ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ မအောင်မြင်ခင်က ကျရှုံးမှုများ

ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ မအောင်မြင်ခင်က ကျရှုံးမှုများ

လူတစ်ဦးဟာ အောင်မြင်မှုကို မရခင် ကျရှုံးမှုတွေကို အရင်ဖြတ်သန်းကြရပါ တယ်။ ဒါ့အပြင် အောင်မြင်ပြီးတဲ့အခါမှာလည်း ဒီအောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက်လည်း ဆက်လက်ကြိုးစား ရပါတယ်။

ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဟာ အောင်မြင်မှုတစ်ခုကို ရရှိဖို့အတွက် အမျိုးမျိုးကြိုးစားရုန်းကန် ကြရပါတယ်။ ဒီလို ကြိုးစား ရုန်းကန်ရင်း ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေက အောင်မြင်မှုရဖို့အတွက် တွန်းအားတစ်ခု ဖြစ်စေနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ အောင်မြင်မှုမရခင် ကျရှုံးမှုများကို တင်ပြလိုက်ရပါတယ်။

၁။ အေဗရာဟမ် လင်ကွန်း (Abraham Lincoln)

အေဗရာဟမ် လင်ကွန်းကို ၁၈၀၉ ခုနှစ်မှာ မွေးဖွားပြီး ၁၆ ယောက်မြောက် အမေရိကန် သမ္မတတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ တန်းတူညီမျှမှု အခွင့်အရေးကို လက်ခံထားသူဖြစ်ပြီး လူမျိုးရေး ခွဲပြားမှုတွေနဲ့ ကျွန်စနစ်ကို တွန်းလှန်ဖို့ ပံ့ပိုးပေးခဲ့ သူပါ။ ဒါပေမယ့်သူဟာ သမ္မတ မဖြစ်ခင်အချိန်အထိ ရှုံးနိမ့်မှုတွေ အများကြီးကို ကြုံတွေ့ခဲ့ရပါတယ်။

သမ္မတလင်ကွန်း အသက် ၂၃ နှစ်အရွယ် ၁၈၃၂ ခုနှစ်မှာ ကုမ္ပဏီကနေ အလုပ် ပြုတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူရင်းနှီး မြှုပ်နှံထားတဲ့ အမေရိကန် ဥပဒေပြု လွှတ်တော်တင်ဒါတွေအားလုံးကို ရှုံးနိမ့်ခဲ့ရပါတယ်။

နောက် ၃ နှစ်ကြာပြီး သူ့အသက် ၂၆ နှစ်အရွယ်မှာ သူ့အဖေ ကွယ်လွန်သွားခဲ့ပါတယ်။ နောက်ထပ် ၃ နှစ်အကြာမှာတော့ သူဟာ အီလီနွိုက်ပြည်နယ်ရဲ့ အောက် လွှတ်တော် အမတ်နေရာမှာ ဝင်အရွေးခံဖို့ ကြိုးစားခဲ့‌ပေမဲ့လည်း ရှုံးနိမ့်ခဲ့ပါတယ်။

သူ့အသက် ၃၉ နှစ်အရွယ် ၁၈၄၈ ခုနှစ်မှာ မြေယာကော်မရှင်နာ ဖြစ်ဖို့အတွက် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပြန်ပါဘူး။ သူ့ဘဝမှာ ရှုံးနိမ့်မှုတွေ အများကြီး ကြုံခဲ့ပေမဲ့ အရှုံးမပေးခဲ့ပါဘူး။

အခက်အခဲတွေ ဘယ်လောက်များများ မရရအောင်လုပ်မယ်ဆိုတဲ့ အလျှော့မပေးတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ကြိုးစားခဲ့ပါတယ်။ ဒါနဲ့ပဲ နောက် ၁၀ နှစ်အကြာ ၁၈၅၈ ခုနှစ်မှာ အမေရိကန်အောက်လွှတ်တော်မှာ အမတ်တစ်နေရာကို ရရှိခဲ့ပြီး သူ့အသက် ၅၂ နှစ် အရွယ် ၁၈၆၁ ခုနှစ်မှာ အမေရိကန် သမ္မတရာထူးကို ရရှိခဲ့ပါတယ်။

လင်ကွန်းဟာ အမေရိကန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး သမ္မတတစ်ဦးလည်း ဖြစ်ပါတယ်။ သမ္မတလင်ကွန်းရဲ့ ဇွဲကတော့ လေးစားစရာပါ။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန် ငွေကြေး ၅ ဒေါ်လာမှာ သူ့ရဲ့ရုပ်ပုံကို ထည့်သွင်းဖော်ပြ ဂုဏ်ပြုထားပါတယ်။

၂။ အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein)

Albert Einstein ကို ၁၈၇၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော်တို့ လေးစားချစ်ခင်ရတဲ့ သူ့လို ဉာဏ်ရည်ထက်မြက်ကျော်ကြားသူ တစ်ယောက်မှာ ရှုံးနိမ့်မှုတွေအများကြီးရှိတယ်ဆိုတာ မယုံနိုင်စရာပါ။

တကယ်တော့ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်အထိ စကားမပြောတတ်ပါဘူး။ သူ့အသက် ၁၆ နှစ်အရွယ် ၁၈၉၅ ခုနှစ်မှာတော့ ဇူးရစ်မြို့က Swiss Federal Polytechnic နည်းပညာကျောင်း တက်ရောက်ချင်လို့ ဝင်ခွင့်ဖြေဆိုခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။

သူဟာ တက္ကသိုလ်မှာဘွဲ့ရဖို့အတွက်လည်း အတော်လေး ရုန်းကန်ကြိုးစားခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူကကျောင်းမှာ စာအလွန်ညံ့လို့ပဲ ဖြစ်ပါတယ်။ သူ့အဖေကိုယ်တိုင်ကိုက အကယ်၍ သူသေဆုံးသွားခဲ့ရင် သူ့သား အိုင်းစတိုင်းဟာ အလွန်ညံ့ဖျင်းတဲ့အတွက် မလုပ်တတ်၊ မကိုင်တတ်ကျန်ခဲ့မဲ့ သူ့သားရဲ့ဘဝကို တွေးပြီး စိတ်ပူခဲ့ရပါတယ်။

ဘွဲ့ရပြီး နောက်ပိုင်းမှာလည်း သူဟာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ယောင်ချာချာနဲ့ဖြစ်နေခဲ့ပါတယ်။ ဘွဲ့ရပြီး တော်တော်လေးကြာမှ အာမခံကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း အာမခံထားဖို့အတွက် ဈေးကွက် ရှာဖွေခဲ့ရပါတယ်။

အာမခံကုမ္ပဏီမှာလည်း သိပ်ကြာကြာ အလုပ်မလုပ်လိုက်ရပါဘူး။ နောက် ၂ နှစ်လောက်အကြာမှာတော့ မူပိုင်ခွင့်ရုံးမှာ အလုပ်ရခဲ့ပြန်ပါတယ်။ အဲဒီမှာလက်ထောက် စာစစ်သူအဖြစ် အလုပ်လုပ်ခဲ့ရပြီး ကုန်ပစ္စည်းအမျိုးမျိုးရဲ့ မူပိုင်ခွင့်လျှောက်လွှာတွေကို အကဲဖြတ်ပေးခဲ့ရပါတယ်။

ငယ်စဉ်က အဆင်မပြေမှုတွေ၊ အခက်အခဲတွေ များစွာနဲ့ ရုန်းကန်လာခဲ့ရတဲ့ အိုင်းစတိုင်းဟာ တစ်ကမ္ဘာလုံးကသိတဲ့ တစ်ကမ္ဘာလုံးကချစ်တဲ့ ရူပဗေဒနဲ့ သင်္ချာဆိုင်ရာသိပ္ပံပညာရှင် တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ကမ္ဘာကို အကျိုးပြုတဲ့ ရှာဖွေတွေ့ရှိမှုတွေ၊ တီထွင်မှုတွေကြောင့် နိုဘယ်လ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ သူသေဆုံးသွားပြီ ဖြစ်ပေမဲ့ ခုချိန်ထိ အားလုံးက သူ့ကိုချစ်ခင်ကြဆဲပါ။

၃။ ဘီလ်ဂိတ် (Bill Gates)

Bill Gates ကို ၁၉၅၅ ခုနှစ် ဝါရှင်တန်စီးတီး၊ ဆီယက်တဲမှာ မွေးဖွားခဲ့ပါတယ်။ ဘီလ်ဂိတ်တို့ မိသားစုကတော့ အေးဆေးတည်ငြိမ်တဲ့ မိသားစုအသိုင်းအဝိုင်း ဖြစ်ပါတယ်။

သူ့အဖေကတော့ ရှေ့နေအလုပ်ကို လုပ်ကိုင်ပြီး သူငယ်စဉ်က ဖခင်ရဲ့ ခြေရာအတိုင်း ရှေ့နေတစ်ယောက်လုပ်ဖို့ ရည်မှန်းခဲ့သူပါ။ သူ့အမေကတော့ တိုးလ်ဂိတ် လို နေရာမျိုးမှာ ယာဉ်အချက်အလက်တွေကို စစ်ဆေးရသူပါ။

သူ့အမေက ယာဉ်တွေကို အလိုအလျောက် စစ်ဆေးပြီး အချက်အလက်တွေကို သတင်းပေးပို့နိုင်တဲ့စက်မျိုး လိုချင်ခဲ့ပါတယ်။ဒါနဲ့ ဘီလ်ဂိတ်ကလည်း အဲဒီစက်ကို တီထွင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီစက်တီထွင်ပြီးတဲ့ တစ်ရက်မှာတော့ သူ့အမေရဲ့ အလုပ်က ကြီးကြပ်ရေးမှူး တစ်ယောက်ဟာ ဒီစက်ကို မြင်သွားခဲ့ပြီး စစ်ဆေးတဲ့အခါမှာတော့ ဒီစက်ဟာ အလုပ်မလုပ်ဘဲဖြစ် နေခဲ့ပါတယ်။

အကယ်၍ ဒီစက်သာ ကောင်းခဲ့မယ်ဆိုရင် ဘီလ်ဂိတ်ဟာ အခွင့်အလမ်းများစွာကိုရရှိမှာဖြစ်ပါတယ်။ ဒီကိစ္စဟာ ဘီလ်ဂိတ်ဘ၀အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာ တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာ ဘီလ်ဂိတ်ဟာ ဟားဗတ်တက္ကသိုလ်မှာ ရမှတ်ကောင်းတွေ ရရှိခဲ့ပါတယ်။ နောက်တစ်နှစ်အကြာမှာ ဟားဗတ်တက္ကသိုလ်က မိုက်ခရိုဆော့ဖ်ကုမ္ပဏီနဲ့ တွဲဖက်လုပ်ကိုင်သူ ပေါလ်အယ်လင်နဲ့ အလုပ်တွဲလုပ်ခွင့် ရရှိခဲ့ပြီး အောင်မြင်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

၄။ ချားလ်ဒါဝင် (Charles Darwin)

သဘာဝလောကပညာရှင်တစ်ဦးဖြစ်တဲ့ Charles Darwin ကို ၁၈ဝ၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူငယ်စဉ်က Edinburgh ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှာ တက်ရောက်ခွင့် ရခဲ့ပေမဲ့လည်း စိတ်မပါတာကြောင့် ကျောင်းထွက်လိုက်ပါတယ်။

သူ့အဖေကတော့ “မင်းဘာကိုမှ စိတ်မဝင်စားရင်တောင် ခွေးရိုက်တာနဲ့ ကြွက်ဖမ်းတာလောက်တော့ လုပ်တတ်ရမယ်”လို့ ပြောခဲ့ပါတယ်။ ဒါဝင်ဟာ ဒုတိယအကြိမ် ကြိုးစားအားထုတ်မှုအနေနဲ့ ကင်းဘရစ်ကောလိပ်မှာ တက်ရောက်ခဲ့ပြန်ပါတယ်။

ဒါပေမဲ့ အဲဒီကောလိပ်တက်ရခြင်းဟာလည်း သူ့အတွက် အကျိုးမရှိဘူးလို့ ယူဆထားပါတယ်။ ဒါကြောင့်လည်း ဒုတိယအကြိမ် ကျောင်းထွက်ခဲ့ ပြန်ပါတယ်။ ဒီလိုလုပ်တာကို သူ့မိဘနဲ့ သူ့အမျိုးအားလုံးက မနှစ်သက်ကြပါဘူး။

ဒါကိုလည်း ဒါဝင်က “သူ့အဖေနဲ့ သူ့ဆရာသမားတွေဟာ သာမန်ဉာဏ်ရည်ထက် နိမ့်ကျတဲ့ သူတွေဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ ဒီလို ခဏခဏကျောင်းထွက်နေ တာဟာ သူ့ဘဝအတွက်တော့ ရှုံးနိမ့်မှုတွေလို့ဆို နိုင်ပေမဲ့ ဒုတိယအကြိမ် ကျောင်းထွက်ပြီးနောက် သိပ္ပံပညာရပ်ကို ဇောက်ချလေ့လာခဲ့တဲ့အတွက် နောက်ပိုင်းမှာ သူဟာ သိပ္ပံလောကရဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေထဲက သက်ရှိတို့ ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ သီအိုရီတွေဟာ လူသားတွေအတွက် များစွာအကျိုးရှိခဲ့ ပါတယ်။

၅။ ချာလီ ချပလင် (Charlie Chaplin)

ကမ္ဘာကျော် ဟာသဘုရင်လို့ ခေါ်တဲ့ Charlie Chaplin ကို ၁၈၈၉ ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ချပလင်ရဲ့ ငယ်ဘဝတွေကတော့ အခက်အခဲများစွာနဲ့ ပြည့်နှက်နေပါတယ်။

ဆင်းရဲသား မိသားစုကနေ ပေါက်ဖွားလာခဲ့တဲ့ ချပလင်ဟာ သူ့အသက် ၂ နှစ်အရွယ်မှာပဲ သူ့အဖေက သူတို့မိသားစုကို ပစ်ခွာသွားခဲ့ပါတယ်။ သူ့အမေကလည်း အိမ်အကူအလုပ်တို့၊ စက်ချုပ်တာတို့ကလွဲလို့ ကျန်တာတွေဘာမှ မလုပ်တတ်ပါဘူး။

သူ့အဖေက ငွေကြေးထောက်ပံ့မှု မပေးတာကြောင့် သူတို့မိသားစုဟာ အတော် ကလေးကို အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ သူ ၇ နှစ် အရွယ်မှာ သူတို့မိသားစုဟာ အလွန် ဆင်းရဲနွမ်းပါးတာကြောင့် သူ့ကို တာဝန်မယူနိုင်တော့လို့ မိဘမဲ့ ဂေဟာကို ပို့ခဲ့ပါတယ်။

သူ ၉ နှစ်အရွယ်မှာ အဲဒီဂေဟာကနေ သူ့မိခင်ဆီ ပြန်လာခဲ့တဲ့အခါမှာတော့ သူ့အမေဟာ အိမ်မှာမရှိတော့ပါဘူး။ စိတ္တဇဆေးရုံကို အပို့ခံလိုက်ရပါပြီ။ သူ့ကိုအုပ်ထိန်းမဲ့ သူမရှိတော့လို့ မိဘမဲ့ဂေဟာကို ပြန်ပို့လိုက်ကြပါတယ်။

နောက် ၂ နှစ်အကြာ သူ့အသက် ၁၁ နှစ် အရွယ်မှာတော့ သူ့အဖေဟာ ဒာရက်အလွန်အကျွံ သောက်သုံးတာကြောင့် အသည်းခြောက်ပြီး သေဆုံးခဲ့ရပါတယ်။ သူ့အမေရဲ့ စိတ်ရောဂါအခြေအနေဟာလည်း သက်သာကောင်းမွန်မှု မရှိတဲ့အတွက် ဘဝတစ်လျှောက်လုံး စိတ်ကျန်းမာရေး ဆေးရုံမှာပဲ နေသွားရပါတယ်။

ချပလင်နဲ့ သူ့အစ်ကိုဟာ သူမအောင်မြင်ခင်အချိန်အထိ နေ့တော်တော် များများ အငတ်နေခဲ့ရပါတယ်။နောက်ပိုင်းမှာ ချပလင်ဟာ ပြဇာတ်တွေမှာ သရုပ်ဆောင်ခွင့်ရခဲ့ပြီး သူ့ရဲ့ ဟာသစွမ်းရည်တွေကို ထုတ်ဖော်ပြသခွင့် ရခဲ့ပါတယ်။

မမျှော်လင့်ဘဲ ဟောလီးဝုဒ်ကို ရောက်သွားပြီး နောက်ပိုင်းမှာတော့ ကမ္ဘာကျော်အသံတိတ် သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

၆။ ဗင်းဆင့် ဗန်ဂိုး ( Vincent Van Gogh)

Vincent Van Gogh ကို ၁၈၅၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ခေတ်သစ်သမိုင်းရဲ့ လက်ရာအမြောက်ဆုံး ပန်းချီဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ သူငယ်စဉ်ကတည်းက ပန်းချီပညာကို ရူးသွပ်ခဲ့ပြီး သူ့ဘဝတစ်လျှောက်လုံးမှာ သူရေးဆွဲခဲ့တဲ့ ပန်းချီကားပေါင်း ၂၁၀၀ ရှိပါတယ်။

ဒါပေမဲ့ ဗန်ဂိုးဟာ သူ့အသက် ၃၇ နှစ် အရွယ် ၁၈၉ဝ ပြည့်နှစ် ရောက်တဲ့အချိန်အထိ သူဆွဲခဲ့သမျှ ပန်းချီကားတွေထဲက တစ်ချပ်ကိုသာ ရောင်းရခဲ့ပါတယ်။ ဟုတ်ပါတယ်။ ပန်းချီကား တစ်ချပ်တည်းကိုပဲ ရောင်းခဲ့ရတာပါ။

သူ့ကိုယ်သူလည်း ရှုံးနိမ့်သူတစ်ယောက်လို့ သတ်မှတ်ပြီး ဘဝမှာတန်ဖိုးမရှိတော့တဲ့ လူတစ်ယောက်လို့ ခံယူထားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ သူ့ဘဝဟာ အတော်ကလေးကို ဆင်းရဲ နွမ်းပါးပြီး မအောင်မြင်မှုတွေ များတာကြောင့် စိတ်ကျရောဂါကိုလည်း ခံစားခဲ့ရပါတယ်။

သူစိတ်ဝေဒနာ ခံစားနေရတဲ့ အတောအတွင်း ကယောင်ချောက်ချားတွေဖြစ်ပြီး သူဟာ ပန်းချီတွေကို အဆက်မပြတ် ရေးဆွဲခဲ့ပါတယ်။ သူမသေဆုံးခင် ၂ နှစ်လောက်အလိုမှာ သူဟာ ဆီဆေးပန်းချီ ၈၆ဝ လောက်ကို ရေးဆွဲခဲ့ပါတယ်။

သူ့ရဲ့ အတွေးအခေါ် စိတ်ကူးစိတ်သန်းတွေဟာ အနုပညာလောကကို ရိုက်ခတ်တုန်လှုပ်ခဲ့ပါတယ်။ သူသေဆုံးသွားပြီးမှ သူ့ဆွဲခဲ့တဲ့ ပန်းချီကားတွေဟာ နာမည်ကျော်ကြားလာခဲ့ပါတယ်။

သူ့ပန်းချီကားတွေဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ကျော်ကြားလာခဲ့ပြီး၊ ဝယ်ယူစုဆောင်းသူ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို လက်ရာအမြောက်ဆုံး ပန်းချီပညာရှင်တစ်ဦးအဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။

ဘဝမှာ အခက်အခဲတွေ ဘယ်လောက်ကြီးပဲ ပြင်းထန်နေပါစေ အရှုံးလို့ မသတ်မှတ်မချင်း တကယ်မရှုံးသေးပါဘူး။ ရှုံးနိမ့်ခြင်းကို လက်ခံလိုက်တော့မှသာ လုံးဝရှုံးနိမ့်သွားတာပါ။

ကျွန်တော်တို့ အသက်ရှင်နေသရွေ့ ကြိုးစားပိုင်ခွင့်ရှိပါတယ်။ ဒီလိုကြုံတွေ့ရတဲ့ အခက်အခဲတွေဟာ အောင်မြင်မှုအတွက် လမ်းစဖြစ်သလို ခွန်အားတစ်ခုလည်းဖြစ်ပါတယ်။

Author : မောင်စည်း

Leave a Reply

Your email address will not be published.