မြန်မာ့သမိုင်းထဲက လူမျောက်မိသားစု အကြောင်း

မြန်မာ့သမိုင်းထဲက လူမျောက်မိသားစု အကြောင်း

ပထမဆုံး လူမျောက်ဖြစ်တဲ့ ဦးရွှေမောင်ကို ၁၇၉၆ ခုနှစ်မှာ သံလွင်မြစ် (သို့) မုတ္တမြစ်ဘေးက လောနိုင်ငံ မိုင်းရုံးကြီးနယ်မှာ မွေးဖွားခဲ့တယ်။ (ပထဝီ အခြေအနေနဲ့ အခေါ်အဝေါ်အရ အဲဒီ ဒေသဟာ အခု ထိုင်းနိုင်ငံထဲက Mae Yong ပဲ ဖြစ်ဖို့များပါတယ်)

အဲဒီဒေသကို အပိုင်စားတဲ့ စော်ဘွားတစ်ယောက်က ထူးထူးဆန်းဆန်း အမွေးအမျှင်တွေ နဲ့ ကလေးငယ်ကို မြန်မာဘုရင်ထံ အထူးအဆန်း လက်ဆောင်ပဏ္ဏာအဖြစ်နဲ့ ဆက်သလိုက်တာမို့ သူ့အသက် ငါးနှစ်သားအရွယ်မှာ အင်းဝဘုရင်ထံကို ရောက်လာ ပါတယ်။

သူ့ တစ်ကိုယ်လုံးမှာ အမွေးနုနုလေးတွေ ရှည်လျားစွာ ပေါက်နေတယ်။ သူ့မျက်လုံး အသားအရေပုံစံ စတာတွေက မြန်မာတွေ နဲ့ မတူဘူး လို့ ဆိုပါတယ်။ (ဒီအဖြစ် အပျက်တွေကို ၁၈၂၆ မှာ ပထမဆုံး မှတ်တမ်း တင်နိုင်ခဲ့တဲ့ အင်္ဂလိပ်သံအဖွဲ့က ကရောဖို့(ဒ်) မှတ်တမ်းကို လူထုဒေါ်အမာ ဆောင်းပါးထဲမှာ ဖတ်နိုင်ပါတယ်)

ရွှေမောင်ဟာ အဲဒီကတည်းက နန်းတွင်းမှာ ပျော်တော်ဆက် အဖြစ်နဲ့ကြီးပြင်း လာခဲ့တယ်။ မျောက်တွေလို ကပြဖျော်ဖြေ ရပါသတဲ့။ သူ့မိဘတွေ မှာရော သူတို့ မျိုးနွယ်စု ထဲမှာပါ သူ့လို အမွေးအမျှင်တွေ မရှိဘူးလို့ သူက ပြောပါတယ်။

လူပျိုအဖြစ်ကို အသက်၂၀ အရွယ်မှ ရောက်ပါတယ်တဲ့။ အသက် ၂၂ မှာတော့ ဘုရင်(ဘကြီးတော်ဘုရား)က သူ့ကို လှတဲ့ နန်းတွင်းသူ တစ်ယောက်နဲ့ လက်ထပ် ပေးပါတယ်။

သူတို့ ကလေး လေးယောက် ရခဲ့တယ်။ အားလုံးက မိန်းခလေး တွေ ချည်းပါပဲ။ နှစ်ယောက် ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါး သွားခဲ့ပြီး တတိယ သမီးလေးက မိခင် ဖြစ်သူ နဲ့ အတော်ကိုတူပါ သတဲ့။

နောက်ဆုံး ၂ နှစ်အရွယ် ကလေး တစ်ယောက်ကတော့ သူ့လိုပဲ အမွေးအမျှင်တွေနဲ့ ဖြစ်လာတယ်။ အဲဒီ အငယ်ဆုံးသမီးက ရွှေမောင်ရဲ့ အမွေကို ဆက်ခံတဲ့ မဖုံး ဖြစ်ပါတယ်။

ကရောဖို့(ဒ်) ရဲ့ စာအုပ်ထဲမှာ ကိုရွှေမောင်နဲ့ သမီး မဖုံးရဲ့ ပုံဆိုပြီး ဖေါ်ပြခဲ့ရာမှာ ကိုရွှေမောင်ရဲ့ ပုံက ဟုတ်ပေမယ့် မဖုံးရဲ့ ပုံက မှားနေတယ်လို့ နောက်ပိုင်းမှာ ဟင်နရီယူး(လ်) က ထောက်ပြ ခဲ့ပါတယ်။

သူ့မှတ်တမ်းထဲမှာ မဖုံးရဲ့ပုံကို ဒီလိုရေးထားပါတယ်။

မယ်ဖုံ၏ အနေအထိုင်မှာကား ပိရိယဉ်ကျေးလှပေသည်။ သူ့အသံမှာ ပျော့ပျောင်းနူးညံ့၍ သာယာလှသည်။ သူ့မျက်နှထားမှာ အေးဆေးတည်ကြည်သည်။အလွန်လည်းမွန်ရည်သည်။

သူ့ခန္ဓာကိုယ် တခုလုံးကို ခြုံကြည့်လိုက်လျှင် မိန်းမချောတယောက် မျက်နှာဖုံးတပ်ဆင်ထားသည်နှင့်သာ တူလှသည်။များမကြာမီသူမ၏ ယောကျာ်းဖြစ်သူ ပေါ်ပေါက်လာပါသည်။

မယ်ဖုံနှင့်ရသော သားယောကျာ်းလေး ၂ ယောက်ပါလာသည်။ ၎င်း ၂ ဦးအနက် သားအကြီးမှာ လူသားပကတိပင်ဖြစ်၍ ခန္ဓာကိုယ်၌ အမွေးအမှင်များပေါက်သည်ကိုမတွေ့ရပါ။

ကလေးငယ်မှာမူ မိခင်နှင့်လွန်စွာတူပြီးလျှင် ၁၄ လအရွယ်နှင့်ပင် နားပေါ်၌အမွေးများ စုံစုံလင်လင်ပေါက်နေပြီဖြစ်ကြောင်း တွေ့ရသည်။ ဤကလေးများမှာ လူမျောက်ရွှေမောင်၏ မြေးငယ်များဖြစ်၍ မယ်ဖုံမှာ ရွှေမောင်၏ သမီးအရင်းဖြစ်သည်။

မယ်ဖုံ၏ သွားများကို စစ်ဆေးကြည့်ရှုသည့်အခါတွင် သူ့အဖေရွှေမောင်ကဲ့သို့ပင် အသွားဟူ၍ အလျဉ်းမရှိပဲ ရှေ့ပိုင်းမျှလောက်သာရှိသည်။ အံနေရာတွင်ကား မာကျောသော သွားဖုံးများလောက်သာရှိပြီး ၎င်းတို့နှင့်ပင် အစားအစာများကို ကောင်းစွာဝါးနိုင်သည်ဟု ဆိုသည်။

အဲဒီနောက် ၁၈၅၅ မှာ အင်းဝကို ကပ္ပတိန် ဟင်နရီယူး(လ်) ရောက် လာခဲ့ပါတယ်။ သူတို့ ရောက်လာချိန် မှာတော့ ကိုရွှေမောင့် သမီး မဖုံး ဟာ အသက် ၃၁ အရွယ် ရှိနေ ပါပြီ။

သူ့ကို အီတလီ လူမျိုးတစ်ယောက်က လက်ထပ်ပြီး နိုင်ငံခြား ကို ခေါ်သွားဖို့ ကြိုးစား ပါသေးတယ်။ ဒါပေမယ့် သီပေါမင်းက ခွင့်မပြု ခဲ့ပါဘူး။ နောက်ဆုံး တော့ မဖုံးကို ဘုရင်ကပဲ သာမန် အရပ်သား တစ်ယောက် နဲ့ လက်ထပ်ပေးခဲ့ တာလို့ ဆိုရ ပါမယ်။

ဟင်နရီယူး(လ်)တို့ လာရောက် ချိန်မှာ မဖုံးမှာ သားလေး နှစ်ယောက်တောင် ရနေ ပါပြီ။ ဦးရွှေမောင် ကတော့ လူဆိုး ဓားပြတွေ သတ်ဖြတ်လို့ ကွယ်လွန် ပြီးခဲ့ပြီ လို့ သိရ ပါတယ်။

မဖုံးဟာလည်း သူ့အဖေ ဦးရွှေမောင်လိုပဲ တစ်ကိုယ်လုံးကို အမွေးရှည် တွေနဲ့ ဖုံးလို့ နေပါတယ်။ မဖုံး ကနေ သားသမီး သုံးယောက် မွေးဖွား ခဲ့ပြီး အဲဒီအထဲက မောင်ဖိုးဆက် နဲ့ မမိ တို့ဟာ မဖုံး လိုပဲ တစ်ကိုယ်လုံး မှာ အမွေးတွေနဲ့ ဖြစ်ပါတယ်။

သူတို့ မိသားစုဟာ သူတို့ကို အထူး အဆန်း လာကြည့်တဲ့ နိုင်ငံခြားသားတွေ ဆီကနေ အခကြေးငွေကို ကောက်ခံပြီး အသက်မွေး ဝမ်းကျောင်းမှု ပြုခဲ့တယ်။ သူတို့ ဟာ ကြည့်ရှုသူ တစ်ယောက်ချင်းစီကနေ ရူပီးငွေ လေးဆယ် ယူတယ်လို့ သိရပါတယ်။

နာမည်ကြီး ဖျော်ဖြေ တင်ဆက်သူ တစ်ယောက် ဖြစ်တဲ့ ဘာနမ် ဟာ ၁၈၇၁ ခုနှစ် ကတည်းက သူတို့ကို အမေရိကန် ခေါ်ပြီး သူ့ရဲ့ ( Greatest Show On Earth ) ဆိုတဲ့ ဆပ်ကပ်ပွဲ ကြီးမှာ ပြစားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘုရင် က ခွင့်မပြု ခဲ့ဘူး။

၁၈၈၅ မှာ တော့ သီပေါမင်း နန်းကျပြီး နန်းတွင်းရေးတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ မဖုံးတို့ မိသားစုဟာ နေပြည်တော် ကနေ တောတွင်း တစ်နေရာကို ထွက်ပြေး ခဲ့ကြတယ်။

မောင်ဖိုးဆက်ဟာ မျက်စိမကောင်းတော့တဲ့ မိခင် မဖုံးကို ကျောမှာပိုးပြီး ထွက်ပြေး ခဲ့တယ်လို့ ဆိုပါတယ်။ တောထဲမှာ သူတို့ ဒုက္ခ ရောက်နေစဉ်မှာပဲ သီပေါမင်းထံမှာ အမှုထမ်း ခဲ့ဖူးတဲ့ အီတလီ လူမျိုး အရာရှိ ကပ္ပတိန် ပေပါနို က ( Captain Paperno ) သူတို့ ကို ရှာတွေ့ ပြီး ကယ်တင် ခဲ့တယ်။

ပြီးတော့ သူတို့ကို ဥပရောကို ပို့ဖို့ စီစဉ် ခဲ့ပါတယ်။၁၈၈၆ ဇွန်လထဲမှာ မမိ ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်၂၃ နှစ် အရွယ် လောက်မှာ ဖြစ်ပါလိမ့်မယ်။ ၁၈၈၆ နွေရာသီမှာတော့ သူတို့ကို လန်ဒန်မြို့ ပီကာဒလီလမ်းပေါ်က Egyptian Hall မှာ ပြန်လည် တွေ့မြင် ရပါတယ်။

၁၈၈၆ ခုနှစ် နွေရာသီမှာ မဖုံး နဲ့ မောင်ဖိုးဆက်တို့ အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ မဖုံး အသက် က ၆၂ နှစ် လောက် ရှိနေပြီ ဖြစ်ပြီး မျက်စိ လည်း ကွယ်နေပါပြီ။

ဘာနမ်လည်း သူတို့ ရှိရာ အင်္ဂလန်ကို လိုက်လာပါတယ်။ သူ့အကြံက အမေရိကား မှာ စီစဉ် တင်ဆက်နေတဲ့ သူ့ရဲ့ ပွဲထဲမှာ မဖုံးတို့ သားအမိ နှစ်ယောက်ကို ပြသဖို့ပါပဲ။

ဒါပေမယ့် သူ့ထက် အရင်လာပြီး စည်းရုံးနေတဲ့ အခြားသော ပွဲစီစဉ်နေသူတွေ လည်း အဲဒီကို ကြိုရောက် နေတာကို တွေ့ခဲ့ ရတယ်။ နောက်ဆုံး မှာတော့ ဘာနမ် ဟာ အခြား သူတွေပေးတဲ့ ဈေးထက် အများကြီး ပိုပေးပြီး သူတို့ မိသားစုကို ၁ နှစ် စာချုပ် နဲ့ သူ့ဆီမှာ ပြသဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

မဖုံး နဲ့ သားဖြစ်သူ တို့ဟာ ၁၈၈၇ မှာ လန်ဒန်ကနေ ပြင်သစ်နိုင်ငံက နာမည်ကျော် Folies Bergere ကိုလည်း ရောက်သွား ခဲ့ပါသေးတယ်။ အဲဒီနောက် သူတို့ဟာ ဘာနမ် နဲ့ သဘော တူညီချက်အရ အမေရိကန်က ဘာနမ်ရဲ့ ဆပ်ကပ်ပွဲ တွေမှာ လိုက်ပါ ဖျော်ဖြေခဲ့ကြတယ်။

စာချုပ် သက်တမ်း မကုန်ဆုံး မီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ မဖုံး ဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမှာ ကွယ်လွန်ခဲ့တယ်။ ၁၈၅၅ ကပ္ပတိန် ဟနရီယူး(လ်) လာတုန်းက သူမ အသက်က ၃၁နှစ် ဆိုခဲ့တော့ ကွယ်လွန် ချိန်မှာ အသက် ၆၄ နှစ်လို့ မှတ်ယူ ရပါတယ်။သူ့ဈာပနကို ဝါရှင်တန် ဒီစီ သင်္ချိုင်းမှာပဲ မြန်မာ ထုံးတမ်း စဉ်လာအတိုင်း သဂြိုဟ် ခဲ့တယ်လို့ သိရပါတယ်။

မဖုံး ကွယ်လွန် သွားပေမယ့် မောင်ဖိုးဆက်ဟာ သူ့မိန်းမနဲ့ အတူ ဆက်ပြီး ပွဲတွေ ပြသ ခဲ့တယ်လို့ ယူဆရပါတယ်။ သူ့မိန်းမဟာ တချိန်က နန်းတွင်း အပျိုတော် တစ်ဦး ဖြစ်ပါတယ်။

မောင်ဖိုးဆက်ဟာ တစ်ကိုယ်လုံး အမွေးတွေ ဖုံးနေပေမယ့် ခါးကနေ စပြီး ဒူးအထိ မင်ကြောင် အပြည့် ထိုးထားတယ်။ နူးညံ့ သိမ်မွေ့ပြီး ဉာဏ်ရည်လည်း မနိမ့်ကျ သလို ဆက်ဆံရေး ကောင်းမွန် တယ်လို့ J.J. Weir ဆိုသူကလည်း မှတ်တမ်း တင်ခဲ့တယ်။

မောင်ဖိုးဆက် အကြောင်း နောက်ဆုံး တွေ့ရတာက ၁၈၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ World’s Columbian Dental Congress, Volume 1 မှာပါ။ အဲဒီအထဲက ဆရာဝန် တစ်ယောက်ဟာ မောင်ဖိုးဆက်ကို ၁၈၉၁ မှာ တွေ့ဆုံ ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ သွားတွေကို စစ်ဆေးကြည့်ဖို့ ကြိုးစား ပေမယ့် ပွဲစီစဉ်သူတွေက ခွင့်မပြုခဲ့ဘူး လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ သူတို့ရဲ့ သတင်းတွေ ပျောက်ကွယ် သွားခဲ့တယ်။

ခရက်ဒစ် မူရင်းရေးသားသူ
The sacred family of burma

Leave a Reply

Your email address will not be published.