နိမိတ်ကို မယုံကြည်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာ့သမိုင်းထဲက အိမ်ရှေ့စံမင်းသားကြီး

နိမိတ်ကို မယုံကြည်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာ့သမိုင်းထဲက အိမ်ရှေ့စံမင်းသားကြီး

နိမိတ်ကို မယုံကြည်၍ အသက်ဆုံးရှုံးခဲ့ရသော အိမ်ရှေ့စံဆိုသည်မှာ မင်းတုန်းမင်းတရားကြီး၏ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားကြီး ဖြစ်ပါသည်။

ကနောင်မင်းသားကြီးသည် မန္တလေးတောင်ခြေရှိ လောကမာရဇိန်ဘုရား ပရိဝုဏ်အတွင်းတွင် နောင်တော်ဘုရား နှင့် အစ်မတော်ဘုရားတို့ ပိဋကတ်တော်ကျောက်ထက် အက္ခရာတင်ရေး ကိစ္စကို ကြီးကြပ်ရန် ရောက်ရှိနေမည်ဖြစ်သဖြင့် ထိုနေရာသို့ သွားရန် နံနက်စောစော ခပ်သုတ်သုတ်ပြင်ဆင်၏။

ပြီးလျှင် အိမ်ရှေ့အိမ်တော်မှအဆင်း အိမ်တော်အောက်ဖက်သို့ ရောက်သည်နှင့် လှိုင်ထိပ်ခေါင်တင် မင်းသမီးသည်_
“မောင်တော်ဘုရား သည်ကိစ္စအတွက် မသွားပါနဲ့လား” ဟူ၍ လက်အုပ်ချီကာ တုန်တုန်ယင်ယင်ဖြင့် လျှောက်ထားလာလေ၏။ အိမ်ရှေ့စံမင်းသားကြီးလည်း နောက်လိုက်နောက်ပါ များရှေ့တွင် ဖြစ်နေ၍_

“လှိုင် သတိထားလေ။ ဘယ်လိုကြောင့် ခုလို လာတား နေရတာလဲ”ဟု အမေးတော်ရှိလိုက်၏။

ထိုအခါ လှိုင်မင်းသမီးက “နှမတော်ရဲ့ အိပ်မက်ထဲမှာ မောင်တော့် ဗောင်းတော် ပြုတ်ကျတယ်လို့ မြင်ပါတယ်။ ပြီးတော့ မောင်တော့် ဦးခေါင်းတော်ရိပ်လည်း မမြင်ပါ။

အတိတ်နိမိတ်မကောင်းလို့ မသွားဖို့ရာ တောင်းပန်လျှာက်ထား နေရတာပါ မောင်တော်ဘုရား” ဟူ၍ တောင်းပန်သည်ရှိသော် ကနောင်မင်းသားလည်း “နှမတော် လှိုင်၊ ညက မအိပ်နိုင်လို့ အမြင်တွေမှောက်မှား နေတာဖြစ်မှာပါ။

စိတ်အေးအေးထားပါ နှမတော်။ မောင်တော် ဘာမှ မဖြစ်နိုင်ပါဘူး။ မောင်တော်ရဲ့ နောင်တော် ဘုရင်မင်းမြတ် ထွက်ကြွမူတဲ့နေရာကို မသွားလို့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး။

လှိုင်လည်း အိမ်တော်ပေါ်ကို တက်ပါ။ မောင်တော်လည်း ဆင်တော်ပေါ်ကို တက်တော့မယ်။ မောင်တော့်ကို လုပ်ကြံသတ် ဖြတ်နိုင်မယ့်သူ မမွေးသေးဘူးလို့သာမှတ်”ဟူ၍ ပြောဆိုကာ ကြွမြန်းလာခဲ့လေ၏။

တစ်ဖန် လမ်းခွတ်လပ်ရှိ ချောင်းတစ်ဖက်သို့ အကူးတွင် ဗောင်းတော်ကျွတ်ကျသဖြင့် လိုက်ပါလာသော ပညာရှိ အမတ်တို့က “ကိုယ်တော်ကြီးဘုရား…ဗောင်းတော်ကျွတ်ကျသည်မှာ မကောင်းသော ပုဗ္ဗနိမိတ်ဖြစ်ပါ၏။ ရှေ့ဆက်သွားရန် မသင့်ပါ ဘုရား။ နောက်သို့သာ ပြန်လှည့်သင့်ပါသည် ဘုရား” ဟူ၍ ဝိုင်းဝန်းတင်လျှောက်ကြလေ၏။

သို့ရာတွင် ကနောင်မင်းသားကြီးသည် တားလျှောက်နေသည့်ကြားမှပင် သွားဖြစ်အောင် သွားခဲ့သောကြောင့် ကြိုတင်ကြံစည်ထားကြသည့် မြင်ကွန်း, မြင်းခုန်တိုင် ညီနောင်တို့၏ လက်ချက်ဖြင့် ခေါင်းဖြတ်လုပ်ကြံ သဝာ်ဖြတ်ခြင်းကို ခံခဲ့ရရှာ လေ၏။

မိမိတို့နိုင်ငံကား ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်းတွင် ပါဝင်နေသည်ဖြစ်၍ “ဇမ္ဗူဒိပ် နိမိတ်ထွန်း”ဟူသည့် စကားနှင့်အညီ “နိမိတ်”နှင့်တကွ အတိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတို့ဖြင့် အကျိုးအပြစ် ပေးတတ်လေ၏။

သုံးလောကထွတ်ထား ရှင်တော်ဗုဒ္ဓမြတ်ဘုရားသော်မှ အိပ်မက်ကြီးငါးပါး၏ နိမိတ်ကို မြင်မက်ခဲ့၏။ ရှေ့ပြေးကြိုတင် ထင်မြင်လာသော ပုဗ္ဗနိမိတ်ကား မှန်ပဲ မှန်နိုင်လွန်းလေစွတကား။

Source-နန္ဒမိုးကြယ်(ဖြစ်ရပ်များ ၁၀၀)

Leave a Reply

Your email address will not be published. Required fields are marked *