လူသေရင် ၃ ရက်ထားရတယ်ဆိုတဲ့ဓလေ့ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း

လူသေလျှင် ဘာကြောင့် သုံးရက်ထားကြတာလဲ။

လူသေလျှင် သုံးရက်ထားတယ်ဆိုတဲ့ ဒီဓလေ့ဟာ သီရိမာဆိုတဲ့အမျိုးသမီးကစတင်တာပါ။ဘုရားရှင်လက်ထက်က ရာဇဂြိုလ်ပြည်မှာ သီရိမာဆိုတဲ့ ပြည့်တန်ဆာတစ်ဦး ရှိခဲ့ဖူးပါတယ်။

ပြည့်တန်ဆာဆိုပေမဲ့ လှလွန်းလို့တဲ့၊ ပျော်ပါးချင်တဲ့ ရာဇဂြိုလ်သားတွေ တန်းစီပြီး စောင့်နေရတယ်ဆိုပဲ။ သီရိမာနဲ့မှ မပျော်ပါးဖူးရင် အဲဒီရာဇဂြိုလ်ပြည်သားတွေဟာ ခေတ်မမီတော့ဘူး လို့ဆိုကြပါတယ်။အပုပ်ကောင်အရုပ်ဆောင်ထားတာလို့ပြောလဲ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။

ဒါတောင် သူမနဲ့ ပျော်ပါးချင်ရင် အဿပြာ ၁၀၀၀ ပေးရပါတယ်။သူ့ကို သဘောကျ နှစ်သက်ကြတဲ့အထဲမှာ လူတင်မက သံဃာတော်တွေပါ ပါဝင်ခဲ့တယ်။ ဥတ္တရာရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူ ဖြစ်ခဲ့ပြီး သံဃာ ၈ ပါးကို နေ့စဉ်ဆွမ်းလှူခဲ့တယ်။

သီရိမာရဲ့ အာရုံငါးပါး ပဉ္စလှည့်ကြားမှာ ဖိုသတ္တဝါတို့ မိန်းမောလို့ ကောင်းတုန်းမှာပဲ
သီရိမာတစ်ယောက် သေရှာပါ‌လေ‌‌ရော။ သူမသေဆုံးသွားတဲ့အခါ သူမကို ချက်ချင်းမြေမမြှပ်စေပဲ လင့်စင်ထိုးပြီး သုဿန်မှာ ၃ ရက်ထားစေဖို့ မြတ်စွာဘုရားရှင်က ဗိဗ္ဗိသာရမင်းကြီးကို မှာကြားခဲ့တယ်။

၃ ရက်မြောက်တဲ့နေ့မှာ နာမကျန်းတဲ့သူနဲ့ ကလေးငယ်မှလွဲ၍ အားလုံး သီရိမာရဲ့မြေမြုပ်ပွဲကို လာရောက်ကြည့်ရှု့ရမည်။ ပျက်ကွက်ပါကဒဏ်ငွေ ပေးဆောင်ရမည်ဆိုပြီး မောင်းလှည့်ခတ်စေခဲ့တယ်။

ဘုရားကလည်း သံဃာအားလုံး လာရောက်၍ ကြည့်ရှု့ရမည်ဟု အမိန့်ထုတ်တယ်။ ၃ ရက် မြောက်တဲ့နေ့မှာ သီရိမာရဲ့ ရုပ်ကတော်တော်လေးပျက်စီးနေပြီ၊ ဒွာရပေါက် အပေါင်းမှ စီးထွက်လာတဲ့ အရည်နံ့ကလဲ ထောင်းထောင်း ထနေခဲ့ပြီ။

အဲ့ဒီအခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး လေလံပွဲကို စတင်ပါတယ်။သီရိမာကို လိုချင်တဲ့သူရှိရင် အဿပြာ တစ်ထောင်နဲ့ အပိုင်ယူနိုင်ပါတယ်တဲ့။တစ်ယောက်မှ မလှုပ်ကြပါ။ ဒါနဲ့ ၅၀၀ ၊ ၂၅၀ ၊ အလကားပေးမယ် ဆိုတာတောင် မယူကြတော့ဘူး။

ဒီတော့နောက်တစ်မျိုးပြောင်းပြီ သီရိမာကို ကြင်ကြင်နာနာနဲ့ခေါ်ထားမယ်ဆိုရင် အသပြာ ၁၀၀၀ ပေးမယ် ဆိုတာတောင် ဘယ်သူမှ ယူမယ့်သူမရှိဘူး။ဘအဲဒီတော့မှ ဘုရားက မရဏသဘောကိုတရားဟောတယ်။ အားလုံးကိုလဲ သရဏံဂုံတင်ပေးတယ်။လူအများ ကျွတ်တန်းဝင်ကြတယ်ပေါ့ဗျာ။

အဲဒီကစလို့ ၃ ရက်ထားတဲ့ ဓလေ့၊ အသုဘရှုတဲ့ဓလေ့၊ သရဏံဂုံတင်တဲ့ဓလေ့တွေ စတင်ဖြစ်လာခဲ့တယ်လို့ဆိုတယ်။

မှတ်ချက်။ ။သရဏံဂုံတင်ခြင်းသည် သေသူကိုတင်ခြင်းမဟုတ်ပါ။ ယခုအခါမှားယွင်းစွာ သေသူကိုတင်သည်ဟု ထင်နေကြသည်။

နောက်တစ်ခုက

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတာကို မသာတစ်ခေါက်ပို့ခြင်းဟာ ကျောင်းဆယ်ခေါက် သွားခြင်းနဲ့ ကုသိုလ်တူတယ်လို့ထင်နေကြတယ်။ တကယ်က မသာတစ်ခေါက်ပို့တဲ့အတွက် သံဝေဂရပြီး ကျောင်းကို ဆယ်ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *