ကမ္ဘာ့အကျော်ကြားဆုံး နာရီစင်ကြီးများ
နိုင်ငံတိုင်းတွင် အထိမ်းအမှတ်သဘောအဖြစ် ထားကြသော နာရီစင်ကြီးများ ရှိကြသည်။ ထိုနာရီစင်ကြီးများသည် တစ်ချိန်က အချိန်ကြည့်ရန် တည်ဆောက် ထားကြသော်လည်း ယခုခေတ်တွင်မူ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ယူစရာအထိမ်းအမှတ်တစ်ခုအဖြစ် ဆက်လက်တည်ရှိ ထိန်းသိမ်းထားကြသည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်းမှ အကျော်ကြားဆုံးနှင့်လူသိအများဆုံး နာရီစင်ကြီးများအကြောင်းကို စုစည်းဖော်ပြ ပေးလိုက်ပါသည်။
၁။ ဘစ်ဘင် နာရီစင် – Big Ben (Elizabeth Tower), London, England
နာရီစင်ဆိုသည်နှင့် အင်္ဂလန်၊ လန်ဒန်မြို့တော်မှ Big Ben နာရီစင်ကြီးကို ပြေးမြင်မိကြသည်။ ထိုနာရီစင်ကြီးသည် ကြီးမားခြင်း၊ လှပခံ့ညားခြင်း၊ ရှေးကျခြင်း၊ နိုင်ငံ၏ အထိမ်းအမှတ် နေရာတစ်ခုအဖြစ် တည်ရှိနေခြင်းစသည့် ဂုဏ်ပုဒ်များဖြင့် ပြည့်စုံနေသည်။
၁၈၅၈ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့သည့် ရှေးဟောင်း နာရီစင်ကြီးဖြစ်သည်။ Big Ben နာရီစင်ကြီးသည် ကမ္ဘာပေါ်ရှိ သီးခြားတည်ဆောက် ထားသည့် နာရီစင်များတွင် တတိယအမြင့် ဆုံးနာရီစင်ကြီးဖြစ်သည်။
ထို့ပြင် အင်္ဂလန်နှင့်လန်ဒန်မြို့၏ အထိမ်းအမှတ်တစ်ခုအဖြစ် တည်ရှိနေရုံသာမက ဥရောပ၏ အကျော်ကြားဆုံး နေရာတစ်နေရာအဖြစ်လည်း သတ်မှတ်ထားကြသည်။
ယခုအခါ Big Ben နာရီစင်ကြီးကို Elizabeth ဘုရင်မကြီးအား ဂုဏ်ပြုသောအားဖြင့် Elizabeth Tower ဟု တရားဝင်အမည် ပေးထားသည်။ နာရီစင်ကြီးသည် နှစ်ကာလ ကြာမြင့်လာပြီဖြစ်သဖြင့် အနည်းငယ် တိမ်းစောင်းလာနေကြောင်း သိရသည်။
၂။ Philadelphia City Hall, Philadelphia, United States
အမေရိကန်နိုင်ငံ ဖိလာဒဲဗီးယား မြို့တော်ခန်းမ၏ နာရီစင်ကြီးသည်လည်း ခမ်းနားမှုနှင့် လှပသောအပြင်အဆင်ကြောင့် ကမ္ဘာကျော် နာရီစင်တစ်ခုအဖြစ် သတ်မှတ်ကြသည်။
၁၉၀၁ ခုနှစ်မှ ၁၉၀၈ ခုနှစ်ထိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဟု သတ်မှတ်ခံခဲ့ရသည်။ အဆောက် အအုံ၏ အမြင့်မှာ ၅၄၈ ပေ (၁၆၇ မီတာ) ရှိသည်။ ထိုနာရီစင်မှ နာရီကြီးများသည် အချင်း ၂၆ ပေ (၈ မီတာ) ရှိသည်။
၃။ Makkah Royal Clock Tower Hotel, Mecca, Saudi Arabia
ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ Makkah Royal Clock Tower Hotel ၏ နာရီစင်ကြီးဖြစ်သည်။ အဆောက်အအုံ၏ အမြင့်မှာ ၁၉၇၂ ပေ (၆၀၁ မီတာ) ရှိသည်။
ထိုအဆောက်အအုံသည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံး နာရီစင်ကြီးအဖြစ်လည်း မှတ်တမ်းဝင်သည်။ ထို့ပြင် ကမ္ဘာ့အကြီးဆုံး နာရီမျက်နှာပြင်ကြီးများအဖြစ် မှတ်တမ်းတင်ခံရသည်။
နာရီမျက်နှာပြင်တစ်ခုစီသည် (၄၃×၄၃)မီတာ၊ (၁၄၁×၁၄၁)ပေ အကျယ်ရှိသည်။
၄။ The Prague astronomical clock, Prague, Czech Republic
ချက်နိုင်ငံ၏ Prague ရှေးခေတ်နာရီကြီးသည် အဓိကထူးခြားထင်ရှားသည့် အရာတစ်ခုအဖြစ် ကျော်ကြားသူသိများလှသည်။ အဆိုပါ ရှေးဟောင်းနာရီကြီးကို ၁၄၁ဝ ပြည့်နှစ်တွင် စတင်တပ်ဆင်ခဲ့ပြီး ယနေ့တိုင် အသုံးပြုနေဆဲ နာရီကြီးဖြစ် သည်။
ကမ္ဘာ့သက်တမ်းအရင့်ဆုံး နက္ခတ်ဆိုင်ရာ ရှေးဟောင်းနာရီကြီးကို ကြည့်ရှု့နိုင်ရန် ကမ္ဘာလှည့်ခရီးသည်များ နှစ်စဉ်မြောက်မြားစွာ လာရောက်တတ်ကြသည်။
၅။ Rathaus-Glockenspiel, Munich,Germany
ဂျာမနီနိုင်ငံ ၊ မြူးနစ်မြို့မှ ရှေးခေတ်နာရီစင်ကြီးကို ၁၉၀၈ ခုနှစ်တွင် မြို့တော်ခန်းမသစ်ကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ဆောက်ခဲ့သည်။ ထိုနာရီစင်ကြီးသည် အချိန်ပြရုံတင်မဟုတ်ဘဲ အချိန်ကိုက်ပြသလေ့ရှိသည့် ရုပ်စုံပြကွက်ပျားကိုလည်း ပြသလေ့ရှိသည်။
ပြသရန်အချိန်ကျသည်နှင့် တန်ဆာဆင်ထားသော ခေါင်းလောင်း ပေါင်း ၄၃ လုံးနှင့် အရုပ်ပေါင်း ၃၂ ရုပ် တို့သည် ၁၂ မိနစ်မှ ၁၅ မိနစ်ကြာ ထွက်ပေါ်ပြသလေ့ရှိသည်။
၆။ The Saviour Tower (Spasskaya Tower), Moscow, Russia
ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ကျော်ကြားလှသည့် Red Square ရင်ပြင်ကြီးတွင်တည်ရှိနေသော ရှေးဟောင်းနာရီစင်ကြီးဖြစ်သည်။ ၁၄၉၁ ခုနှစ်တွင် စတင် ဒီဇိုင်းထုတ်ခဲ့သော်လည်း ၁၆၂၅ ခုနှစ် တွင် ပထမဆုံးတပ်ဆင်နိုင်ခဲ့သည့် နာရီစင် ကြီးဖြစ်သည်။
ရုရှားနိုင်ငံ၏ ရင်ပြင်နီ၊ ကျော်ကြားလှသည့် ဘုရားရှိခိုးကျောင်း တို့နှင့်အတူ နာမည်ကျော်လူသိများလှသည့်နာရီစင်ကြီးတစ်ခုဖြစ်သည်။
၇။ The Zytglogge Tower, Switzerland
ဆွစ်ဇာလန်နိုင်ငံ Bern မြို့မှ အလယ် ခေတ်လက်ရာ ရှေးဟောင်းနာရီစင်ကြီးဖြစ် သည်။ ၁၃ ရာစုတွင် စတင်တည်ဆောက်ခဲ့သည့် အဆိုပါနာရီစင် အဆောက်အအုံသည် ယခင်က အကျဉ်းထောင်၊ စောင့်ကြည့် ထိန်းသိမ်းသည့်မျှော်စင် စသည်ဖြင့် ခေတ် အဆက်ဆက် သမိုင်းအမှတ်အသားတစ်ခု အဖြစ်တည်ရှိနေခဲ့သည်။
ထိုနာရီစင်ကြီး၏ အောက်ဘက်ရှိ နက္ခတ်ဆိုင်ရာပြနာရီကို ၁၅ ရာစုက စတင်တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက် ထားသည်။
၈။ The Peace Tower, Ottawa, Canada
ကနေဒါနိုင်ငံ Ottawa မြို့ရှိ ထိုနာရီစင်တည်ရှိရာ အဆောက်အအုံကို အောင်မြင်ခြင်းနှင့် ငြိမ်းချမ်းရေးတာဝါကြီးဟု လည်းခေါ်တွင်ကြသည်။ အဆောက်အအုံ ၏ အမြင့်မှာ ၃၀၂ ပေ (၉၂ ဒသမ ၂မီတာ) ရှိသည်။
ထိုသက်တမ်းရင့် နာရီစင်ကြီးသည် Ottawa မြို့လယ်တွင် ခံ့ခံ့ညားညားတည်ရှိနေခြင်းက မြို့သူ၊ မြို့သားများအတွက် ဂုဏ်ကျက်သရေ ဖြစ်စေရသည်။
၉။ Old Joe, University of Birmingham, United Kingdom
ဗြိတိန်နိုင်ငံတွင် Big Ben နာရီစင် ကြီးပြီးနောက် အကျော်ကြားဆုံး နာရီစင်ကြီး ဖြစ်သည်။ ဘာမင်ဟမ်တက္ကသိုလ်တွင် တည်ရှိနေသည့် ထိုနာရီစင်ကြီးသည် သီးခြားတည်ဆောက်ထားသော နာရီစင်များတွင် ကမ္ဘာ့အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။
အခြားအမြင့်ဆုံးနာရီစင်များသည် ဟိုတယ်များ သို့မဟုတ် အဆောက်အအုံများနှင့် တွဲဖက်တည်ရှိနေခြင်းဖြစ်သည်။ အဆောက်အအုံ၏ အမြင့်မှာ ၃၂၈ ပေ (မီတာ ၁၀၀) ရှိသည်။ ထိုနာရီစင်ကြီးကို ပထမဆုံး တက္ကသိုလ်အကြီးအကဲဖြစ်သူ Joseph Chumberlain အား ဂုဏ်ပြုကာ အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉ဝ၈ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည်။
၁၀။ Rajabai Clock Tower, Mumbai,India
အိန္ဒိယနိုင်ငံ မွန်ဘိုင်းတက္ကသိုလ်ကြီးရှိ နာရီစင်ကြီးဖြစ်သည်။ အဆောက်အအုံ အမြင့်မှာ ပေ ၂၈၀ (၈၅ မီတာ)ရှိသည်။ အဆိုပါအဆောက်အအုံကို ၁၈၇၈ ခုနှစ် တွင် အင်္ဂလိပ်ဗိသုကာပညာရှင် Sir George Gilbert Scott ၏ ဒီဇိုင်းဖြင့် တည်ဆောက်ခဲ့သည့် သက်တမ်းရင့် နာရီစင်ကြီးဖြစ်သည်။
Credit – Author : ရဲမာန်ခ