အကောင်သေးသေး အဆိပ်ပြင်းပြင်း တိရစ္ဆာန်များ
ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ သက်ရှိမျိုးစိတ်ပေါင်းများစွာရှိတဲ့ သက်ရှိကမ္ဘာ ကြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သက်ရှိမျိုးစိတ်ပေါင်း များစွာရှိပြီး အားလုံးကိုယ်စီမှာလဲ သဘာဝကပေးထားတဲ့ လက်နက်ကိုယ်စီ ရှိကြပါတယ်။
အချို့သော တိရစ္ဆာန်တွေဟာ ခွန်အားကြီးပြီး သန်မာကြတဲ့ တိရစ္ဆာန်တွေ ရှိကြ သလို သေးငယ်ပြီး ချစ်စရာကောင်းတဲ့ တိရစ္ဆာန်တွေလဲပဲ ရှိကြပါတယ်။ သေးငယ်ပြီး ချစ်စရာကောင်းကြပေမဲ့ အဆိပ်ပြင်းလွန်းတဲ့ တိရစ္ဆာန်လေးတွေလဲ ရှိကြပါတယ်။
နှစ်စဉ် ကမ္ဘာပေါ်မှာ တိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုကိုခံရလို့ သေဆုံးရသူ အမြောက်အမြား ရှိပါတယ်။ ဒီလမှာတော့ သေးငယ်ပြီး ချစ်စရာကောင်းပေမဲ့ လူကို သေစေနိုင်တဲ့၊ အဆိပ်ပြင်းလွန်းတဲ့ တိရစ္ဆာန်လေးတွေအကြောင်းကို စာဖတ်သူများ ဗဟုသုတရရှိစေဖို့ ရည်ရွယ်ကာ ရေးသားဖော်ပြလိုက်ရပါတယ်။
၁။ အဆိပ်ဖား
ကမ္ဘာပေါ်မှာ ဖားမျိုးစိတ်ကွဲပေါင်း များစွာရှိတဲ့အနက် ဒီဖားကတော့ အတော်လေးကို လှပါတယ်။ သူ့ရဲ့အရောင်ဟာ အခြားဖားတွေနဲ့ မတူဘဲ အရောင်တောက်တောက်နဲ့ ပေါ်လွင်လွန်းလှပါတယ်။
ဒါပေမဲ့ ဒီဖားဟာ အလွန်ကို အဆိပ်ပြင်းလွန်းတဲ့ ဖားမျိုးစိတ် တစ်မျိုးဖြစ်ပါတယ်။ တောက်ပတဲ့ အရောင်ရှိပြီး သူ့ရဲ့ အရေပြားဟာ အလွန်အန္တရာယ်ရှိတဲ့ အဆိပ်တစ်မျိုးကို ထုတ်လွှတ်နိုင်စွမ်း ရှိပါတယ်။
ဒီဖားမျိုးကိုတော့ ဗဟိုအမေရိကနဲ့ တောင်အမေရိကတို့မှာ တွေ့ရှိရပြီး ဒေသခံတိုင်းရင်းသားတွေကတော့ ဒီဖားရဲ့ အရေပြားပေါ်က အဆိပ်ကို လေမှုတ်မြားထိပ်မှာ သုတ်လိမ်းပြီး အဆိပ်ပြင်းလက်နက်တစ်မျိုးအဖြစ် အသုံးပြုကြပါတယ်။
ပျမ်းမျှအားဖြင့် ဒီအဆိပ်ဖားမှာ သေစေနိုင်တဲ့ အဆိပ်အတောက် အလုံအလောက်ရှိပြီး လူ ၁၀ ဦးကနေ ၂၀ ဦးအထိ သေစေနိုင်ပါတယ်။ ဒီဖားရဲ့အရွယ် အစားကတော့ ၁ ဒသမ ၅ လက်မသာရှိတဲ့ အဆိပ်ပြင်း တိရစ္ဆာန်တစ်မျိုးပဲ ဖြစ်ပါတယ်။
၂။ စီစီယင်ကောင် (Tsetse Fly)
ယင်ကောင်တွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလိုရှိနေတတ်တဲ့၊ အလွန် စိတ်ရှုပ်စရာကောင်းတဲ့ အင်းဆက်ပိုးမွှား မျိုးနွယ်တွေပဲ ဖြစ်ပါတယ်။ ဒီယင် ကောင်တွေကြောင့် အစားအစာတွေ ပျက်စီးရပြီး မသန့်တဲ့ အစားအစာတွေကို စားသုံးမိသူတွေဟာ ဝမ်းရောဂါတွေ ဖြစ်ပွားကြပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ယင်ကောင်မျိုးနွယ်တွေထဲမှာ စီစီ(Tsetse) လို့ ခေါ်တဲ့ ယင်ကောင်အကြီးစားမျိုးတွေ မပါဝင်တာကိုပဲ ကျေးဇူးတင်စရာဖြစ်ပါတယ်။
စီစီယင်ကောင်တွေဟာ လူသားတွေအပါအဝင် ကြီးမားတဲ့ ကျောရိုးရှိ သတ္တဝါတွေရဲ့သွေးကို သူတို့မှာရှိတဲ့ ကြီးမားသန်မာတဲ့ နှာမောင်းတွေနဲ့ စုပ်ယူစားသုံးကြပါတယ်။
ဒီယင်ကောင်တွေဟာ ကူးစက်ရောဂါတွေကို ဖြစ်ပွားစေနိုင်ပြီး ရောဂါပိုးသယ်ဆောင်သူတွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် Trypanosomiasis လို့ခေါ်တဲ့ အိပ်စက်ခြင်းရောဂါ(Sleeping sickness) တွေဖြစ်နိုင်ပြီး ဦးနှောက်ရောင် ရောဂါကိုလဲ ဖြစ်စေနိုင်ပါတယ်။
ခန့်မှန်းခြေအားဖြင့် လူပေါင်း ၃ သိန်းခန့်ဟာ ကူးစက်ရောဂါတွေ ဖြစ်ပွားကြပြီး အားအင်ချည့်နဲ့ကာ အခြားအာရုံကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားကြပါတယ်။
၃။ အပြာရောင်အကွက်တွေရှိတဲ့ရေဘဝဲ
ဒီရေဘဝဲ အမျိုးအစားကတော့ အလွန်ကို သေးငယ်လွန်းလှပါတယ်။အရွယ်ရောက်ပြီး ရေဘဝဲတစ်ကောင်ဟာ ၅ စင်တီမီတာခန့်သာ ကြီးထွားကြပါတယ်။ ဒီရေဘဝဲဟာ အလွန်သေးငယ်တဲ့အပြင် သူ့ရဲ့အရောင်ဟာ အလွန်လှပပြီး ချစ်စရာကောင်းလှပါတယ်။
ဒါပေမဲ့ ဒီရေဘဝဲရဲ့အဆိပ်ဟာ အလွန်ပြင်းထန်ပြီး ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံးသတ္တဝါများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒီရေဘဝဲဟာ သဘာဝအရတော့ လူတွေကို အန္တရာယ်မပြုတတ်ကြပေမဲ့ သူတို့အတွက် အန္တရာယ်ရှိတဲ့ အခါမျိုးမှာ ပြန်လည် ခုခံတိုက်ခိုက်တတ်ကြပါတယ်။
သူတိုက်ခိုက်တာခံရပြီဆိုရင်လဲ ကုသဖို့အတွက် ဆေးမရှိပါဘူး။ ဒါကြောင့် ကမ်းခြေလိုနေရာမျိုးကို သွားတဲ့အခါမှာ သေချာစွာ ဂရုစိုက်သွားဖို့ လိုအပ်ပါတယ်။
၄။ ခွေးလှေး
အင်းဆက်ပိုးမွှားတွေဟာ လူသားတွေအဖို့တော့ အတော်လေးကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ ဒီအင်းဆက်ပိုးမွှားတွေထဲမှာ ခွေးလှေးတွေဟာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဒီလိုသေးငယ်ပြီး အတောင်မရှိတဲ့ သွေးစုပ်ကပ်ပါးကောင်တွေဟာ ရောဂါသယ်ဆောင်သူအဖြစ် စွမ်းဆောင်နိုင်စွမ်း ရှိကြပါတယ်။ သမိုင်းကို ပြန်ကြည့်မယ် ဆိုရင် ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားတဲ့ အသေအပျောက် အများဆုံး ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ အနက်ရောင်သေခြင်း (Black Death)လို့ခေါ်တဲ့ ရောဂါတစ်မျိုးကို ဖြစ်ပွားစေခဲ့ပါတယ်။
အဲဒီကပ်ရောဂါဟာ ယနေ့ခေတ်ကာလမှာ အဆန်းတကြယ်မဟုတ်တော့ပေမဲ့ ရောဂါကတော့ တည်ရှိနေဆဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ် ရောဂါဖြစ်ပွားသူ ၁ဝဝဝ ကနေ ၂၀၀၀ ကြား ဖြစ်ပွား လျက်ရှိနေဆဲပဲ ဖြစ်ပါတယ်။
၅။ အိန္ဒိယအနီရောင်ကင်းမြီးကောက်
ကင်းမြီးကောက်တွေဟာ အဆိပ်ရှိတဲ့ တိရစ္ဆာန်တွေဖြစ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ကြပါတယ်။ အဲဒီထဲကမှ အိန္ဒိယအနီရောင်ကင်းမြီးကောက်ဟာ လူကိုသေစေနိုင်တဲ့ အဆိပ်ပြင်းတဲ့ ကင်းမြီးကောက် ဖြစ်ပါတယ်။
သူတို့ဟာ သေးငယ်ကြပြီး အရွယ်အစားကတော့ ၅၀ မီလီမီတာကနေ ၉၀ မီလီမီတာအထိသာ ကြီးထွားကြပေမဲ့ သူတို့ရဲ့ အဆိပ်ကတော့ လူတစ်ယောက်ကိုသေစေနိုင်တဲ့အထိ အဆိပ်ရည်တွေကို ပိုင်ဆိုင်ကြပါတယ်။
အကောင်အရွယ်အစားဟာလဲ အလွန်ကို သေးငယ်လွန်းတာကြောင့် ဒီအကောင် တွေကို မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ဒီကင်းမြီးကောက်တွေဟာ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါနဲ့ သီရိလင်္ကာစတဲ့ နိုင်ငံတွေမှာ အများအားဖြင့်တွေ့ရပြီး ဒီနိုင်ငံတွေကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ လမ်းသွားတဲ့အခါ ဘွတ်ဖိနပ်မျိုး စီးသွားတာ စိတ်အချရဆုံးဖြစ်ပြီး ဖိနပ်အတွင်း ခိုအောင်းမနေနိုင်အောင်လဲ ဖိနပ်မစီးခင် လှုပ်ခါပြီးမှ စီးသင့်ပါတယ်။
၆။ ခြင်
ကြောက်စရာအကောင်းဆုံး လူသေဆုံးမှုအများ ဆုံးတိရစ္ဆာန်တွေထဲမှာ ခြင်တွေဟာလဲ အပါအဝင် ဖြစ်ပါတယ်။ ဒီသေးငယ်တဲ့ ခြင်တစ်ကောင်ဟာ ရောဂါကူးစက်မှုတွေကို သယ်ယူပို့ဆောင်ရာမှာ အလွန်ကို ကြောက်ဖို့ကောင်းလောက်အောင် စွမ်းဆောင်ရည် ပြည့်ဝကြပါတယ်။
ဒါကြောင့် ဒီလိုအရွယ်အစား အလွန်သေးငယ်တဲ့ခြင်ဟာ အခြားသက်ရှိသတ္တဝါတွေထက် လူသေဆုံးမှုအများဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ကြပါတယ်။ ခြင်တစ်ကောင်ဟာ သက်တမ်း အားဖြင့် ၇ ရက်သာ အသက်ရှင် နေထိုင်နိုင်ကြပေမဲ့ အသက်ရှင်စဉ် ၇ ရက်အတွင်း လူများစွာကို ရောဂါပိုးတွေ ဖြန့်ဝေပေးနိုင်စွမ်း ရှိပါတယ်။
အထူးသဖြင့် ငှက်ဖျား၊ အဝါရောင်အဖျား၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါတွေကို ဖြစ်စေနိုင်ပြီး ဦးနှောက်အမြှေးရောင်ရောဂါ နဲ့ အနောက်နိုင်းလ်ဗိုင်းရပ်စ်ရောဂါတို့ကိုလဲ ဖြစ်ပွားစေနိုင်ပါတယ်။
၇။ IRUKANDJI ဂျယ်လီငါး
ဒီဂျယ်လီငါး အမျိုးအစားကတော့ ကမ္ဘာပေါ်မှာ အသေးငယ်ဆုံး ဂျယ်လီငါး အမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့ အဆိပ်ပြင်းအားဟာ မြွေဟောက်ထက် အဆ ၁ဝဝ လောက် ပိုမိုပြင်းထန်ပြီး တာရန်တူလာ (Tarantula)ပင့်ကူကြီးမျိုးထက် အဆ ၁ဝဝဝ လောက် ပိုမိုပြင်းထန်ပါတယ်။
ဒီဂျယ်လီငါးမျိုးတွေကို အဓိကအားဖြင့် ဩစတြေးလျ ကမ်းခြေတစ်လျှောက်မှာ တွေ့ရတတ်ပြီး ဖလော်ရီဒါအပါအဝင် ကမ္ဘာ့နေရာ အတော်များများမှာလဲ တွေ့ရှိရတတ်ပါတယ်။
ဒီဂျယ်လီငါးရဲ့ အရွယ်အစားကတော့ အကြမ်းဖျင်းအားဖြင့် ကုဗစင်တီမီတာလောက်သာ ရှိပါတယ်။ ဒါကြောင့် ကမ်းခြေတွေမှာထားရှိတဲ့ အကာအကွယ်ပိုက်တွေဟာ ဒီအကောင်တွေကို မတားဆီးနိုင်ကြပါဘူး။
အလွန်သေးငယ်လွန်းလှတဲ့ ဂျယ်လီငါးရဲ့ အဆိပ်ကို ခံရသူတွေဟာ Irukandji syndrome လို့ခေါ်တဲ့ ရောဂါကို ခံစားရပြီး ခန္ဓာကိုယ်တစ်လျှောက် ပြင်းထန်စွာနာကျင်မှုခံစားရခြင်း၊ ပျို့အန်ခြင်း၊ ချွေးထွက်ခြင်း၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တိုးလာခြင်းတွေ ဖြစ်စေတတ်တဲ့အပြင် နှလုံးခုန်ရပ်သွားစေတဲ့ အထိဖြစ်စေနိုင်ပါတယ်။
Crd-Author:မောင်စည်း