ဟစ်တလာရဲ့ အကြီးဆုံးနဲ့ အစွမ်းထက်ဆုံး အမြောက်လက်နက်ကြီး အကြောင်း

ဟစ်တလာရဲ့ အကြီးဆုံးနဲ့ အစွမ်းထက်ဆုံး အမြောက်လက်နက်ကြီး အကြောင်း

ဟစ်တလာဟာ ၁၉၃ဝ ပြည့်နှစ်မှာ The Schwerer Gustav ဆိုတဲ့ အမြောက် လက်နက်ကြီးကို တည်ဆောက်စေခဲ့ပါတယ်။ ဒီလက်နက်ကြီးဟာ နာဇီတို့တည်ဆောက်ခဲ့သမျှ လက်နက်တွေထဲ အကြီးဆုံးနဲ့ အစွမ်းထက်ဆုံး အမြောက် လက်နက်ကြီးလဲ ဖြစ်ပါတယ်။

ဒီလက်နက်ကြီးကို ကမ္ဘာကျော် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Krupp က ပိုလန်နိုင်ငံ Darlowo မြို့မှာ တည်ဆောက်ခဲ့ပါတယ်။ ကုန်ကျစရိတ်တန်ဖိုးအနေနဲ့ အဲဒီခေတ်ကာလက ဂျာမန်ငွေ ၇ သန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ သန်းခန့်) ကုန်ကျခဲ့ပါတယ်။

ဒီလက်နက်ကြီးကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြင်သစ်နိုင်ငံရဲ့ အခိုင်မာဆုံးနဲ့ အတောင့်တင်းဆုံးဖြစ်တဲ့ Maginot Line က ခံတပ်ကြီးတွေကို ဖျက်ဆီးပစ်ဖို့ပဲ ဖြစ်ပါတယ်။

ဒီလက်နက်ကြီးက အလျား ၁၅၅ ပေ ၂ လက်မ၊ အနံ၂၃ ပေ ၄ လက်မ၊ အမြင့် ၃၈ ပေ ၁ လက်မ ရှိပြီး အလေးချိန် ၁၃၅ဝ တန်ရှိပါတယ်။ အဲဒီလက်နက်မှာ ထည့်သွင်းပစ်ခတ်မဲ့ အမြောက်ဆန်တွေရဲ့ အရွယ်အစားကတော့ ၈၀၀ မီလီမီတာရှိပြီး အလေးချိန်အားဖြင့် ၇ တန်ရှိပါတယ်။

လက်နက်ကြီးကို တပ်ဆင်ဖို့ လူအင်အား ၂၅ဝ လိုအပ်ပြီး ၃ ရက်လောက်ကြာအောင် တပ်ဆင်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလက်နက်ကြီး သယ်ယူနိုင်ရန် သဲလမ်းဖောက်ဖို့နဲ့ ခံတပ်တူးဖော်ပေးဖို့ လူ ၂၅၀၀ လောက် လိုအပ်ပါသေးတယ်။

အရွယ်အစား ကြီးမားလွန်းတဲ့ ဒီလက်နက်ကြီးကို ရန်သူ့လေယာဉ်တွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကနေ ကာကွယ်ဖို့ လေကြောင်းတပ်ရင်း ၂ ခုလောက် အသင့်ရှိနေဖို့လဲ လိုအပ်ပြန်ပါသေးတယ်။

ဒီလက်နက်ကြီးရဲ့ ပစ်ခတ်မှု စွမ်းအားကတော့ ၂၉ မိုင် အကွာအဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်ပြီး နာရီဝက်ကို တစ်ကြိမ် ပစ်ခတ်နိုင်ကာ တစ်ရက်ကို ၁၄ ကြိမ် အထိ ပစ်ခတ် နိုင်စွမ်းရှိပါတယ်။

ဒီလက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ ကျရောက်ပေါက်ကွဲတဲ့ မြေပြင်ဟာ အကျယ် ပေ ၃ဝ၊ အနက် ပေ ၃ဝ ရှိတဲ့ တွင်းပေါက်ကြီးဖြစ် စေတဲ့အထိ စွမ်းအားပြင်းထန်လှတဲ့အတွက် ကွန်ကရစ် အထပ်ပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ခံတပ်တွေကိုလဲ အလွယ်တကူ ထိုးဖောက်နိုင်စွမ်းရှိပါတယ်။

အားနည်းချက်အနေနဲ့ကတော့ လက်နက်ကြီးဟာ အင်မတန်ကြီးမားလွန်းတဲ့အတွက် ရန်သူ အလွယ် တကူ မြင်တွေ့နိုင်တာပါပဲ။ ၁၉၃၀ ပြည့်နှစ်က စတင်တည်ဆောက်ခဲ့တဲ့ ဒီလက်နက်ကြီးဟာ ၁၉၃၇ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။

ဟစ်တလာဟာ ဒီလက်နက်ကြီးကို ဆိုဗီယက်ရဲ့ ဆက်ဟစ်တိုပိုလ်မြို့နဲ့ စတာလင်ဂရက် မြို့သိမ်းတိုက်ပွဲတွေမှာ အသုံးပြုခဲ့ပြီး စုစုပေါင်း အမြောက်ဆန် အလုံး ၄၀ ခန့် ပစ်ခတ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အဲဒီလက်နက်ကြီးကို အမေရိကန်တပ်တွေက ရှာဖွေတွေ့ရှိသွားခဲ့ပြီး ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဟစ်တလာရဲ့ အကြီးဆုံး အမြောက် လက်နက်ကြီးလဲ ဇာတ်သိမ်းခဲ့ရပါတော့တယ်။

စစ်ဦး

Leave a Reply

Your email address will not be published. Required fields are marked *