မန္တလေးတောင်ပေါ်က မြွေကြီး နှစ်ကောင်သမိုင်း

မန္တလေးတောင်ပေါ်က မြွေကြီး နှစ်ကောင်သမိုင်း

မန္တလေးတောင်လို့ ဆိုလိုက်တာနဲ့ မြွေကြီး နှစ်ကောင် ဆိုတာကို ရောက်ဖူးသူရော မရောက်ဖူးသူများပါ ကြားဖူး၊ သိဖူးကြပါ လိမ့်မယ်။

မန္တလေးနဲ့ ပတ်သတ်တဲ့ သီချင်းတွေမှာလည်း ဒီမြွေကြီး နှစ်ကောင်ရဲ့ အကြောင်းက မပါမဖြစ် ပါလေ့ရှိတဲ့ အတွက်ကြောင့်ပါ။ ဒီ မြွေကြီး နှစ်ကောင်ရဲ့ အကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြလိုက် ပါတယ်။

မြွေကြီး ၂ ကောင်

တချို့ကတော့ ဒီမြွေကြီးတွေကို ရသေ့ကြီး ဦးခန္တီ တောရှင်းတဲ့အခါ တွေ့တာလို့ပြောလေ့ ရှိပါတယ်။ ဒါဟာ မဟုတ်ပါဘူး။ မြွေကြီးတွေ ရှိတုန်းက ဦးခန္တီ မရောက်သေးပါဘူး။

မြန်မာ သက္ကရာဇ် ၁၂၆၆ ခုနှစ်က မန္တလေးတောင်မှာ ဘုန်းတော်ကြီး ဦးနန္ဒိယ ကြီးမှူးပြီး ဗျာဒိတ်ညွှန်း ဘုရားရုပ်တုတော် ထုလုပ် နေခဲ့ပါတယ်။ အဲဒီ အချိန်လောက်က မန္တလေး မြောက်ပြင် လင်ဇင်းရပ်ထဲက ပန်းပဲ ဆရာလည်း ဟုတ် ၊ ဆေးဆရာဆိုလည်းဟုတ်တဲ့ ဦးဘေရဲ့ အိမ်ဝင်းထဲကို ညတစ်ညမှာ ဧရာမ စပါးအုံးမြွေကြီးနှစ်ကောင်ဟာ ဘယ်ကမှန်း မသိဘဲ ရောက်နေခဲ့ပါတယ်။

မနက်လင်းမှ တွေ့ကြတော့ မောင်းထုတ်ပေမယ့်လည်း မသွားကြတဲ့အတွက် ဦးဘေဟာ မြွေဆရာ ဦးလုံးကို ခေါ်ပြပါတယ်။ ဦးလုံးက “ဆရာဘေရယ် ဒီမြွေကြီးတွေက ရန်မပြုတတ် ပါဘူး။ မြွေကောင်းကြီးတွေပါ။ ကျွန်တော်ပဲ ယူသွားမယ်” လို့ဆိုပြီး ယူသွား ပါတယ် ။

အဲဒီနောက် ဦးလုံးဟာ မြွေကြီးတွေကို ပြစားပါတော့တယ်။ လူစည်တဲ့ ဈေးလိုနေရာတွေ နဲ့ ဘုရားတွေပွဲ တွေမှာ လှည့်လည်ပြလေ့ ရှိပါတယ်။ အချိန်အတော်ကြာပြီး တစ်နေ့မှာ ဒီမြွေကြီး နှစ်ကောင်ရဲ့ သတင်းကို ဘုန်းတော်ကြီး ဦးနန္ဒိယက ကြားသွားခဲ့ပါတယ်။

အဲလိုကြားသိပြီး ဦးနန္ဒိယက ဦးလုံးကို “ဒကာကြီးဦးလုံး ၊ ဒီမြွေကြီးတွေနဲ့ ပိုက်ဆံ အတော်အသင့် ရလောက်ပါပြီ။ မြွေကြီးတွေကို ဘုန်းကြီးလှူပါ။ ဘုရားရုပ်ထု ထုသူ တွေရော၊ ဘုရားဖူးလာ သူတွေရာ အပန်းပြေ အပျင်းပြေအောင် မန္တလေးတောင်ခြေမှာ ထားချင်တယ်” လို့ပြောပြီး ဦးလုံးဆီက အလှူခံ သတဲ့။

ဦးလုံးကလည်း ငွေ ၂၀ဝ ၊ ၃၀ဝ ကျပ်လောက် ရနေပြီဆိုတော့ ဘုန်းတော်ကြီးကို မြွေကြီး နှစ်ကောင်ကို လှူလိုက်ပါတယ်။ (အဲဒီတုန်းက ငွေ ၂၀ဝ ဆိုတာ နည်းမှ မနည်းပဲကို)

အဲဒီနောက် မန္တလေးတောင် အတက်က ခြင်္သေ့ကြီးနှစ်ကောင် အနားမှာ မြွေကြီး နှစ်ကောင်ကို ထားလိုက်ပါတယ်။ ချက်ချင်း နာမည်ကြီးသွားပြီးလူစည်ကားသွား ပါတော့ တယ်။

အဲဒီမြွေကြီးနှစ်ကောင်ကြောင့် ဘုရားလာသူ များလည်း များပြားကာ အလှူငွေ များလည်း ပုံမှန်ထက်အဆ ပေါင်းများစွာ ပိုရခဲ့ ပါတယ်။

မြွေကြီးနှစ်ကောင်ကြောင့် လူစည်ကားမှန်း အလှူငွေတွေ ပိုရမှန်း သိပေမယ့် ဘုန်းကြီး ဦးနန္ဒိယက ၁နှစ် နဲ့ ၈လ အကြာမှာတော့ “ရုပ်ထုလည်း ထုပြီး သွားပါပြီ ၊ ဘုရားအစ်မတို့ သွားလိုရာ သွားကြပါတော့”လို့ပြောပြီး ရန်ကင်းတောင်ဘက် ကတောထဲမှာ လွှတ်ပေး လိုက်ပါတယ်။

မြွေကြီးတွေဟာ တွင်းကြီးတစ်တွင်းထဲ ဝင်သွားပြီးတဲ့နောက် သူတို့ရဲ့သတင်းကို လုံးဝမကြားရတော့ပါဘူး။မြွေကြီးတွေ မရှိတော့ပေမယ့် “စခန်းမဝေးပေါင် မန္တလေးတောင် မြွေကြီးနှစ်ကောင် သွားလို့ကြည့်ရအောင်” ဆိုတဲ့ သီချင်းကတော့ ကျန်နေခဲ့ ပါတယ်။

ရသေ့ကြီး ဦးခန္တီလက်ထက် ရောက်တော့ ဒီမြွေကြီးနှစ်‌ကောင်ကို အသိအမှတ်ပြုတဲ့အနေနဲ့ မန္တလေးတောင်ပေါ်မှာ မြွေရုပ်ကြီး နှစ်ရုပ်ကို သံနဲ့သွန်းလုပ်စေခဲ့ပါတယ်။

သွန်းလုပ်သူကတော့ သံရည်ကြို ဆရာကြီး ဦးဝင်းဖြစ်ပြီး သွန်းလုပ်မှုကလည်း အလွန် လက်ရာမြောက် ခဲ့ပါတယ်။ ပါးပြင်းထောင်ထားတဲ့ မြွေကြီးနှစ်ကောင်ဟာ တွန့်လိမ်လိမ်နဲ့ ချက်ချင်းပဲ ထသွားတော့မယ့် သဏ္ဍာန်ကို ဆောင်နေပါ တယ်။

သွန်းလုပ်ပြီးတဲ့နောက် အစ ပထမတုန်းက မြွေရုပ်ကြီးနှစ်ရုပ်ကို ရှေ့ဆင့် နောက်ဆင့် ထားခဲ့ပေမယ့် အခုတော့ ဆေးတွေသုတ်ကာ နှစ်ကောင် ယှဉ်ထားပြီး သံဆန်ကာနဲ့ ကာထားလိုက် ပါတော့တယ်။

Credit : Ayesay
Ref: ကျွန်မတို့ မန္တလေးက မန္တလေးတောင် – လူထုဒေါ်အမာ
မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်

Leave a Reply

Your email address will not be published. Required fields are marked *