန်ပါသည်။ ထိုဆင်းတုတော်သည် အခြားမဟုတ် ယနေ့ မန္တလေးတောင်ခြေရှိ စန္ဒာမုနိဘုရားကြီးပင် ဖြစ်ပါလေတော့သည်။

ပုထိုးတော်ကြီး နှင့်တပြိုင်နက် အပြီးသတ် ရေစက်ချ နိုင်ရေးအတွက် အခြားကြီး လေးကြီးအနက်မှ ခြင်္သေ့ကြီး ၊ ရေကန်ကြီး ၊ခေါင်းလောင်းကြီး တို့ကို လည်း တပြိုင်တည်း တည်ဆောက်ခဲ့ကြပါသည်။

ဘိုးတော်ဘုရားသည် မင်းကွန်းနှင့် နန်းတော်ကျွန်းရွာတို့တွင် ယာယီ နန်းဆောက်ကာ ကိုယ်တိုင်ကြပ်မှတ်ခဲ့ပါသည်။ မင်းကွန်း၏ တောင်ဘက် (၆) မိုင်အကွာ ကြက်ထောင့် (ယခုရွှေကြက်ထောက်ရွာ) အရပ်တွင်လည်း ပေ(၄၂၀) အကျယ်၊ အနက် (၃၁) ပေ၊ (၈) လက်မ နက်သော ရေကန်တော်ကြီးကို တူးဖေါ်စေခဲ့ ပြန်ပါသည်။

ဤမျှဝေးကွာသောနေရာတွင် တူးဖေါ်ရခြင်းမှာ အခြားမဟုတ် ၊ ကြက်ထောင့်သည် တနင်္လာ၊ ကန်သည် တနင်္လာ ဖြစ်ပါသည်။တည်ဆောက်သော ကာလကြာမြင့်လာသည်နှင့်အမျှ ဤ စီမံကိန်းကာလအတွင်း ပြဿနာကြီးများ အမျိုးစုံ ကြုံတွေ့ခဲ့ရပြန်ပါသည်။

ဘိုးတော်ဘုရား၏ ဆင်ဖြူတစ်ကောင် သေလေသဖြင့် ဆင်ဖြူမရှိလျှင် ရန်သူလာတိုက်ခိုက်နိုင်သည်ဟု ဘိုးတော်ဘုရားက ခံစားရပြန်ပါသည်။ ထို့ကြောင့် ဆင်ဖြူသေသည်ဟု မည်သူမျှမပြောရ ဆင်ဖြူပျောက်သည်ဟုသာ ပြောကြရပါသည်။ဆင်ဖြုတော် သေသည်ကို စိတ်မကောင်းဖြစ်လွန်းသဖြင့် ပုထိုးတော်ကြီး၏ အနောက်မြောက်ထောင့်တွင် ဆင်သေကို မြှပ်နှံစေခဲ့ ပါလေသည်။

ပုဏ္ဏားများ အကြံပြုချက်အရ အသက်(၁၂၀)တိုင် ရှည်စေရေးအတွက် ထိုပုထိုး တော်ကြီး၌ ဆီမီး (၁၂၀) အခြားလှူဖွယ် (၁၂၀) တို့ကို လှူဒါန်းခဲ့ ပြန်ပါလေသည်။ သိပ်မကြာ လိုက်ပါချေ ။ ဘိုးတော်ဘုရား ယာယီနန်းစံနေစဉ်တွင် ရှင်လွန်းမယ်မိဖုရား နတ်ပြည်စံလေပြန်သဖြင့် ရှင်လွန်းမယ်ကို မခွဲနိုင်ကာ လချီ၍ထားပြီး အမရပူရတွင် သဂြိုလ်ရန် စီစဉ်ရပြန်ပါလေသည်။ လူသေကိုမြို့ထဲ ပြန်မသွင်းရန် မှူးမတ်များအကြံပြုရာမှ ဆင်ဖြူမြှပ်ရာ အနီးတွင် မိဖုရားအား မြှပ်ပြန်ပါလေသည်။

တည်ဆောက်ရေးသည် အလွန်ကြီးမားလှသလို အချိန်လည်း ယူလှသဖြင့် တိုင်းပြည်အရပ်ရပ်မှ လူထုမှာ လုပ်အားပေးကြရပါသည်။ဘိလပ်မြေ ဖော်စပ်ရန် ဝါပင်များ စိုက်ပျိုးခြင်း ၊ အုံတုံပင်များ များစွာအသုံးပြုရခြင်း၊ သစ်ပင်များစွာခုတ်၍ အုတ်ဖုတ်ပေးရခြင်းတို့ကို နှစ်ကာလ ကြာရှည်စွာ လုပ်လာကြရသော် လွန်စွာပင်ပန်း လာကြရပါသည်။

ငွေကြေး မရသဖြင့် စီးပွားရေးလည်း ထိခိုက်လာကြပါသည်။ မကျေနှပ်မှုများလည်း ဖြစ်ပေါ်လာကြပါသည်။ နောက်ဆုံး ကမ္ဘာ့အကြီးဆုံး ပုထိုးတော်ကြီး ဖြစ်ခွင့်နှင့်လွှဲသွားလေရန် ဘိုးတော်ဘုရား ကြုံတွေ့ လာရပါလေတော့သည်။ “ကြက်ထောင့် ကြောင်ဝပ်၊ ဝါကျွတ်မှ ထ ၊ ကြီးလေးကြီး အပြီး မသတ်၊ မုဆိုး သုည ကပ်” ဟူသော တဘောင် တစ်ခု ပေါ်ထွက် လာပါလေတော့သည်။

အဓိပ္ပါယ်မှာ ကြက်ထောင့်ကန်ကို ဝါကျွတ်မှ ထဆိုရာတွင် (ကြောင်ထသောလ- ပြာသိုလ) မှာမှ စတူး သည်ဟု ဆိုလိုပါသည်။ ကြီးလေးကြီးကို အပြီးမသတ်နှင့် အပြီးသတ်လျှင် မုဆိုးဖို ခေါ် ကုန်းဘောင်မင်းဆက် ပျက်သုန်းမည်ဟု အဓိပ္ပါယ် ရပါသည်။

အာဏာရှင် ပဒေသရဇ် မှန်လျှင် အတိတ်၊ တဘောင်၊ စနည်း၊ ဗေဒင် ယတြာ တို့ကို အစွမ်းကုန် ယုံကြည်ကာ မိမိ၏ ရာထူး အာဏာ လက်လွှတ်ရမည့် အရေးကို သေဘေးသဖွယ် အလွန်ကြောက်ရွံ့ထိပ်လန့် တတ်ကြပြီး မိမိကိုယ့်ကိုမိမိ ကာကွယ်ရန် မည်သည့်ကိစ္စမဆို လုပ်ရဲကြပါသည်။

ကန်ကြီး ၊ ခြင်္သေ့ကြီး ၊ခေါင်းလောင်းကြီး၊ တို့ပြီးသွား ခဲ့ပါလေပြီ ၊ အကယ်၍ ပုထိုးတော်ကြီး ပြီးသွားခဲ့ပါလျှင် မင်းဆက်ပျက်သုန်းမည်ကို ကြောက်ရွံ့သွားသော ဘိုးတော် ဘုရားသည် နှစ် (၂၀) ခန့် အချိန်ယူတည်လာခဲ့သော ပုထိုးတော် စီမံကိန်းကို (၁၈၁၂) ခုနှစ်တွင် ချက်ချင်းရပ်ရန် သံဓိဌာန် ချလိုက်ရပါလေတော့သည်။

၎င်းနောက် ပုထိုးတော်ကြီးအစား ပုံတော်ဘုရားအား အပြီးသတ်တည်ခဲ့ပြီး ၊ စန္ဒာမုနိ ဆင်းတုတော်ကို အမရပူရရှိ မဟာစန္ဒာမုနိသို့ (အမရပူရအဝင် ဓာတ်ဆီဆိုင်အနီး) ပြန်သယ်ခဲ့ပါသည်။ ထိုဆင်းတုတော်ကို မင်းတုန်းမင်းမှ ယခုမန္တလေးမြို့သို့ ပြန်လည်ပြောင်းရွှေ့ သယ်ယူခဲ့ပြန်ပါသည်။

အမှန်တကယ်တော့ ဘိုးတော်ဘုရားသည် ပုထိုးတော်ကြီးအား တည်ဆောက်ရာတွင် အမှားများစွာ ပြုလုပ်ခဲ့ပါသည်။
၁။ ဘုရား၊ ကျောင်း၊ ကန် လှူသည်ဟူသော အစဉ်အလာအရ ဘုရားမပြီးခင် ကန်လှူခဲ့ပါသည်။
၂။ ဆင်ဖြူနှင့်မိဖုရားတို့ကို ဘုရားတည်ဆောက်ရာ မြေတွင် မြှပ်နှံခဲ့ပါသည်။ ၃။ဘုရားမပြီးခင် မဟာရန်တံတိုင်းအား ခတ်ခဲ့ပါသည်။ ၄။အင်္ဂျင်နီယာရှုထောင့်အရ Foundation ကောင်းစွာ မပြုလုပ်ခဲ့ပါ။ ၅။ ပုဂံ ဘုရားများကဲ့သို့ လှိုင်ပတ်လမ်းများဖြင့် တည်ဆောက်ထားသော ‘အဟ’ (Space) မထားရှိဘဲ ထုပြည့် (Solid) ဘုရားအဖြစ်သာ တည်ဆောက်ထားသော ဘုရား ဖြစ်နေပါသည်

၆။ အလေးချိန် (weight) လျှော့ချကာ ငလျင်အတွက် ကြိုတင် တွက်ဆထားသော တည်ဆောက်ရေး (Structure) နှင့်နည်းပညာကောင်း မရှိခဲ့ခြင်း။
၇။ ပုဂံဘုရားများကဲ့သို့ ငလျင်အတွက် လိုက်လျော ညီထွေသော အုတ်စီပညာ နှင့်ထောင့်ချုပ် ကျောက် (Corner Stones) များ မထားရှိခဲ့ခြင်း၊ အစရှိသော အမှားများစွာတို့ဖြင့်”စကြာရေချ ငလျင်ဒဏ် ခံလိုက်ရအပြီး ဧရာမ အက်ကြောင်း ကြီးများ ပေါ်လာပါလေ တော့သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါလေတော့သည်။

ထို့ကြောင့် ပုထိုးတော်ကြီးသည် ထိုခေတ် ထိုအခါက ဧကရာဇ်၏ ဘုန်းတန်ခိုး၊ ဇာတိမာန်၊ အယူသည်းမှုတို့ ရောထွေးနေသော ရှေးကြေးမုံပြင် ပုံရိပ်တစ်ခုအဖြစ်နှင့် အပြီးမသတ်နိုင်သည့် အခြေနေဖြင့်သာ ထာဝရ ကျေနပ်နေရပါတော့မည်။

အခုခရီးမသွား ဖြစ်သေးသော်လည်း ဘုရားသမိုင်းလေးတွေ အခြားဗဟုသုတလေးတွေတော့ လေ့လာထားလို့ ရတာပေါ့ဗျာ။အလုပ်အားတဲ့အခါကြတော့လဲ ကျွန်တော်တို့နဲ့အတူတူ ဘုရားဖူးရင်း အပန်းဖြေခရီးတွေ သွားကြတာပေါ့နော်။

Credit: မူရင်းရေးသား တင်ပြသူ ,Ref :သမိုင်းဝင် မင်းကွန်း၊ မြန်မာ့မြေဖုတ် စဥ့်ထည်၊ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး

Leave a Reply

Your email address will not be published.