သင်မသေခင် သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာတစ်ဝန်းမှ အလှအပဆုံး နေရာများ

သင်မသေခင် သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာတစ်ဝန်းမှ အလှအပဆုံး နေရာများ

၁။ မက်ထရိုရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း

ဂရိနိုင်ငံအလယ်ပိုင်း Kalabaka မြို့အနီးမှာ တည်ရှိတဲ့ မက်ထရိုရာ(Meteora) ခရစ်ယာန်ဘုရားကျောင်းဟာ သိမ်မွေ့နက်နဲတဲ့ ရှေးဟောင်းဗိသုကာ လက်ရာတွေကြောင့် နာမည်ကျော်ကြား လျက်ရှိပါတယ်။

ဘုရားကျောင်းတည်ရှိ ရာ Mount Athos တောင် အနီးတစ်ဝိုက်မှာတော့ အခြားသော ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေလဲ တည်ရှိနေပါတယ်။

သမိုင်းမှတ်တမ်းတွေအရ မက်ထရိုရာ ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်ခဲ့တဲ့ ကာလကိုတော့ တိတိပပအထောက် အထားတွေနဲ့ ဖော်ပြထားတာမရှိပေမဲ့လဲ သုတေသီတွေရဲ့ ခန့်မှန်းချက်အရ အေဒီ ၁၄ ရာစုလောက်က တည်ဆောက်ခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

သက်တမ်းကာလအားဖြင့် နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် ပုံမှာမြင်တွေ့ရတဲ့အတိုင်း အဆောက်အအုံရဲ့ ဗိသုကာလက်ရာတွေက ရင်သပ်ရှုမောဖွယ် ဖြစ်နေပါတယ်။

ဒါ့ပြင် Mount Athos တောင်တစ်ဝိုက်မှာ ရှေးဟောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂၄ ကျောင်း တည်ဆောက်ခဲ့တဲ့ အထောက်အထားတွေလဲ တွေ့ရှိရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန် မှာတော့ မက်ထရိုရာ(Meteora)ခရစ်ယာန်ဘုရားရှိခိုးကျောင်းအပါအဝင် စုစုပေါင်း ဘုရားရှိခိုးကျောင်း ခြောက်ကျောင်းသာ ကျန်ရှိတော့တာကို တွေ့ရှိရပါတယ်။

အဲဒီ ဘုရားရှိခိုးကျောင်းတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၀၀ အမြင့်မှာ တည်ဆောက်ထားခဲ့တာလဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှု အဆောက်အအုံတစ်ခုအဖြစ် မှတ်တမ်းတင်ထားသလို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့လာနေကြတဲ့ နေရာတစ်ခု လဲဖြစ်ပါတယ်။

၂။ ဆာဂါနို ဝါးရုံတော

ဂျပန်နိုင်ငံ ကျိုတိုမြို့ရဲ့ အနောက်ပိုင်း အဆာရှိရာမ (Arashiyama)ဒေသ အတွင်းမှာ တည်ရှိတဲ့ ဆာဂါနို ဝါးရုံတော(Sagano Bamboo)ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လှပပြီး လည်ပတ်ချင်စရာကောင်းတဲ့ အဲဒီဝါးရုံတောဟာ ကမ္ဘာ့ အလှအပဆုံး သစ်တောများစာရင်းမှာ ပါဝင်ပါတယ်။

ဝါးရုံတောရဲ့ ဧရိယာ အကျယ်အဝန်းဟာ စုစုပေါင်း ၆ ဒသမ ၁၇ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ဂျပန်အစိုးရက အဲဒီဝါးရုံတောကို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့လာချိန်မှာ သက်သောင့် သက်သာ ဖြစ်စေဖို့အတွက် ဝါးရုံပင်တွေကြားထဲမှာ လျှောက်လမ်းတွေကိုလဲ ဖန်တီးပေးထားပါတယ်။

စိမ်းစိုမြင့်မားတဲ့ ဝါးရုံပင်တွေကြား လေတိုက်ချိန်မှာ ဝါးပင်အချင်းချင်း ပွတ်တိုက်သံတွေကလဲ သာယာနာပျော်ဖွယ် ဂီတသံတစ်ခုလိုဖြစ် နေပါတယ်။

ဒါကြောင့်မို့ ဆာဂါနိုဝါးရုံတောကို ကမ္ဘာလှည့်ခရီးသည်တွေက စိတ်ဝင်တစားနဲ့ လာရောက်လည်ပတ်ကြပါ တယ်။ ဒီဝါးရုံတောဟာ ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာ ၁၀၀ စာရင်းမှာ တစ်ခုအပါအဝင်လဲ ဖြစ်ပါတယ်။

၃။ IK Kil Cenote သဘာဝရေကန်

မက္ကဆီကိုနိုင်ငံ Yucantan ကျွန်းဆွယ်ဒေသမှာ တည်ရှိနေတဲ့ သဘာဝရေကန်ပဲဖြစ်ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း သဘာဝတရားအရ ဖြစ်ပေါ်လာတဲ့ ရေကန်ဟာ မြင်ရသူအပေါင်းကိုဆွဲဆောင်မှု ပေးစွမ်းနိုင်တဲ့ နေရာတစ်ခုလဲ ဖြစ်နေပါတယ်။

သမိုင်းမှတ်တမ်းတွေအရ မက္ကဆီကိုနိုင်ငံလို့ မပေါ်ထွန်းမီကတည်းက မာယာလူမျိုးစုတွေဟာ ဒီရေကန် အနီးတစ်ဝိုက်မှာ လာရောက်အနားယူလေ့ရှိတာကိုလဲ မှတ်တမ်းတွေအရ တွေ့ရှိရပါတယ်။

ရေပြင်ရဲ့ ဧရိယာအကျယ်အ၀န်းကတော့ အချင်း ပေ ၂၀၀ လောက်ရှိပြီး ရေရဲ့အနက်ကတော့ ပေ ၁၃ဝ လောက်ရှိပါတယ်။

သဘာဝတရားရဲ့ ဖန်တီးပေးမှုတွေကြောင့် သစ်နွယ်ပင်တွေနဲ့အတူ စိမ်းစိုလှပတဲ့ ဒီသဘာဝရေကန်ကို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။

၄။ Laguna Verde သဘာဝရေကန်

ဘိုလီးဗီးယားနိုင်ငံ Altiplino ဒေသရဲ့ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ သဘာဝရေကန် တစ်ခုဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သာယာရှုမောဖွယ်တွေနဲ့ တင့်တယ်လှပနေတဲ့ ရေကန်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၄၁ဝဝ မှာ တည်ရှိပါတယ်။

ဒီသဘာဝရေကန်ကို ဘိုလီးဗီးယာနိုင်ငံရဲ့ Licancabur မီးတောင်နဲ့ အခြားသောတောင်တန်းတွေက ဝိုင်းရံထားပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၁ဝဝဝဝ) ကျော်မှာ တည်ရှိတဲ့ သဘာဝရေကန်ကို သွားရာလမ်းခရီးကတော့ တောင်တက်ခရီးကြမ်းကို လျှောက်လှမ်းရမှာ နှစ်သက်သူတွေအတွက် စိတ်ဝင်စားဖွယ်နေရာတစ်ခုပဲဖြစ်ပါတယ်။ ထူးခြားချက်က ဒီသဘာဝရေကန်ရေတွေဟာ အမြဲတမ်းစိမ်းစိုနေတာကို တွေ့ရှိရပါတယ်။

၅။ Verdon Gorge တောင်ကြားဒေသ

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ တည်ရှိတဲ့ Verdon Gorge တောင်ကြား ဒေသတစ်ခု လဲ ဖြစ်ပါတယ်။ အဲ့ဒီတောင်ကြားဒေသနဲ့ အတူ Verdon မြစ်ကြီးဟာ ယှဉ်တွဲ လျက် ရှိနေတာကိုလဲ ပုံမှာမြင်တွေ့ရတဲ့ အတိုင်းပဲဖြစ်ပါတယ်။

Verdon Gorge တောင်ကြားဒေသဟာ ဥရောပဒေသရဲ့ အလှအပဆုံး တောင်ကြားဒေသအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုလဲဖြစ်ပါတယ်။

မှတ်တမ်းတွေအရတောင်ကြားရဲ့ အရှည်က ၂၅ ကီလိုမီတာရှည်လျားပြီး အနက်ကတော့ မီတာ ၇ဝဝ လောက် နှက်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေဟာ Verdon Gorge တောင်ကြားဒေသကို လာရောက်လေ့လာပြီး တောင်ကြားနဲ့အတူ ယှဉ်တွဲလျက်ရှိတဲ့ Verdon မြစ်မှာ ရေကူးတာ၊ ရေလွှာလျှောစီးတာနဲ့ လှေလှော်တာတို့နဲ့ အပန်းဖြေအနားယူလေ့ရှိပါတယ်။

၆။ Neelum တောင်ကြားဒေသ

ပါကစ္စတန်နိုင်ငံ Azad Kashmir ဒေသမှာ တည်ရှိတဲ့ Neelum တောင်ကြားဒေသတစ်ခုပဲဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂ဝဝဝ မှာ တည်ရှိနေတဲ့ ဒီတောင်ကြားဒေသဟာ အရှည် မိုင် ၁၅ဝ လောက်ရှိပါတယ်။

တောင်ကြားတစ်လျှောက်မှာNeelum မြစ် စီးဆင်းနေပြီး မြစ်ရဲ့ တစ်ဖက်တစ်ချက်မှာတော့ ရွာငယ်တွေ တည်ရှိနေကြပါတယ်။

တောင်ကြားဒေသတစ်ဝန်း စိမ်းစိုအုပ်ဆိုင်းနေတဲ့ သစ်ပင်ပန်းမန်တွေ၊ ရေတံခွန်တွေ၊ရေကန်ငယ်တွေနဲ့ စမ်းချောင်းတွေတည်ရှိနေတာကြောင့် ထူးခြားလှပတဲ့နေရာတစ်ခုအဖြစ် ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိ ကြပါတယ်။

Author : ရဲမာန်ခ
ကိုးကား: 100 Most Beautiful places to visit before you die by mysterious world

Leave a Reply

Your email address will not be published.