လဟာပြင်ထဲမှ အခေါင်းများ

လဟာပြင်ထဲမှ အခေါင်းများ

လဟာပြင်အခေါင်းများသည် ကျောက်ကမ်းပါးများပေါ်တွင် ထားရှိသည့် အ‌ခေါင်းများ ဖြစ်ကြကာ တရုတ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် အစရှိသည့် နိုင်ငံများတွင်တွေ့ရှိနိုင်သည်။

တရုတ်နိုင်ငံတွင် တွေ့ရှိရသည့် ယင်းအခေါင်းများကို လေတွင် တွဲလဲဆွဲထားသည့်ခေါင်းများဟု သိကြသည်။ တရုတ်နိုင်ငံရှိ လဟာပြင် အခေါင်းများသည် လွန်ခဲ့သောနှစ် ၄၀၀ မှ ၂၅၀၀ အတွင်း လူသေအလောင်းများထည့်သွင်းကာ ကျောက်ဆောင်ကမ်းပါးများတွင် ချိတ်ဆွဲ၍ ထူးခြားစွာ သင်္ဂြိုဟ်ခဲ့ကြသည်။

အခေါင်းများကို လေတွင်ချိတ်ဆွဲသင်္ဂြိုဟ်ခြင်းသည် ရှေးခေတ် လူမျိုးစု၏ လူသေမြှုပ်နှံမှုဓ‌လေ့တစ်ခုဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံတောင်ပိုင်းတွင် နေထိုင်ခဲ့သည့် ဘို လူမျိုးစုများက အများဆုံး ကျင့်သုံးခဲ့ကြသည်။

သစ်လုံးကို အရွယ်မျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံ ထွင်းထားသည့် သစ်သားအခေါင်းများကို ကျောက်တောင်များ၏ အစွန်းထွက်နေသည့် မျက်နှာပြင်နေရာများတွင် တင်ထားသည်ကို လည်းကောင်း၊ လိုဏ်ဂူများ အတွင်း ကျောက်သားနံရံများတွင် ချိတ်ဆွဲထားသည်ကို လည်းကောင်း တွေ့ရှိကြရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို အခေါင်းများအတွင်းသို့ ထည့်၍ အမြင့်တွင် ချိတ်ဆွဲထားခြင်းသည် အလောင်းကို သားရဲတိရစ္ဆာန်များစားသောက်ခြင်းမှ ကာကွယ်ရန် ရည်ရွယ်သကဲ့သို့ အခေါင်းများကို အမြင့်တွင်ထားခြင်းဖြင့် သေဆုံးသူသည် ကောင်းကင် ဘုံနှင့်နီးကပ်လာပြီး နတ်ဘုရားများခေါ်ယူနိုင်သည့် အကွာအ‌ဝေးတွင် ရှိစေရန်ရည်ရွယ် ကြသည်။

ယင်းတို့သည် သေဆုံးသွားသော လူတစ်ဦးကို ကောင်းကင်ရှိ နတ်ဘုရားများက ခေါ်ဆောင်ကြသည်ဟု ယုံကြည်ကြသဖြင့် နတ်ဘုရားတို့နှင့် နီးကပ်ရန် အခေါင်း များကို မြေပြင်မှမြင့်သည်ထက် မြင့်ရန် ချိတ်ဆွဲခဲ့ကြသည်။

တရုတ်နိုင်ငံတွင် လေတွင်တွဲလောင်းဖြစ်နေသည့် ရှေးခေတ်ကအခေါင်းများကို ဖူကျန့်ပြည်နယ်မှ ဝူယီတောင်တန်း၊ ဟူဘေးပြည်နယ်မှ ဇီဂီဒေသ၊ ကျန်ဇီပြည်နယ်မှ လောင်ဟူရှန်၊ စီချွမ်ပြည်နယ်နှင့် ယူနန်ပြည်နယ်များတွင်တွေ့ရှိရသည်။ ထို့အတူ ဖိလစ်ပိုင်နိုင်ငံမှ လူဇုန်ကျွန်းနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဇာဂါဒါတို့တွင်လည်း တွေ့ရှိရပေသည်။

အခေါင်းပုခက်များ

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင် ဂမ္ဘီရဆန်သော ထိုသစ်သားအခေါင်းများသည် နှစ်ပေါင်း ၄၀၀ ကျော်ကတည်က ရှိခဲ့ပြီး ယခုတိုင် ကျောက်တောင်တစ်ခု မျက်နှာပြင်ပေါ်တွင် တွဲလဲဆွဲလျက် မြင်တွေ့ကြရသည်။

ယင်းသစ်သားခေါင်းများသည် ရာစုနှစ်ပေါင်းများစွာ လူများကို ခေါင်းခြောက်စေခဲ့ပြီး ထိုသို့ အခေါင်းများကို ချိတ်ဆွဲထားခြင်း၏ ရည်ရွယ်ချက်ကို မည်သူမှ အတိအကျမသိ ရှိကြပါချေ။

ယေဘုယျအားဖြင့် နတ်ဘုရားများသည် သေဆုံးသူထံသို့ အလွယ်တကူ လာရောက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလောက်သာ ယူဆနိုင်ခဲ့ကြသည်။

အခေါင်းတစ်ခုစီသည် သစ်လုံးတစ်လုံးတည်းကို ထွင်းကာပြုလုပ်ထားခြင်းဖြစ်ပြီး မူလအခေါင်းများကို ကြေးအဖုံးဖြင့် ပိတ်ခဲ့သည်ဟု ဆိုကြသည်။ အချို့အခေါင်းများသည် သက်တမ်း နှစ် ၂၅၀၀ နီးပါး ရှိပြီဖြစ်ပြီး အများစုသည် လွန်ခဲ့သည့် နှစ် ၁၅ဝဝ က အခေါင်းများ ဖြစ်ကြသည်။

များမကြာမီက ဒေသတာဝန်ရှိပုဂ္ဂိုလ်များသည် ယင်းအခေါင်းများကို ရေရှည်တည်တံ့ရန် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ အခေါင်း ၄ဝ ကျော်ကို ထိန်းသိမ်းပြုပြင်ခဲ့ပြီး အခေါင်းအသစ် ၁၆ ခုကို ထပ်မံတွေ့ရှိခဲ့သည်။

ယင်းတို့သည် သက်တမ်း နှစ် ၃ဝဝဝ ကျော်က အခေါင်းများ ဖြစ်ကြသဖြင့် သမိုင်းဆိုင်ရာကြီးမားသည့် ထူးခြားချက်ဖြစ်ပေသည်။ ယင်းအခေါင်းများသည် ဒေသနေရှေးဟောင်းတရုတ်လူမျိုးများ သေဆုံးလျှင် မည်သို့မြှုပ်နှံခဲ့သည်ဟူသည့် ဓလေ့ ထုံးတမ်းတစ်ရပ်ကို ပြသနေသည်။

ယင်းဒေသတွင် အခေါင်းများ ရာကျော်ရှိနေပြီး အနိမ့်ဆုံးအခေါင်းသည် မြေပြင်မှ ၁ဝ မီတာအမြင့်တွင်ရှိနေကာ အမြင့်ဆုံးအခေါင်းသည် မြေပြင်မှမီတာ ၁၃၀ မြင့်သည်။

ယင်းအခေါင်းများကို ထိန်းသိမ်းရန် အခက်အခဲများရှိနေသော်လည်း လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အနည်းဆုံး အခေါင်း ၂ဝ ပြုတ်ကျခဲ့သဖြင့် ထိန်းသိမ်းမှုပြုရန် လိုအပ်နေပေသည်။

အခေါင်းများကို ကျောက်တောင်နံရံများတွင် ချိတ်ဆွဲခဲ့ကြသူများသည် “ဘို”ဟုခေါ်သည့် လူနည်းစုတိုင်းရင်းမျိုးနွယ်များဖြစ်ကာ ဘိုတိုင်းရင်းသားများသည် မျက်မှောက်ခေတ် စီချွမ်ပြည်နယ်နှင့် ယူနန်ပြည်နယ်အစပ်၏ အပြင်ဘက်ပိုင်း တွင် နေထိုင်ခဲ့ကြပြီး ယင်းတို့သည် အလွန်ထူးခြား သည့်ယဉ်ကျေးမှုတစ်ရပ်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ဝဝ က ထူထောင်ခဲ့ကြသည်။

ရှေးဟောင်းအခေါင်းများ

လေတွင်ချိတ်ဆွဲထားသည့် အခေါင်းများအနက် နောက်အကျဆုံး ချိတ်ဆွဲခဲ့သည့် အခေါင်းများသည် လွန်ခဲ့သည့် နှစ် ၄၀၀ ခန့်ကဖြစ်ရာ မင်မင်းဆက် (ခရစ်နှစ် ၁၃၆၈-၁၆၄၄) အလယ်ပိုင်းနှင့် နှောင်းပိုင်းကာလဖြစ်သည်။ ယင်းတို့အနက် အစောဆုံးအခေါင်းကို လွန်ခဲ့သော နှစ် ၁ဝဝဝ ခန့် ဆောင်မင်းဆက် (ခရစ်နှစ် ၉၆ဝ- ၁၂၇၉) တွင် ချိတ်ဆွဲခဲ့သည်။

တရုတ်နိုင်ငံ၏ အစောဆုံးလဟာပြင်အခေါင်းသည် ကမ္ဘာကျော် ချောက်နက် ၃ ခုဒေသ (The Three Gorges) တွင် တွေ့ရှိခဲ့သည့် အခေါင်းတစ်လုံးဖြစ်ကာ သက်တမ်းနှစ် ၂၅၀၀ ရှိပြီဖြစ်သည်။

ဘီစီ ၇၇၀ ခုနှစ်မှ ၄၇၆ ခုနှစ် အကြား ယင်းနေရာတွင် အခေါင်းများကို လေတွင်ချိတ်ဆွဲခဲ့သည်။ တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်းဒေသများတွင် ယင်းသို့ လူသေအခေါင်းများကို လေထဲတွင် ချိတ်ဆွဲသင်္ဂြိုဟ်သည့် အစဉ်အလာကို ကျယ်ပြန့်စွာကျင့်သုံးခဲ့ကြသည်။ သို့သော် ယင်းထုံးတမ်းဓလေ့သည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည့် ထိုလူမျိုးများနှင့်အတူ အဆုံးသတ်သွားခဲ့သည်။

ချောက် ၃ ခုမှ အခေါင်းများ

တရုတ်နိုင်ငံ၊ယန်စီမြစ်ရိုးတွင်တည်ရှိသည့် ချောက် ၃ ခုနေရာသည် တရုတ်နိုင်ငံ၏ သမိုင်းပြခန်း တစ်ခုသဖွယ် ဖြစ်နေခဲ့ကာ မြစ်ပြင်ကို မျက်နှာပြထားသည့် ချောက်ကမ်းပါးများမှ သမိုင်းဆိုင်ရာပစ္စည်းများ အမြောက်အမြားရရှိခဲ့သည်။

ယင်းတို့အနက် မဖြေရှင်းနိုင်သေးသည့် အလွန်ထူးခြားသော ဓလေ့တစ်ရပ်သည် ချောက်ကမ်းပါး နံရံပေါ်တွင် အခေါင်းများချိတ်ဆွဲလျက် လူသေများကို သင်္ဂြိုဟ်သည့် ထုံးတမ်းဖြစ်သည်။

ယင်းထုံးတမ်းသည် ထိုနေရာဒေသတွင် နေထိုင်ခဲ့ကြသည့် ရှေးဟောင်းလူမျိုးစုများ၏ ယှဉ်ပြစရာမရှိသော ဂူသွင်းခြင်းစနစ်တစ်မျိုးဟု ဆိုလိုနေသည်။ ၁၉၂ ကီလိုမီတာ ရှည်လျားသည့် ချောက် ၃ ခုနေရာ၏ ချောက်ကမ်းပါးတစ်လျှောက်မှ လေဆွဲအခေါင်း ၁ဝ လုံးကျော်တွေ့ရှိခဲ့သည်။

သမိုင်းစာအုပ်တချို့နှင့် ဒေသမှတ်တမ်းများတွင် လေဆွဲအခေါင်းများ ရေးသားမှုများရှိသော်လည်း အသုဘဆိုင်ရာဝတ္ထုပစ္စည်းများအကြောင်း မပါရှိချေ။ ရေမျက် နှာပြင်အထက် မီတာ ၅ဝ အမြင့်တွင် တည်ရှိပြီး ကျောက်ထွင်းပန်းပုများရှိသည့် ဖန်ဘီဂူမှ အခေါင်းတစ်လုံးရရှိခဲ့သည်။

သဘာဝလိုဏ်ဂူတစ်ခုဖြစ်သည့် ရွှေဂူမှ ၁၉၅၈ ခုနှစ်တွင် ကြေးဓားတစ်ချောင်းကို လယ်သမားတစ်ဦးက ရရှိခဲ့ဖူးကာ ၁၉၆၆ ခုနှစ်တွင် ဂူအတွင်းမှ အရိုးစုအချို့ကို တွေ့ရှိခဲ့သည်။ ရေမျက်နှာပြင်အထက် မီတာ ၇၀ မြင့်သည့် ဂရုဖ်ဂူအတွင်းမှ အခေါင်းတစ်ခေါင်း၊ သစ်သားပုံများ နှင့် လေးထောင့်ပုံကျင်းပေါက်ရာများကိုလည်း တွေ့ရှိခဲ့သည်။

ဖားဖိုချောက်ဟု အမည်ပေးထားသည့် ချောက်သည် ချောက်ကမ်းပါးယံမှ မီတာ ၁၀၀ အကွာ၊ ရေပြင်မှ မီတာ ၇ဝ အထက်တွင်တည်ရှိသည်။ ယင်းနေရာတွင် ဒေါင်လိုက်ကွဲကြောင်းကြီး တစ်ခုရှိပြီး ၁၉၇၁ ခုနှစ်တွင် လယ်သမား ၃ ဦးသည် ဂူပေါ်သို့တက်ကာ ရတနာသိုက်ကိုရှာဖွေခဲ့ကြရာ သစ်သားတိုင်းများပေါ်မှ အခေါင်း ၁၂ ခေါင်းတွေ့ရှိခဲ့ကြသည်။

သူတို့သည် အခေါင်း ၈ ခုကို ဖျက်ဆီးခဲ့ကြပြီး ကြေးဓားတစ်ချောင်း၊ ပုဆိန်တစ်ခု၊ အပေါစား ပုလဲလက်ဝတ်တန်ဆာများနှင့် ထူးခြားလှပသော မိန်းမစီးဖိနပ်တစ်ခု တို့ကို ယူဆောင်သွားခဲ့ကြသည်။

တရုတ်ရှေးဟောင်း စာအုပ်တစ်အုပ်ဖြစ်သည့် General Introduction to Kuizhou အရ ဆောင်မင်းဆက်က ထင်ရှားသော တရုတ်အမျိုးသမီး ဗိုလ်ချုပ်ကြီးမူကီရင်းသည် သူမ၏အမြောက်ကို ဂူတစ်ခုတွင် ဝှက်ထားခဲ့သည်ဟုဆိုသည်။

ပါးစပ်ပြော ရာဇဝင်ဖြစ်သော်လည်း ထိုဂူသည် အမြောက်ဂူဟု အမည်တွင်ခဲ့ပြီး ရေမျက်နှာပြင် အထက် ပေ ၁၅ဝ တွင် တည်ရှိသည်။ ပါမောက္ခ တောင်အန်ဂျန်းသည် ယင်းဂူမှတွေ့ရှိခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ ရှားပါးပစ္စည်းများ မှတ်တမ်း ဆောင်းပါး တစ်စောင်ကို ရေးသားခဲ့သည်။

ယင်းဂူအတွင်းမှ ၁၉၅၈ ခုနှစ်တွင် တောင်ပေါ်သို့တက်ကာ ဂူသို့ရောက်ရှိခဲ့သည့် အဘိုးအို တစ်ဦးသည် အခေါင်း ၃ ခေါင်းတွေ့ရှိခဲ့သည်။ ဂူအတွင်းမှတွေ့ရှိခဲ့သည့် ပစ္စည်းများကိုထိန်းသိမ်းကာ Baidicheng မြို့တော်ပြတိုက်တွင် ပြသထားသည်။

သံကဲ့သို့ မည်းနက်နေသည့် အခေါင်းများ တွေ့ရှိခဲ့သည့် နေရာတစ်ခုကို သံခေါင်းချောက်ဟု အမည်ပေးခဲ့သည်။ ယင်းချောက်သည် ဇီလင်းချောက်၏ တောင်ဘက်ကမ်းပါး၌ မီတာ ၅၀၀ ရှည်လျားသည်။ ယင်းနေရာတွင် သဘာဝလိုဏ်ဂူ၊ များရှိနေပြီး ရေပြင်အထက် ခပ်မြင့်မြင့်နေရာတွင် တည်ရှိသည်။

ယန်စီမြစ်လက်တက်များမှ အခေါင်းများ

ယန်စီမြစ်အတွင်းသို့ စီးဝင်နေသည့်မြစ်လက်တက်များ၏ ဘေးနှစ်ဖက်တွင် ချောက်ကမ်းပါးနံရံများရှိနေပြီး ယင်းနံရံများ၏ အလယ်တွင် လေတွင်တွဲလဲဖြစ်နေသည့် အခေါင်းများကိုမြင် နိုင်ကြသည်။

ယင်းတို့အနက် ဝူတောင်တန်းတွင်ရှိသည့် ချောက်တွင် အခေါင်း ၁၀ ခုတွေ့ရှိခဲ့ရပြီး ၄ ခုကို ကောင်းစွာထိန်းသိမ်းထားခဲ့သည်။ ယင်းအခေါင်းများသည် ရေပြင်မှ အမြင့်မီတာ ၄၀ မှ ၂၀၀ အကြားတွင် တည်ရှိနေကြသည်။

ထူးခြားစွာ လေတွင်ဆွဲထားသည့် အခေါင်းများကို သုတေသနပြုနိုင်ရန် စီချွမ်တက္ကသိုလ်မှ သမိုင်းပါမောက္ခ လင်စိန်သည် ၁၉၇၉ ခုနှစ်တွင် လေဆွဲအခေါင်းတစ်ခေါင်းကို ဂျင်ဇူဘာကမ်းပါးယံမှ ယူဆောင်ခဲ့သည်။

သုတေသနပြုချက်များအရ ယင်းသစ်သားအပေါင်း၏ သက်တမ်းသည် နှစ် ၂၀၀၀ ခန့်ရှိပြီဖြစ်ပြီး အခေါင်းတွင်းအရိုးစုသည် ပျက်စီးမှုမရှိသေးသည်ကို တွေ့ရှိခဲ့ရသည်။ အခေါင်းသည် ၇ ပေ ရှည်လျားကာ ချောမွတ်ပြီး မိုးရေနှင့် အဆွေးဒဏ်ခံနိုင်သည့် နန်းမူသစ် ဖြင့်ပြုလုပ်ထားသည်။

ရှေးခေတ်လူသားများသည် သစ်သားတုံးကို အရှည်လိုက် နှစ်ပိုင်းဖြတ်၍ အလယ်တွင် အပေါက်ဖြစ်ရန် ထွင်းယူကြသည်။အခေါင်းကို သံမှိုများဖြင့်ပိတ်ထားပြီး ပတ္တာ ကိုအသုံးပြုခြင်းမရှိချေ။

ယင်းအခေါင်းကို ချိတ်ဆွဲထားသည့် ချောက်ကမ်းပါးသည် ၂၀ ဒီဂရီစောင်း နေပြီး မည်သူမှ မသွားနိုင်သည့်နေရာဟု ဆိုသည်။ နေရောင်သည် တစ်ရက်လျှင် ၂ နာရီသာ ယင်းနေရာသို့ ကျရောက်သဖြင့် မိုးဒဏ်ခံနိုင်ပြီး ခြောက်သွေ့နေကာ အခေါင်းကို ရေရှည်တည်တံ့နေစေသည်။

အခေါင်းအတွင်း၌ အရိုးစု ၂ ခု တွေ့ရှိရပြီး တစ်ခုမှာ ၁၃ နှစ်၊ ၁၄ နှစ်အရွယ်ယောက်ျားလေး အရိုးဖြစ်ပြီး ကျန်တစ်ခုမှာ မိန်းကလေး အရိုးစုဖြစ်သည်။ မိန်းကလေး၏ ဦးခေါင်းနောကတွင် တုံးသောအရာတစ်ခုဖြင့် ရိုက်ထားသည့်ဒဏ်ရာတစ်ခုကို တွေ့ရှိရသည်။

အခေါင်းများ မည်သို့ချိတ်ခဲ့သနည်း

သုတေသနပြုချက်များအရ ယင်းအခေါင်းများကို ချောက်ကမ်းပါးနံရံများတွင် နည်းလမ်း ၃-သွယ်ဖြင့် ချိတ်ဆွဲခဲ့ဟန်ရှိကြောင်း တွေ့ရှိခဲ့ရ သည်။ တစ်စုံတစ်ယောက် သေဆုံးပြီးချိန်တွင် ကျန်ရစ်သူများက ချောက်ကမ်းပါးများကို အခေါင်းများနေရာချထားနိုင်ရန် ထွင်းထုခဲ့ကြသည်။

ထို့နောက် အခေါင်းများကို ကြိုးများဖြင့် တောင်ထိပ်မှ ချပေးကြဟန်ရှိပြီး အခေါင်းမြင့်လေ ဆွေမျိုးများလေ ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

ဒုတိယနည်းမှာ ချောက်ကမ်းပါးများကို လိုဏ်ဂူများဖြစ်လာစေရန်တူး၍ အခေါင်းများကို ထည့်သွင်းပြီးချိန်တွင် ၄င်းတို့တူးခဲ့သည့်လိုက်များကို ဖျက်ဆီးခဲ့ကြခြင်းဖြစ်ပြီး တတိယနည်းမှာ အခေါင်းကို စက်သီးဖြင့် ဆွဲတင်ပြီး စက်သီးနှင့် ကြိုးများကို ဖျက်ဆီးပစ်လိုက်ကြခြင်း ဖြစ်သည်ဟု ယူဆကြသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိလူ့ယဉ်ကျေးမှုအရ အမြင်နှင့်အသွင် ထူးခြားနေသည့် လဟာပြင်တွင် ဆွဲထားသော အခေါင်းများသည် တရုတ်နိုင်ငံတွင် နေထိုင်ခဲ့သည့် လူမျိုးစုအချို့၏ နားလည်ရခက်သော ယဉ်ကျေးမှုတစ်ရပ်အဖြစ် ထင်ရှားခဲ့ပေသည်။

Credit- Author:ဝင်းဇော်
Hanging Tombs of China

Leave a Reply

Your email address will not be published. Required fields are marked *