ကမ္ဘာကျော် နိုင်းမြစ်အကြောင်း သိကောင်းစရာ

ကမ္ဘာကျော် နိုင်းမြစ်အကြောင်း သိကောင်းစရာ

ရှေးခေတ် အီဂျစ်သမိုင်းတွေမှာ နိုင်းမြစ်ဟာ မပါမဖြစ်ဆိုတာ အားလုံးသိပြီး ဖြစ်ကြမှာပါ။ အီဂျစ်သမိုင်းတွေ ဖြစ်လာဖို့ နိုင်းမြစ်ဟာ အရေးကြီးတဲ့နေရာက ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှုဟာ နိုင်းမြစ်ဝှမ်း ယဉ်ကျေးမှုက စတယ်ဆိုရင်လည်း မမှားပါဘူး။ နိုင်းမြစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတအချို့ကို မျှဝေပေး ချင်ပါတယ်။

နိုင်းမြစ်ဟာ မိုင်ပေါင်း ၄၂၅၈ မိုင်ရှည်လျားပြီး ၁ဝ စုနှစ်ပေါင်းများစွာ ကမ္ဘာ့အရှည်ဆုံးမြစ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၇ ခုနှစ် ဘရာဇီး သိပ္ပံပညာရှင်တွေရဲ့ ကွင်းဆင်းတိုင်းတာချက်အရ အမေဇုန်မြစ်ဟာ နိုင်းမြစ်ထက် ၆၅ မိုင် ပိုရှည်ကြောင်းသိခဲ့ရပြီးနောက် နိုင်းမြစ်ဟာ ဒုတိယအရှည်ဆုံးမြစ် ဖြစ်သွားခဲ့ပါတယ်။

အာဖရိကတိုက်မှာ တည်ရှိပြီး ကင်ညာ၊ ကွန်ဂို၊ အရီတြီးယား၊ ဘူရွန်ဒီ၊ ယုဂန်ဒါ၊ တန်ဇန်းနီးယား၊ယုဝမ်ဒါ၊ အီဂျစ်၊ ဆူဒန်၊ တောင်ဆူဒန်၊ အီသီယိုပီးယား စတဲ့နိုင်ငံများကို ဖြတ်သန်းစီးဆင်းပါတယ်။

အီဂျစ် ယဉ်ကျေးမှု ဖြစ်ပေါ်စေဖို့ ကြီးစွာအထောက်အပံ့ပြုခဲ့ပြီး လူဇာနဲ့ကိုင်ရိုလို မြို့ကြီးတွေ အပါအဝင် ရှေးဟောင်း အီဂျစ်မြို့ဟောင်း အများစုဟာ နိုင်းမြစ်ကမ်းပေါ်မှာ တည်ရှိပါတယ်။

နိုင်းမြစ်မှာ နိုင်းမြစ်ပြာနဲ့ နိုင်းမြစ်ဖြူဟု မြစ်နှစ်သွယ်ရှိပါတယ်။နိုင်းမြစ်ပြာဟာ အက်ဗီးဆီးနီးယန်းတောင်တန်းတွေကနေ မြစ်ဖျားခံပြီး နိုင်းမြစ်ဖြူကတော့ ဝိတိုရိယ၊ အဲလ်ဘတ်၊ အက်ဒွပ်အိုင်တွေမှာ မြစ်ဖျားခံပါတယ်။

သဲကန္တာရကို ဖြတ်သန်း စီးဆင်းရတာကြောင့် မြစ်ကြောင်း တဖြည်းဖြည်းကျဉ်းလာပြီး ကိုင်ရိုမြို့အနီးရောက်တဲ့အခါ ပေ ၃ဝဝ လောက်တောင် မကျယ်တော့ပါ။ အီဂျစ်ကို ဖြတ်သန်းပြီးနောက် ရေကြောင်းနှစ်သွယ်ဖြစ်လာကာ မြေထဲပင်လယ်ကို စီးဝင်သွားပါတယ်။

နိုင်းမြစ်ဝှမ်းဟာ စိုက်ပျိုးရေးအတွက် ကမ္ဘာ့အကောင်းဆုံး မြေဩဇာရှိရာ ဒေသများမှာ တစ်ခုအပါအဝင် ဖြစ်ပြီး ဘီစီ ၅ဝဝဝ ခန့်ကပင် ရှေးခေတ် အီဂျစ်လယ်သမားတို့ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပါတယ်။

ရှေးခေတ် အီဂျစ်တွေဟာ နိုင်းမြစ်ကို လုပ်ငန်းနေရာ ၃ မျိုးမှာ အသုံးပြုခဲ့ပါတယ်။

(၁) မြစ်ကြောင်းတစ်လျှောက် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊
(၂) ရေသွင်းစိုက်ပျိုးရေး၊
(၃) မြစ်ကမ်းမှ ရွှံ့များဖြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းတို့ ဖြစ်ပါတယ်။

မကြာခဏ ရေလွှမ်းခံရလေ့ရှိပြီး အများဆုံး ရေလွှမ်းခံရသော ဒေသမှာ အက်ဆူးဝန်မြို့ မြောက်ဘက်ဝန်းကျင် ဒေသဖြစ်ပါတယ်။ နောက်ပိုင်း အက်ဆူးဝန်ဆည်ကိုဆောက်လုပ်လိုက်တဲ့အတွက် ရေလွှမ်းမိုးမှု လျော့နည်းသွားပါတယ်။

နိုင်းမြစ်ကြောင်း တစ်လျှောက်မှာ တိရစ္ဆာန်မျိုးစုံကို တွေ့ရတတ်ပါတယ်။ အများစုကတော့ ငါး၊ လိပ်၊ ပုတ်သင်ညို၊ ရေမြင်း၊ မိကျောင်းနဲ့ မြွေမျိုးစိတ်တွေပဲဖြစ်ပါတယ်။

နိုင်းမိကျောင်းဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အန္တရာယ်အရှိဆုံး မိကျောင်းမျိုး ဖြစ်ပါတယ်။ ဒီမိကျောင်းတွေဟာ ပေ ၂ဝ ခန့်အထိ ရှည်လျားပြီး ကိုယ်အလေးချိန် ပေါင် ၁၅ဝဝ ဝန်းကျင်ခန့် ရှိတတ်ပါတယ်။

နောက်နှစ်ပေါင်း များစွာအကြာမှာ တဖြည်းဖြည်း ရာသီဥတုပူပြင်းလာမှုကြောင့် ဒီဒေသတစ်ခုလုံးဟာ သဲကန္တာရအတိ ဖြစ်သွားလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

Author: ပြည့်စုံထက်ကျော်
Ref: thutazone

Leave a Reply

Your email address will not be published. Required fields are marked *