ပန်ထွာဧကရီ (ခေါ်) ယောင်္ကျားမုန်းဝါဒီဘုရင်မ နှင့် ဒွတ္တပေါင်မင်းကြီးရဲ့ မှတ်တမ်း

ပန်ထွာဧကရီ (ခေါ်) ယောင်္ကျားမုန်းဝါဒီဘုရင်မ နှင့် ဒွတ္တပေါင်မင်းကြီးရဲ့မှတ်တမ်း

တကယ်တော့ မြန်မာ့ရာဇဝင်ထဲမှာ အမျိုးသားတွေပဲ ရာနှုန်းပြည့် နေရာယူထားခဲ့တာ မဟုတ်ပါဘူး။ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

သူတို့ထဲကမှ မြန်မာ့သမိုင်းရဲ့ အစောပိုင်းကာလဖြစ်တဲ့ ပျုခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဗိဿနိုးဘုရင်မ ပန်ထွာဧကရီဆိုတဲ့ အမျိုးသမီး ပဒေသရာဇ် ခေါင်းဆောင် အကြောင်းကို ကျနော်သိသလောက် ပြောပြချင်ပါတယ်။

သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ် ကာလအတွင်း ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက အုပ်ချုပ်နေခဲ့သည်။ ရာဇဝင်ကျမ်းများအရ “ပြည်”ဟု သုံးနှုန်းရသော်လည်း အမှန်မှာ မြို့ပြနိုင်ငံ( city-state) အဆင့်မျှသာဖြစ်ပါသည်။

ပန်ထွာဘုရင်မသည် လူသာမန် မဟုတ်ချေ။ ခမည်းတော်မှာ တကောင်းမင်းကြီး၏ သားတော်အရင်း မဟာသမ္ဘ၀ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ ဖြစ်သည်။

တကောင်းမင်းကြီးက မျက်မမြင်သမ္ဘဝညီနောင်ကို ဧရာဝတီမြစ်အတိုင်းမျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက ထမင်းခိုးစားသည့်အခါ သမ္ဘဝညီနောင်က ရိပ်မိပြီး သဝာ်မည်ဟု ဘီလူးမလက်ကို ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘဝကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေခသည်ဟုဆို၏။ အံ့ဖွယ်ပင်။

စန္ဒမုခိဘီလူးမသည် သမီးလေးကို မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။ မိပန်ထွာလေး၏ ထက်မြက်မှုကို အနီးအပါးရှိ ရွာများကပါ သိရှိလာပြီးနောက် အရွယ်ရောက်သည့်အခါ သူမကိုသာ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း တင်မြောက်ခဲ့ကြသည်။

ပန်ထွာသည် ထိုရွာအပေါင်းတို့ကို စုစည်းကာ ဗိဿနိုးမြို့ပြနိုင်ငံအဖြစ် ကျုံး၊မြို့ရိုးတို့ဖြင့် အကွက်ချကာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ပန်ထွာဘုရင်မမှာ အတိတ်ဘဝက ဗိဿနိုးနတ်မင်း၏နှမ တော်စပ်ခဲ့သဖြင့် ဗိဿနိုးနတ်မင်း၏ ချီးမြှောက်မှုဖြင့် မြို့တည်ခဲ့ရာမှ ဗိဿနိုးမြို့ဟု ခေါ်တွင်ခဲ့သည်။

မြို့အတွင်းတွင် ဗိဿနိုးနတ်မင်းကို နတ်နန်းဖြင့် အကြီးအကျယ် ပူဇော်ကြသည်။ နတ်နန်း အနီးရှိ အင်ကြင်းပင်တို့မှာ ယနေ့အချိန်ထိ ဆယ့်နှစ်ရာသီမရွေး ဖူးပွင့်ကြသည် ဟုဆိုသည်။

ဘုရင်မသည် မြို့အနီးရှိ ရန်ပယ်ချောင်းရေကို စနစ်တကျ အသုံးချကာ နိုင်ငံတော်ကာကွယ်ရေးအတွက် စီမံခဲ့သည်။စီမံပုံမှာ ရန်ပယ်ချောင်း အထက်တွင် ရေတားတံခါး အဆင့်ဆင့်တည်ဆောက်စေပြီး ဗိဿနိုးမှ စည်တီးကာ အချက်ပြသည်နှင့် ရေတံခါးများကို ဖွင့်ချစေကာ မြို့ပတ်လည်ကို ရေလွှမ်းမိုးစေခြင်း ဖြစ်သည်။

တံခါးများကို တစ်ဆက်တည်း ဖွင့်ချခြင်းမဟုတ်ဘဲ တစ်ချပ်ပြီးမှတစ်ချပ် အချိန်ယူကာ ဖွင့်စေခြင်းဖြစ်သဖြင့် ကြောက်မက်ဖွယ် ရေစီးအားကို ဖြစ်ပေါ်စေသည်။

ထိုသို့ ဗိဿနိုးတွင် ဧကရီအဖြစ် တစ်ထီးတစ်နန်းရပ်တည်နေစဉ် သရေခေတ္တရာပြည်မှ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဘုရင်မနှင့်တကွ မြို့ကိုပါ သိမ်းပိုက်လိုသဖြင့် အင်အားအလုံးအရင်းဖြင့် ချီတက် တိုက်ခိုက်လာခဲ့သည်။

သို့ရာတွင် မြို့တံခါးကို အလုံပိတ်ထားသော ဗိဿနိုးမှ စည်တီးသံကျယ်ကျယ် တစ်ချက်သာ ကြားလိုက်ရပြီး ခဏအကြာတွင် နတ်ဆိုးအော်သံကဲ့သို့ အသံပေးကာ တစ်ဟုန်ထိုးဝင်လာသည့် ရေလုံးကြီးအောက်တွင် သရေခေတ္တရာစစ်သည်တို့ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။

ရေမျောသူမျော ကမ်းတင်သူတင် ဖြစ်နေစဉ် ဗိဿနိုးဘက်မှ လေးသည်တော်များက ပေါ်လာသမျှသော မည်းမည်းမြင်ရာတို့ကို မြားဖြင့် ပစ်သဖြင့် သရေခေတ္တရာရဲမက်များ အထိအရှများခဲ့ရသည်။ ဒွတ္တပေါင်မင်းကြီးလည်း အံကိုကြိတ်ကာ နောက်ပြန်ဆုတ်ရတော့သည်။

သို့သော် ဒွတ္တပေါင်မင်းကြီးသည် ရန်ပယ်ချောင်း ရေတံခါးများသည် စည်သံအပေါ်ရပ်တည်နေကြောင်း သိသည့်အခါ ထိုစည်ကို ဖျက်ဆီးရန် သူလျှိုတစ်ဦးကို စေလွှတ်ခဲ့သည်။ထိုသူလျှိုသည် ရသေ့အဖြစ် ဗိဿနိုးပြည်သို့ ဝင်ရောက်ပြီး ပန်ထွာဧကရီ၏ ဆရာရသေ့ထံ ဆည်းကပ်ကာ ယုံကြည်မှု ရယူရန် ကြိုးစားခဲ့သည်။

သုံးလေးလခန့် ကြာသည့်အခါ သူလျှိုရသေ့က သူ့တပည့်များကို ဗိဿနိုးမြို့တွင်းမှ ရွှေ၊ ငွေ၊ ကျွဲ၊ နွားများကို ခိုးယူစေပြီး သင့်ရာနေရာတွင် ဝှက်ထားစေသည်။ ပစ္စည်းပျောက်သူက သူလျှိုရသေ့ကို မေးသည့်အခါမှ ရှိရာနေရာကို အတပ်ဟောပြီး ပစ္စည်းပြန်ရစေသည်။ ထိုအခါ သူလျှိုရသေ့ကို ယုံကြည် ဆည်းကပ်သူများ တိုးပွားလာခဲ့သည်။

ဆရာရသေ့ရော ပန်ထွာဘုရင်မပါ ထိုသူလျှိုကို ယုံကြည်လာပြီးသည့်အခါ ၎င်းက ဗိဿနိုးကာကွယ်ရေးအတွက်ထားသော စည်တော်ကြီးကို ယခုထက်ပိုမိုအကျိုးထူးအောင် လောကီအစီအရင်များဖြင့် သိဒ္ဓိတင်ပေးလိုကြောင်း တောင်းဆိုလာခဲ့သည်။ပန်ထွာဧကရီလည်း ယုံကြည်ကာ စည်တော်ကြီးကို သူလျှိုရသေ့ထံ စိတ်ချလက်ချ အပ်နှင်းလိုက်သည်။

နောက်နေ့မနက်တွင်မူ နန်းတော်ဦးရှိ စည်တော်ကြီးကို အပေါက်ကြီးနှစ်ပေါက်ဖြင့် တုန်လှုပ်ဖွယ် တွေ့ကြရပြီး သူလျှိုရသေ့မှာလည်း ခြေရာပျောက် ထွက်ပြေးသွားခဲ့သည်။

ထို့ကြောင့် ပန်ထွာဘုရင်မမှာ ရသေ့ရဟန်း အတုအယောင်များကို မုန်းတီးပြီး သူမပိုင်နက် မဟာမြိုင်တောအတွင်း၌ ရောက်လာသမျှ ရသေ့ရဟန်းဟူသမျှ၏ သီလသမာဓိကို အစမ်းအသပ်ကြမ်းသည်ဟု နာမည်ကြီးလေသည်။

ပန်ထွာဧကရီ အသည်းဆတ်ဆတ်တုန် ဒေါသထွက်နေစဉ်မှာပင် မြို့ရိုးတံခါးများပိတ်သံကို ကြားရကာ မြို့ရိုးပြင်ဘက်မှ ဆင်သံ မြင်းသံများကိုပါ ကြားလိုက်ရသည်။ ဒွတ္တပေါင်မင်းကြီး လာရောက်တိုက်ခိုက်ပေပြီ။

စည်တီး၍ အသံမထွက်။ အသံမထွက်သည့်အခါ ရေမကျ။ ရေမကျသည့်အခါ အင်အားကြီးမားသော ရန်သူ၏ပြင်းထန်သော တိုက်စစ်ကို ဗိဿနိုးသားတို့ အလူးအလဲ ခံကြရသည်။

မခံနိုင်သည့်အဆုံးတွင် ဗိဿနိုးနန်းဦးသို့ ဒွတ္တပေါင်မင်းကြီး၏ ဆင်တော်ရောက်ရှိလာခဲ့သည်။ ဗိဿနိုးသားတို့၏သွေးစက်များ အလောင်းများ ပြန့်ကျဲနေသည်ကို ကြည့်ကာ ပန်ထွာဧကရီ အံကြိတ်ထားမိသည်။

” သရေခေတ္တရာပြည်ဟာ ကြီးကျယ်ခမ်းနားလှပါတယ် အစ်မတော်။ ကျွန်ုပ်နှင့်အတူ စံမြန်းစေလိုတဲ့ စေတနာ၊ ကျွန်ုပ်ရဲ့ မေတ္တာ တွေကြောင့် ပင်ပန်းကြီးစွာ စစ်ချီခဲ့ရပါတယ်။”

ဒွတ္တပေါင်မင်းကြီး၏စကားတို့ကို ပန်ထွာဧကရီ မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မိမိက စစ်ရှုံးသူမဟုတ်လား။ စစ်ရှုံးသူပီပီ သူပြုသမျှ နုရပေတော့မည်လေ။ဤသို့ဖြင့် သရေခေတ္တရာပြည်သို့ ဒွတ္တပေါင်မင်းကြီး၏ မိဖုရားအဖြစ် ပန်ထွာရောက်ရှိခဲ့သည်။

ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီကို လွန်စွာမြတ်နိုးတော်မူသည် ဆို၏။ သို့သော် သားတော်တစ်ပါးရသည့်တိုင် ပန်ထွာဘုရင်မ၏ အမုန်းက မပြေနိုင်ခဲ့ပေ။ ထို့ကြောင့် ဒွတ္တပေါင်မင်းကြီးကို လုပ်ကြံရန် အတွင်းလူများဖြင့် တိတ်တဆိတ် စီစဉ်ခဲ့သည်။

သို့ရာတွင် အတွင်းလူများက မင်းကြီးသည် ဘုန်းကြီးလွန်းသဖြင့် တိုက်ရိုက်လုပ်ကြံရန် မလွယ်ကြောင်း၊ ဘုန်းနိမ့်စေရန် စီစဉ်ပြီးမှ လုပ်ကြံစေလိုကြောင်း လျှောက်ကြသည်။

ထိုအခါ ပန်ထွာဧကရီက မိမိ၏ ထဘီအောက်နားစ (အချို့က သုဿန်မှအဝတ်ဟု ဆိုကြသည်။) ကို ဖြတ်ကာ မျက်နှာသုတ်ပုဝါအဖြစ် ဆက်သပြီး ထို့နောက်မှ အဆိပ်ခပ်ထားသော ဖျော်ရည်ကို ဆက်ကပ်ရန် စီမံခဲ့သည်။

ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီဆက်သသော မျက်နှာသုတ်ပဝါကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် နဖူးမှ မှဲ့ရှင်တော် ကွယ်ပျောက်ခြင်း၊ လှံများ၊ ဓါးများ အရောင်မထွက်တော့ခြင်း တို့ ကြုံတွေ့ခဲ့ရသည်။

မင်းကြီး ဘုန်းနိမ့်သွားချေပြီ။တုန်လှုပ်သွားသော မင်းကြီးသည် ပန်ထွာဧကရီကို နားမလည်ဟန်ဖြင့် ကြည့်နေစဉ်မှာပင် ပန်ထွာဧကရီက မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်သည်။ မင်းကြီးသည် သူမ၏လက်ချက်မှန်း သိသည်နှင့် သူမဆက်သည့် ဖျော်ရည်ကိုလည်း မသောက်တော့ဘဲ အရင် မြည်းစမ်းပြရန် တောင်းဆိုခဲ့သည်။ ပန်ထွာဧကရီသည် လက်ထဲမှ ဖျော်ရည်ခွက်ကို မြှောက်ကာ အောက်ပါကျိန်စာကို ရွတ်ဆိုခဲ့သည်

“ကျွန်ုပ်သည် မိမိ၏ ဗိဿနိုးပြည်ကို တရားသဖြင့် စီမံအုပ်ချုပ်နေသူဖြစ်ပါသည်။ ဤသရေခေတ္တရာ ဒွတ္တပေါင်မင်းက နိုင့်ထက်စီးနင်း ကျူးကျော်သိမ်းပိုက်ခဲ့ပါသည်။ ယခုဘဝတွင် သူ့အား သတ်ရန် ကြိုးပမ်းမှု မအောင်မြင်တော့ပါ။

ထို့ကြောင့် နောက်ဘဝများတွင်သာ လက်စားချေရန် ကြိုးပမ်းပါတော့မည်။ ဒွတ္တပေါင်မင်းကို ကျွန်ုပ်လက်ဖြင့် လက်စားမချေရသေးမခြင်း သရေခေတ္တရာပြည်အနီးရှိ ပေပင်ငယ်တို့သည် ယခုအရွယ်မှ ဆက်လက်ကြီးထွားခြင်း မရှိဘဲ ရပ်တန့်နေပါစေ”ထို့နောက်တွင်မူ လက်ထဲမှ ဖျော်ရည်ခွက်ကို မော့ကာ ကံတော်ကုန်လေသည်။

(မူကွဲတွင် ဒွတ္တပေါင်မင်းကြီးသည် ဘုန်းကံနိမ့်ပါးသွားသော်လဲ ပန်ထွာမိဖုရားအား ချစ်မြတ်နိုးလှသဖြင့် အပြစ်မယူသည်ကို မင်းကြီး၏ မောင်းမမိဖုရားများက မကျေမနပ်ဖြစ်ကာ အဆိပ်ခတ်ထားသော ဝက်မြေစာဥကို ပန်ထွာမိဖုရားအား ဆက်သကြရာမှ မိဖုရား အဆိပ်မိကာ နတ်ရွာစံသည်။ သေအံ့ဆဲ အချိန်တွင်မှ ကျိန်စာစကားဆိုခဲ့သည်ဟု ဆိုကြသည်။)

ဒွတ္တပေါင်မင်းကြီးလည်း ဘုန်းကံနိမ့်ပါးရသည့်အပြင် ချစ်စွာသော မိဖုရား၏ အမုန်းကျိန်စာကိုပါ ကြားရသည်တွင် များစွာ ကြေကွဲတော်မူသည်။ပန်ထွာဧကရီသည် ဒွတ္တပေါင်မင်းကြီးကို လက်စားချေရန် အခွင့်ရသေးဟန်မတူချေ။

အဘယ့်ကြောင့်ဆိုသော် သရေခေတ္တရာမြို့အနီးမှ ပေပင်ငယ်တို့သည် ယနေ့ထက်တိုင် အပင်ငယ်များ အဖြစ်မှ ဆက်လက်ကြီးထွားခြင်းမရှိဘဲ ရပ်တည်လျက်ရှိသေးသည်ဆို၏။ အမုန်းကျိန်စာကား အံ့ဖွယ်ပင်။

ရာဇဝင်ထဲက ပန်ထွာဘုရင်မကို သတိရမိလို့ ဒီပို့စ်ကို ရေးခြင်းဖြစ်ပါတယ်။ သိပြီးသား အကြောင်းအရာဆိုရင်လည်း အခုလို အချိန်ပေးဖတ်ရှုတာ ကျေးဇူးတင်ပါတယ်။

Crd-နီဇူလိုင်
မှီငြမ်း-ဒေါက်တာနိုင်ပန်းလှ ရာဇဓိရာဇ် အရေးတော်ပုံကျမ်း

Leave a Reply

Your email address will not be published.