ကားဆီစားမှု သက်သာရာသက်သာကြောင်း နည်းလမ်းများ
ယနေ့ ၂၀၂၂ ခုနှစ် စက်သုံးဆီစျေးကြီးရဲ့ ရိုက်ခတ်မှုကတော့ ကားထဲထည့်ထားတဲ့ဆီတွေ အငွေ့ပျံသွားသလား အောက်မေ့ရပါတယ်။ 2.5 L / 3.5 L ကားများ မဆိုထားနှင့် 660 cc / 1000 cc ကားသမားများပင် ညည်းညူနေကြပါပြီ။
အာ့ကြောင့် ဆီစားသက်သာရာသက်သာကြောင်းလေးတွေကို ရေးပေးပါရစေ။
၁။ ကားအလေးချိန် (Weight)
ယေဘုယျအားဖြင့် ကားဝိတ်လေးရင် ဆီပိုစားတယ်ဆိုတာ သိကြပြီးသားပါ။ အလေးချိန် များလာတာနဲ့ ကားရဲ့ Rolling Resistane များလာပြီး ကားလိမ့်ဖို့ စွမ်းအင်ပိုလိုပါတယ်။
အဲ့ စွမ်းအင်ကို အင်ဂျင်က ပေးပေမယ့် အင်ဂျင်ပါဝါဟာ ‘ဆီ’ကနေ ရတာဖြစ်ပါတယ်။ ဆီ (Chemical Potential Energy) မှ အင်ဂျင် (Mechanical Energy)၊ အဲ့ကမှ ဘီးလိမ့် (Kinetic Energy) အဆင့်ဆင့်ဖြစ်ပါတယ်။
ဒါကြောင့် ဝိတ်ထပ်ပြီး လျှော့မရတော့တဲ့ မူလကားအခွံထဲကို ထည့်ထားမိတဲ့ မလိုအပ်သော/လေးသော အပိုပစ္စည်းတွေရှာပြီး ထုတ်လိုက်ပါ။ ပျမ်းမျှအားဖြင့် အလေးချိန် ပေါင် ၁၀၀ (100 lb) ပိုလေးတိုင်း ဆီစားနှုန်း 1 မှ 2% ပိုများပါလိမ့်မယ်။ ကားစီးရင်လည်း တစ်ယောက်ပဲလိုရင် တစ်ယောက်ပဲသွားပါ။ လူပိုကို လိုမှခေါ်တင်သွားပါ။
၂။ ကားဘီးလေပေါင် (Tyre Pressure)
ကားလေပေါင် ဆိုပြီးပြောကြပါတယ်။ Unit ကတော့ Pound per Square Inch (PSI) တစ်လက်မပတ်လည်ဧရိယာမှာ ကျရောက်နေတဲ့ လေဖိအား ‘ပေါင်’ ဖြစ်ပါမယ်။ လေပေါင်လျော့နေခြင်းကလည်း ဆီစားစေပါတယ်။
ပုံမှန် လေပေါင်ထက် 1 PSI လျော့ကျလျှင် ဆီစားနှုန်း 0.2% အထက်ကို တက်ပါလိမ့်မယ်။ တိကျတဲ့လေပေါင်ကို ကားရဲ့ ဘေးဘောင်မှာ ရေးထားတဲ့အတိုင်း ထိုးထားရပါမယ်။
တာယာ လေတင်းတင်းထိုးထားရင် ဆီစားပိုသက်သာမလားဆိုတော့ သက်သာပါတယ်။ ဒါပေမယ့် ကားက ခုန်ပြီး အဆင်မပြေနိုင်ပါဘူး။
၃။ ကားမောင်းနှုန်း (Speed)
ကားကို ဆီစားသက်သာအောင် လီဗာ (Accelerator)ကို ဖိနင်းပြီး အရှိန်ရတာနဲ့ လွှတ်ထားလိုက်မယ်။ အရှိန်လျော့လာရင် ပြန်နင်းမယ် စသည်ဖြင့် ခိုပြီးမောင်းနှင်ခြင်းဟာ ဆီပိုစားစေပါတယ်။
ကားကို မြန်မြန်မောင်းခြင်း/ နှေးနှေးမောင်းခြင်းတွေဟာ ဆီစားမသက်သာစေပါဘူး။ စမ်းသပ်မှုများအရ ကားကို ကိန်းသေအလျှင် (Constant Speed) တွင် မောင်းနှင်ခြင်းဟာ ဆီစားအသက်သာဆုံးဖြစ်ပါတယ်။
ဒါ့ကြောင့် ကားမိုင်းလိတ်ခွက်ကို ကြည့်ပြီး km/h တစ်ခု ငြိမ်အောင်ထိန်း မောင်းရပါမယ်။ Cruise Control ပါတဲ့ ကားတွေ အတွက်တော့ ပိုအဆင်ပြေပါမယ်။ (Manual ကားများ ဖရီးရိုက်ခြင်း ၊ Auto ကားများ N သို့ ပြောင်းထားခြင်းများကို အားမပေးပါ။)
၄။ အဲကွန်းဖြင့်မောင်းခြင်း (AC)
ပူလွန်းတဲ့ ရာသီတွေမှာ AC on ပြီးမောင်းတာ သဘာဝကျပေမယ့် အပူချိန် အရမ်းနှိမ့်ထားခြင်းဟာ ပြင်ပအပူချိန်နဲ့ ကွာပြီး ကျန်းမာရေးထိခိုက်စေသလို ဆီလည်းပိုစားပါတယ်။
AC Compressor ကတော့ အင်ဂျင်မှ တိုက်ရိုက်မောင်းရလို့ ဆီစားတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ကားထဲမှာ အအေးရှိန်လေး ရလာရင် AC ပိတ်လိုက်ပြီး ပြန်နွေးလာမှသာ AC ပြန်ဖွင့်လိုက် စသည်ဖြင့် အဖွင့်/အပိတ်လေးလုပ်ရင်လည်း ဆီစားသက်သာမှာပါ။
AC Auto ဖြစ်ရင်တော့ အပူချိန် တစ်ခုခု ချိန်ပြီးထားနိုင်ပါမယ်။ နောက်တစ်ခုက ကားအရှိန် မြန်လာတဲ့အချိန် ကားမှန်တွေကို ချပြီးမောင်းခြင်းဟာ Resistane များစေပြီး ဆီစားစေပါတယ်။
100 km/h မှာ မှန်တွေချပြီး မောင်းရင် ဆီစားနှုန်း 15% အထိတက်ပြီး 110 km/h မှာ 25% အထိတက်နိုင်လို့ AC ဖွင့်ပြီးမောင်းခြင်းထက် ဆီပိုစားတာကို သတိထားရပါမယ်။
၅။ ဘရိတ်ဖိနင်းခြင်း (Braking Aggressively)
ကားကို အရှိန်နဲ့မောင်းပြီး ပြန်နှေးချင်ရင် ဘရိတ်ဖိနင်းခြင်းဟာလည်း ဆီစားစေပါတယ်။ ကားရဲ့ Kinetic Energy ကို ဘရိတ်ပတ်မှာ Heat Energy ပြောင်းလဲသွားလို့ စွမ်းအင်ကုန်ခြင်းဖြစ်ပါတယ်။
ကားတစ်စီးလုံးရဲ့ အသုံးချနေတဲ့ စွမ်းအင်တိုင်းဟာ ဆီမှရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကားအရှိန်နှေးချင်ရင် ဂီယာပြောင်းပေးသင့်ပါတယ်။ Auto ဆိုလျင်လည်း S ကို ပြောင်းပြီးမှ ဘရိတ်မှေး ထားသင့်ပါတယ်။
၆။ ကားစက်ရပ်ထားရန် (Idle Stop)
ကားတစ်စီး မနက် စက်စနှိုးပြီးရင် ဒိုင်ခွက်ထဲက coolant Temperature (စိမ်း/ပြာ) မီးလေး ပိတ်သွားမှ ကားစပြီး ထွက်ရမယ်လို့ ဘယ်သူတွေဂျင်းထည့်ခဲ့လဲမသိပါဘူး။တချို့က လိုက်လုပ်ကြပါတယ်။
တကယ်ကတော့ ကားစက်စနှိုးပြီးရင် ချက်ချင်းမထွက်စေဘဲ အင်ဂျင်ဝိုင်တွေ ထိပ်ထိတက်အောင် စောင့်ခိုင်းတာပါ။ အင်ဂျင်ဝိုင်တက်ဖို့ တကယ်တမ်း စက္ကန့် ၂၀ ထက်ပိုပြီး မကြာပါဘူး။
ဒါ့ကြောင့် စက္ကန့် ၃၀ စောင့်ရင် လုံလောက်ပါပြီ။ တစ်မိနစ်ထက်ပိုရင်တော့ ဆီစားစေတဲ့အပြင် CO2 တွေကို ထုတ်လွှတ်နေတာပဲ ဖြစ်ပါတယ်။ ကားသွားပြီးလမ်းမှာ ကားရပ်ပြီး စောင့်တာ/ စျေးဆင်းဝယ်တာပဲဖြစ်ဖြစ် ကားစက်ကို ရပ်ထားရပါမယ်။
တချို့နိုင်ငံတွေမှာ ကားရပ်ထားပြီး စက်မသတ်ထားရင် ဒဏ်ငွေဆောင်ရတာတွေ ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက်လည်း ပါပါတယ်။ Dချိန်မှာတော့ (Smart Stop) Auto Start/Stop function ပါတဲ့ ကားတွေက အဆင်ပြေပါမယ်။
ဒါပေမယ့် Smart Stop မှာလည်း Starter Motor နဲ့ ပြန်နှိုးတဲ့ စနစ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင် အတွက်သာကောင်းပြီး ဆီစားသိသိသာသာ မသက်သာစေပါဘူး။
၇။ ကားတွင်း လျှပ်စစ်ပစ္စည်းများ သုံးစွဲခြင်း (Electrical)
ခေတ်ပေါ်ကားများမှာ Electrical ပစ္စည်းများ နှင့် Driver Assistant Feature များ ပို၍များသောကြောင့် ဆီစားများစေပါတယ်။ အချို့က ကားစက်နှိုးထားလို့ ကားထဲက လျှပ်စစ်ပစ္စည်းများသုံးစွဲခြင်းက ဆီစားကို မထိခိုက်ဘူးလို့ ယူဆကြပါတယ်။
တကယ်က စွမ်းအင်တွေသုံးတာနဲ့ အဲ့ စွမ်းအင်များဟာ ‘ဆီ’ ကထွက်တာဖြစ်ပါတယ်။ ကား Wiper ဟာ 80 မှ 150 Watt ရှိပါတယ်။ ကား Heater သုံးခြင်းဟာ AC Compressor မပါပေမယ့် Blower fan ဟာလေမှုတ်ပေးဖို့ 170 Watt ရှိပါတယ်။
Seat Heater များဟာ Watt 100 မှ 200 ရှိပါတယ်။ Sun roof ပါတဲ့ကားမှာ ဖွင့်ဖို့ 200 Watt မော်တာသုံးရပါတယ်။ Power window တွေ Central Lock တွေအတွက် 150 Watt Servo motor တွေသုံးရပါတယ်။
စီးကရက်ခွက်မှ ဖုံးအားသွင်းခြင်း နဲ့ ယနေ့ခေတ် အော်ရဂျင်နယ် UDB ဖုံးအားသွင်းစနစ်တွေကလည်း စွမ်းအင်သုံးရပါတယ်။ နေ့ဘက် Day light၊ ညဘက် ရှေ့မီးကြီး/ Fog Lamp များဟာလည်း ဆီစားစေပါတယ်။ အတွင်းအပြင် မီးတွေ အလှဆင်ထားရင်တော့ ပိုကုန်ပါမယ်။
ကားတစ်စီး စက်စနှိုးပြီးတာနဲ့ သုံးသမျှ လျှပ်စစ်အားလုံးကို Alternator ကပေးနေတာဖြစ်ပါတယ်။ ဘက်ထရီ ကိုလည်း အားသွင်းပေးရပါတယ်။ Alternator ကနေလျှပ်စစ်တွေ သုံးသုံး/မသုံးသုံး စက်နှိုးထားရင် အလကားထွက်နေတာပဲ ‘ဆီ’က ထပ်ပြီးကုန်ရသေးလားဆိုတော့ ကုန်ပါတယ်။
လွယ်လွယ်ပြောရရင် Alternator မှာ လျှပ်စစ်ထွက်ဖို့ အင်ဂျင်ကနေ Belt ကြိုးနဲ့ Alternator pulley ကို ဆွဲလှည့်ပေးရပါတယ်။ Alternator ကနေ လျှပ်စစ်များများဆွဲသုံးရင် အင်ဂျင်က များများဆွဲလှည့်ပေးရပါမယ်။ အာ့ကြောင့် ဆီကုန်ပါတယ်။
တကယ်လို့ လေ့လာချင်လျှင် အင်ဂျင်ပါဝါ 2.0L အောက် (ပါဝါမြင့်ရင် သိပ်မသိသာမှာစိုးလို့ပါ) ကားတစ်စီးကို စက်နှိုးထားပြီး မှန်တင်မှန်ချလုပ်ကြည့်တာဖြစ်ဖြစ်/ ရှေ့မီးကြီး ဖွင့်ကြည့်တာဖြစ်ဖြစ် ပြုလုပ်လိုက်ပါက အင်ဂျင် rpm ကျသွားတာကို တွေ့နိုင်သလို RPM ဒိုင်ခွက်မပါရင်လည်း အင်ဂျင် စက်သံနှေး/တုန်သွားတာကို ကြားရပါလိမ့်မယ်။ လျှပ်စစ်သုံးလိုက်လို့ အင်ဂျင်ပိုရုန်းရပြီး ဆီပိုစားခြင်းဖြစ်ပါတယ်။
၈။ လေခုခံမှုရှိခြင်း (Aerodynamic Shape)
ကားရဲ့ ပင်ကိုယ်ပုံစံ ကိုဖျက်ခြင်းဟာလည်း ဆီစားစေပါတယ်။ ဥပမာ- ကားခေါင်မိုးပေါ်သို့ ပစ္စည်းများ၊ Taxi အများစုမှာ ဆိုင်ကယ်များ၊ အထုတ်ကြီးများ စသည်ဖြင့် တင်ထားခြင်းဟာ ကားရဲ့ လေခွင်းအားကို လျော့စေပြီး ဆီပိုစားစေပါတယ်။
SUV ဆိုပြီး ကားခေါင်မိုးပေါ် ပစ္စည်းတင်ကာ ပိုက်ကွန်တွေအုပ်ပြီး အလှဆင်ထားခြင်းများဟာလည်း ဆီစားစေပါတယ်။
၉။ အင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်း (Engine Maintenance)
အင်ဂျင်ဝိုင်၊ လေစစ် နှင့် ပလဂ်များ မလဲခြင်းကလည်း ဆီစားများစေပါတယ်။ အင်ဂျင်ကိုပါ ထိခိုက်စေလို့ သတိထားလဲလှယ်ပေးရပါမယ်။ ဒါ့အပြင် Injector ဆီယိုခြင်း၊ O2 Sensor/Engine Coolant Sensor မကောင်း၍ ဆီများနေခြင်း၊ Vacuum leak ဖြစ်၍ ဆီများနေခြင်း၊ ဆီထည့်သည့် ဆီတိုင်ကီအဖုံး seal မလုံ၍ ဆီငွေ့ပျံနေခြင်းများကလည်း ဆီစားများစေပါကြောင်းဖြင့်။ ။
Crd-မူရင်းရေးသူ Sir Lin Htet(EEM)၊Engineering Explained for Myanmar