ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်လေယာဉ်
Rolls-Royce ရဲ့ လျှပ်စစ်လေယာဉ် ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်လေယာဉ်အဖြစ် စံချိန်တင်ထားပါတယ်။
Rolls-Royce ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ “Spirit of Innovation” လို့ အမည်ရတဲ့ လျှပ်စစ်လေယာဉ်ဟာ ကမ္ဘာ့အမြန်ဆုံးအဖြစ် ယခင်က မှတ်တမ်းတွေကို ချိုးဖျက်ပြီး စံချိန်တင် လိုက်ပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ပျံသန်းမှု မှတ်တမ်းတွေအရ အဲဒီလျှပ်စစ်လေယာဉ်ဟာ ၃ ကီလိုမီတာ အကွာအဝေးကို တစ်နာရီ ၅၅၅ ဒသမ ၉ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနှင်ခဲ့ပြီး လက်ရှိ မှတ်တမ်းဖြစ်တဲ့ တစ်နာရီကို ၂၁၃ ဒသမ ၀၄ ကီလိုမီတာ အမြန်နှုန်းကို ကျော်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး ပျံသန်းမှုမှာတော့ The Spirit of Innovation ဟာ တစ်နာရီကို ၆၂၃ ကီလိုမီတာနဲ့ ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်လေယာဉ် ဖြစ်လာပြီး လက်ရှိမှာတော့ World Air Sports Federation က တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
နောက်ထပ် စံချိန်တစ်ခုကတော့ အမြင့်ပျံတက်နိုင်ခြင်း ဖြစ်ပြီး ၂၀၂ စက္ကန့်အတွင်းမှာ မီတာ သုံးထောင်ကျော်ထိ ပျံတက်နိုင်ခဲ့ပါတယ်။ လက်ရှိစံချိန်ထက် ၆၀ စက္ကန့် ကွာဟခဲ့ပါတယ်။ စံချိန်တင် မှတ်တမ်းများအားလုံးကို တစ်ရက်အတွင်း အောင်မြင်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလျှပ်စစ်လေယာဉ်ဟာ ACCEL လို့ခေါ်တဲ့ လေယာဉ်များတွင် လျှပ်စစ်စွမ်းအား ကို ပြောင်းလဲအသုံးပြုဖို့ အရှိန်မြှင့်တင်ခြင်း စီမံကိန်း၏ ရလဒ်တခုဖြစ်ပါတယ်။စီမံကိန်း ကုန်ကျစရိတ်၏ တဝက်ကို ဗြိတိန် အစိုးရမှ ထောက်ပံ့ပေးထားပါတယ်။
၎င်း လေယာဉ်တွင် ၄၀၀ ကီလိုဝပ် (မြင်းကောင်ရေ ၅၀၀) ထုတ်ပေးနိုင်တဲ့ ဘက်ထရီများကို တပ်ဆင်ထားပါတယ်။ ယင်း ဘက်ထရီများဟာ တပ်ဖူးသမျှ လေယာဉ်သုံး ဘက်ထရီများတွင် စွမ်းအားသိပ်သည်းမှု အများဆုံး ဘက်ထရီဖြစ်ပါတယ်။
ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်လေယာဉ်အဖြစ် စံချိန်တင်နိုင်ခဲ့တာဟာ အံ့အားသင့်ဖွယ်အောင်မြင်မှု ဖြစ်တယ်လို့ Rolls-Royce ရဲ့ စီအီးအိုဖြစ်သူ ဝါရန်အိစ်က ဆိုပါတယ်။
ဒါဟာ ကာဗွန်ကင်းစင်ရေး လက်တွေ့ဖြစ်လာအောင် ကူညီပေးမယ့် မှတ်တိုင်တစ်ခုဖြစ်ပြီး ဝေဟင်၊ ရေပြင်နဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ ကာဗွန် မထွက်ရှိစေရေးအတွက် လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ နည်းပညာဆိုင်ရာ အောင်မြင်မှုတစ်ရပ် ဖြစ်တယ်လို့ သူကပြောပါတယ်။
Source – Standard Time Daily