ကမ္ဘာ့သမိုင်းထဲက အတော်ဆုံးဘုရင်

ကမ္ဘာ့သမိုင်းထဲက အတော်ဆုံးဘုရင်

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအသီးသီးမှာ နိုင်ငံအလိုက် သမိုင်းရာဇဝင်တွေထဲမှာ ထင်ရှား ကျော်ကြားတဲ့၊ ထူးချွန်ပြောင်မြောက်တဲ့ ဘုရင်တွေ၊ သူရဲကောင်း တွေရှိကြပါတယ်။

ဒီလိုရှိတဲ့အထဲမှာမှ ကမ္ဘာ့သမိုင်းတွင် အတော်ဆုံး ဘုရင်ကြီးတစ်ပါးအကြောင်းကိုစာဖတ်ပရိသတ်ကြီးအတွက် သမိုင်းဆိုင်ရာ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဗဟုသုတရစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ရောမအင်ပါယာကို တည်ထောင်သူ ဩဂတ်စတက်ဆီဇာ (ဘီစီ ၆၃-အေဒီ ၁၄)ကို သမိုင်းမှာ ဘက်စုံတော်တဲ့ ပညာရှင်အဖြစ် တွေ့ရမှာဖြစ်ပါတယ်။ သူအစပျိုးလိုက်တဲ့ ရောမအင်ပါယာဟာ နှစ် ၂ဝဝ ခန့် ကာလအတွင်းမှာ အင်အားကြီးခြင်း၊ ကြွယ်ဝခြင်း၊ တန်ခိုးကျော်စောခြင်း၊ ငြိမ်းချမ်းစည်ပင်ခြင်း အစရှိတဲ့အကျိုးတွေကို ရရှိခဲ့ပါတယ်။

သြဂတ်စတက်ဆီဇာရဲ့ အမည်ရင်းမှာ ဂီယာ့စ်အော်တေးဗီယာ့စ်ဖြစ်ပြီးတော့ အများက အော်တေးဗီးယန်းလို့ ခေါ်ကြပါတယ်။

သြဂတ်စတက်ဆီဇာကို အဘိုးဖြစ်သူက လူလား မြောက်ချိန်အထိ သားအဖြစ်မွေးစားကာ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို ကောင်းစွာ သင်ကြားပေးခဲ့ပါတယ်။

အဘိုးဖြစ်သူမှာ နာမည်ကျော်ကြားတဲ့ ဂျူးလိယက်ဆီဇာ (ဘီစီ ၁၀၀-၄၄) ပဲ ဖြစ်ပါ တယ်။ ဘီစီ ၄၄ တွင် ဂျူးလိယက်ဆီဇာသည် လုပ်ကြခံခဲ့ရကာ ရောမနိုင်ငံရေးနယ်ပယ်မှာ အဆက်မပြတ် အာဏာလုပွဲတွေ ဖြစ်ခဲ့ကြပါတယ်။ ပြည်တွင်းစစ်လို့ ခေါ်ရလောက်အောင်ပင် စစ်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဂျူးလိယက်ဆီဇာ ကွယ်လွန်သွားတဲ့အခါမှာ အော်တေးဗီးယန်းဟာ ရောမမြို့ကိုပြန်လာပြီး ဂီယာ့စ် ဂျူးလိယက်ဆီဇာ အော်တေးဗီးယန်းဆိုတဲ့ အမည်ကို ခံယူခဲ့ပါတယ်။

ဆီဇာကွယ်လွန်ပြီးနောက်ပိုင်း ရောမနိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေးနေကာ ဆီဇာရဲ့ လက်ရုံးဖြစ်တဲ့ မက်ခ်အန်တိုနီကလဲ ရောမမြို့ကို အုပ်ချုပ်လျက်ရှိတယ်။ အော်တေးဗီးယန်းဟာ အဲဒီစစ်ပွဲတွေ၊ အာဏာလုပွဲတွေမှာ ပါဝင်ခဲ့ပေမဲ့လဲ လူငယ် ဖြစ်တဲ့အပြင် ဂျူးလိယက်ဆီဇာရဲ့ မွေးစားသားဖြစ်တယ်ဆိုတဲ့ ဂုဏ်လောက်သာ ရှိခဲ့တဲ့အတွက် ပြည်သူများက ဂရုတစိုက် မရှိခဲ့ကြပါ။

ဒါပေမဲ့ အဘိုးဖြစ်သူရဲ့ ပညာအမွေကို ကောင်းစွာ ဆက်ခံခဲ့တဲ့ အော်တေးဗီးယန်းဟာ ဒီအချက်ကို ပါးနပ်စွာအသုံးချပြီး ဂျူးလိယက်ဆီဇာရဲ့ သူရဲကောင်း ၃ဝဝဝ နဲ့ ဖွဲ့စည်းထားတဲ့ မြင်းတပ် (လီဂျင်းစ်)ရဲ့ ထောက်ခံမှုကို အရင်ရယူခဲ့ပါတယ်။

အဲဒီနောက်မှာ ပြိုင်ဘက်တွေကို ဖယ်ရှားပြီး ထိပ်ဆုံးအထိရောက်အောင် တက်လှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကျန်တပ်ဖွဲ့ အများစုက မက်ခ်အန်တိုနီကို ထောက်ခံခဲ့ကြတဲ့ အတွက် စစ်ပွဲတွေက ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

စစ်ခဏနားချိန် ဘီစီ ၃၆ တွင် ရောမနယ်ပယ်ကြီးမှာ အရှေ့နှင့်အနောက်ဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့ပါတော့တယ်။ အရှေ့ဘက်ခြမ်းကို မက်ခ်အန်တိုနီက အုပ်ချုပ်ပြီး အနောက်ခြမ်းကို အော်တေးဗီးယန်းက အုပ်ချုပ်ခဲ့တယ်။

စစ်ခဏနားချိန်တွင် အန်တိုနီသည် အီဂျစ်ဘုရင်မ ကလီယိုပက်ထရာရဲ့ မာယာကျော့ကွင်းမှာ နှစ်မြောရင်း နိုင်ငံရေးရာတွေမှာ လစ်ဟင်းနေခဲ့ပါတယ်။ အော်တေးဗီးယန်းမှာတော့ မိမိရဲ့ အနေအထားကို ခိုင်မာသည်ထက် ခိုင်မာအောင် ကြိုးစားအားထုတ်ခဲ့ပါတယ်။

ဘီစီ ၃၂ စစ်ပွဲ ပြန်စချိန်တွင် အော်တေးဗီးယန်း ဦးဆောင်တဲ့တပ်တွေဟာ ထင်ထင်ရှားရှား အသာရခဲ့ပါတယ်။ ဘီစီ ၃၁ တွင် ဖြစ်ပွားတဲ့ အက်တီယမ်စစ်ပွဲပြီး နောက်တစ်နှစ်တွင် အော်တေးဗီးယန်း အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

စစ်ရှုံးခဲ့တဲ့ အန်တိုနီနဲ့ ကလီယိုပက်ထရာတို့ဟာ အဆိပ်သောက်ကာ အဆုံးစီရင်သွားခဲ့ကြပါတယ်။ စစ်ပွဲတွေ အဆုံးသတ်သွားချိန်မှာတော့ အော်တေးဗီးယန်းအနေနဲ့ ယခင် ၁၄ နှစ်က အဘိုးဖြစ်သူ ရရှိခဲ့တဲ့ သြဇာအာဏာကို တန်းတူရရှိခဲ့ပါတယ်။

ဂျူးလိယက်ဆီဇာ လုပ်ကြံခံရပြီးတဲ့နောက်တွင် ဖြစ်ပွားခဲ့တဲ့ အာဏာလုပွဲတွေကြောင့် ပြည်သူတွေဟာ သမ္မတစနစ်ကို အယုံအကြည်ကင်းမဲ့ကာ မိမိတို့၏ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်မဲ့ မင်းကောင်းမင်း မြတ်ကို မျှော်လင့်နေခဲ့ကြတဲ့အချိန်ပဲဖြစ်ပါတယ်။

အဲဒီအချက်ကို ကောင်းစွာနားလည်တဲ့ အော်တေးဗီးယန်းဟာ အာဏာရရှိတာနဲ့တစ်ပြိုင်နက် စစ်ပွဲကာလအတွင်း ရက်စက်စွာ တိုက်ခိုက်တတ်တဲ့ ပုံစံကနေ အလွန်ကြင်နာ သနားတတ်သူအဖြစ် ပြောင်းလဲလာကာ ပြည်သူတွေရဲ့အကျိုးကိုထမ်းရွက်ခဲ့ပါတော့တယ်။

ပထမဦးစွာ သမ္မတနိုင်ငံ ပြန်လည်ထူထောင်ပေးမည်ဟုဆိုကာ ရာထူးအားလုံးမှ နုတ်ထွက်ပေးပြီး လွှတ်တော်အဖွဲ့ဝင်တွေကို စိတ်ကျေနပ်စေဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် လွှတ်တော်က သြဂတ်စတက်ဆီဇာ (ထိပ်ဆုံးက ပြည်သူဟူသောဘွဲ့) ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။ အမှန်တကယ်တော့ ရောမမှာရှိတဲ့ တပ်တွေကိုသာ လက်လွှတ်ပြီး စပိန်၊ဂေါလ် (ပြင်သစ်) နဲ့ ဆီးရီးယားနယ်တွေက တပ်တွေကို မိမိလက်အောက်တွင် ဆက်လက်ထားရှိခဲ့ပါတယ်။

မိမိရဲ့ ကတိအတိုင်း သမ္မတနိုင်ငံကို ထူထောင်ပေးသော်လဲ အမည်ခံမျှသာ ဖြစ်ပါတယ်။ အမှန်စင်စစ် အာဏာရှင်မှာ ဩဂတ်စတက်ဆီဇာသာ ဖြစ်ပါတယ်။ အဓိကအကြောင်းအရာမှာ လွှတ်တော်ကို ကောင်းစွာဆက်ဆံခဲ့တဲ့အတွက် ၎င်းဆန္ဒရှိသလောက် အတားအဆီးမဲ့စွာ ထောက်ခံပေးခဲ့ကြတဲ့အတွက် ဖြစ်ပါတယ်။

အေဒီ ၁၄ ရာစု ယင်းကွယ်လွန်ချိန်တွင် သမ္မတစနစ်ကနေ ဘုရင်စနစ်ကို ပြန်လည်ကူးပြောင်းပေးခဲ့ကာ ဧကရာဇ်အဖြစ်နဲ့ အတားအဆီးမရှိ ငြိမ်းချမ်းစွာပင် နန်းတက်နိုင်ခဲ့ပါတယ်။ သမိုင်းတွင် သြဂတ်စတက်ဆီဇာကဲ့သို့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တဲ့ အာဏာရှင်မှာ ရှာမှရှားဟု ဆိုရမှာ ဖြစ်ပါတယ်။

အောင်နိုင်သူ စစ်ဗိုလ်ချုပ်အဖြစ်သာမက နိုင်ငံရေးမှာလဲ ဆရာတစ်ဆူ ဖြစ်ခဲ့ပါတယ်။ ယင်းအုပ်စိုးချိန် နှစ် ၄၀ သာမက ကွယ်လွန်ပြီး နောက်တွင်လဲ သူ့ရဲ့ သြဇာမှာ ထင်ရှားစွာပင် ကျန်နေခဲ့ပါတယ်။

သက်ရှိထင်ရှား ရှိစဉ်မှာပင် စပိန်၊ ဆွစ်ဇာလန်၊ အာရှမိုင်းနားနဲ့ ဘော်ကန်ဒေသတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ရိုင်း_ ဒန်းနျူနယ်နိမိတ်မျဉ်းကိုလဲ နောင်နှစ် ၂၀၀ ခန့်အထိ တိုင်အောင် တည်တံ့စေခဲ့ပါတယ်။ သြဂတ်စတက်ဆီဇာဟာ အလွန် အမြော် အမြင်ရှိတဲ့ အုပ်ချုပ်ရေးပညာရှင် တစ်ဦးဖြစ်ပြီး ပြည်သူ့ဝန်ထမ်းစနစ်ကိုလဲ ကောင်းစွာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

သူ့လက်ထက်တွင် လမ်းမကြီးတွေကို ကွန်ရက်သဖွယ် ဖောက်လုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် လမ်းတွေ အားလုံးဟာ ရောမမြို့သို့ ဦးတည်သည်ဆိုတဲ့ ဆိုရိုးပင် ပေါ်ပေါက်လာခဲ့ပါတယ်။

ရောမမြို့ကို ပြည်သူ့ အဆောက်အအုံတွေ၊ ဘာသာရေးကျောင်းတွေ ဆောက်လုပ်ကာ သာယာစည်ပင်စေခဲ့ပါတယ်။ မိမိကိုယ်တိုင်လဲ ရောမရှေးဓလေ့ထုံးစံတွေကိုလိုက်နာပြီး လက်ထပ်ခြင်း၊ သားသမီးပွားများလာခြင်းတွေကို ဥပဒေပြုကာ ကောင်းစွာ အားပေးခဲ့ပါတယ်။

သြဂတ်စတက်ဆီဇာ အာဏာရချိန် ဘီစီ ၃ဝ ဝန်း ကျင်မှစ၍ ရောမမြို့သည် အေးချမ်းသာယာကာ စီးပွားရေး အလွန်ဖွံ့ဖြိုးလာခဲ့ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုး တက်လာခြင်းရဲ့အကျိုးဆက်အနေနဲ့ အနုပညာရပ်တွေပါ အရှိန်အဟုန်နဲ့တိုးတက်လာကာ အနုပညာရွှေခေတ်ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

အဲဒီခေတ်က အကျော်ကြားဆုံး ကဗျာဆရာတွေဖြစ်တဲ့ ဗားဂျေး၊ဟောရေ့စ်နဲ့ လီဗီးတို့ ပေါ်ပေါက်လာခဲ့ပြီး အိုဗိဒ်မှာမူ ဩဂတ်စတက်ဆီဇာနဲ့ မသင့်မြတ်တဲ့အတွက် ပြည်နှင့် ဒဏ်ပေးခံခဲ့ရပါတယ်။

နောင်အခါတွင် စာပေထွန်းကားသောခေတ်ကို သြဂတ်စတက်ခေတ်ဟူ၍ ခေါ်စမှတ်ပြု ခဲ့ပါတယ်။ သြဂတ်စတက်ဘုရင်သည် စာပေဖွံ့ဖြိုး တိုးတက်ရေးကို ချီးမြှောက်အားပေးခဲ့သည်သာမက ရောမမြို့တော်ကိုလဲ ခမ်းနားထည်ဝါစွာ မွမ်းမံပြင်ဆင် ခဲ့ပါတယ်။ ဒါကြောင့် ဩဂတ်စတက်အား အုတ်နဲ့ တည်ဆောက်ခဲ့တဲ့မြို့ကို ကျောက်နဲ့ မွမ်းမံပေးခဲ့သူလို့ ဆိုခဲ့ကြပါတယ်။

သြဂတ်စတက် ဘုရင်လက်ထက်တွင် ပါလက်စတိုင်းပြည်၌ ခရစ်တော်ယေရှုဖွားမြင်ခဲ့ပါတယ်။ ဘုရင်ကြီးသည် သားယောက်ျားလေး မထွန်းကားခဲ့ပေ။ သူ့ရဲ့ တူတစ်ယောက်နဲ့ မြေးနှစ်ယောက်တို့မှာ သူ့ထက်အရင် ကွယ်လွန်ခဲ့တဲ့အတွက် အမွေဆက်ခံဖို့ မိန်းမဘက်မှပါလာတဲ့ သားဖြစ်သူ တီဗာရီယက်စ်ကို မွေးစားခဲ့ရပါတယ်။

ယင်းနောက်ဆက်ခံတဲ့ မင်းများတွင် မင်းဆိုး၊မင်းညစ်များ ပါဝင်လာတဲ့အတွက် အချိန်တိုအတွင်း မင်းဆက်ပြတ်ခဲ့ရပါတယ်။ သို့ပေမယ့် ရောမအင်ပါယာမှာ နှစ် ၂၀၀ နီးပါးအထိ မပြိုကွဲခဲ့ခြင်းမှာ သြဂတ်စတက်ဆီဇာရဲ့ သြဇာအာဏာဟာ ပိုမိုရှည်ကြာ ပြီး ကြီးကျယ်ခမ်းနားတဲ့အတွက်ကြောင့်ပင် ဖြစ်ပါ တော့တယ်။

Crd-Author:ဟန်မင်းဆက်

Leave a Reply

Your email address will not be published.