ရုရှားရဲ့ “ကမ္ဘာဖျက်” ရေငုပ်သင်္ဘော

ရုရှားရဲ့ “ကမ္ဘာဖျက်” ရေငုပ်သင်္ဘော

ရုရှားရေတပ်က တည်ဆောက်ထားတဲ့ Belgorod ရေငုပ်သင်္ဘောကြီးဟာ အလျား ၆၀၄ ပေရှိတဲ့ ကမ္ဘာ့အကြီးဆုံးရေငုပ်သင်္ဘောကြီး ဖြစ်ပါတယ်။ နျူးကလီးယား ထိပ်ဖူးတပ် တော်ပီဒိုဒုံးကျည်များ တပ်ဆင်ထားပါတယ်။

ကမ္ဘာဖျက် စစ်လက်နက်လို့ပင် တင်စားခေါ်ဝေါ်နေကြတဲ့ အဆိုပါ ရေငုပ်သင်္ဘောကြီးဟာ နောက်ဆုံးအဆင့် စမ်းသပ်ခုတ်မောင်းမှုများ ဆောင်ရွက်ခဲ့ပြီး မကြာခင်က တပ်တော်ဝင် အသုံးပြု‌ နေပြီလို့ သိရပါတယ်။

ဗြိတိန်ရေတပ်ရဲ့ Astute အမျိုးအစား ရေငုပ်သင်္ဘောများထက် နှစ်ဆခန့် ပိုမိုကြီးမားတဲ့ Belgorod ရေငုပ်သင်္ဘော ကြီးဟာ Poseidon နျူကလီးယား တော်ပီဒိုများဖြင့် ကမ်းရိုးတန်းဒေသမြို့ကြီးများကို မိနစ်ပိုင်းအတွင်း တိုက်ခိုက်ဖျက်ဆီး နိုင်ပါတယ်။

သင်္ဘောကြီးထဲမှာ အသေးစား ရေငုပ်သင်္ဘောများ၊ ရေအောက်သွား ဒရုန်းများလည်း တင်ဆောင်ထားနိုင်တဲ့အတွက် ပင်လယ်ရေအောက်ရှိ အရေးကြီးသော ဆက်သွယ်ရေး ကေဘယ်ကြိုးများကို ဖြတ်တောက်ကာ ရန်သူ့နိုင်ငံများကို တိတ်တိတ်ပုန်း တိုက်ခိုက်နိုင်စွမ်းလည်း ရှိပါတယ်။

ရေငုပ်သင်္ဘောကြီးကို ရုရှား ရေတပ်နေ့တွင် တပ်တော်ဝင်ရန် စီစဉ်ထားသည်ဟု သိရပါတယ်။

သင်္ဘောကြီးဟာ ရန်သူများ ခြေရာခံ ထောက်လှမ်းရန် ခက်ခဲသလို နျူကလီးယား ဓာတ်ပေါင်းဖို တပ်ဆင်ထားတာကြောင့် အချိန်ကာလ အကန့်အသတ်မရှိဘဲ ဆက်တိုက်ခုတ်မောင်းနိုင်ပါတယ်။

ရေငုပ်သင်္ဘောကြီးမှာ တပ်ဆင်ထားတဲ့ Poseidon တော်ပီဒိုမှာလည်း ရုရှားရဲ့ နောက်ဆုံးပေါ် နျူကလီးယားစစ်လက်နက်တစ်မျိုးဖြစ်ပါတယ်။

Poseidon ဟာ ရေအောက်တွင် ပျံသန်းနိုင်တဲ့ ဒုံးကျည်အမျိုးအစား ဖြစ်တာကြောင့် ဒုံးခွင်းဒုံးများဖြင့် ကြားဖြတ်ပစ်ချခံရမည်ကို စိုးရိပ်စရာမလိုပါဘူး။

အမြန်နှုန်းအားဖြင့် တစ်နာရီရေမိုင် ၇ဝ မှ ၁၂၅ မိုင် အထိရှိသော Poseidon ဟာ နှစ်မီဂါတန် ပြင်းအားရှိတဲ့ နျူကလီးယား ထိပ်ဖူး တပ်ဆင်ထားပါတယ်။

အဆိုပါ နျူးကလီးယားထိပ်ဖူး ပေါက်ကွဲမှုကြောင့် ပေ ၃ဝဝ ခန့် မြင့်သော လှိုင်းလုံးကြီးများ ပေါ်ပေါက်စေနိုင်ပါတယ်။

ရန်သူရဲ့ ကမ်းရိုးတန်းမြို့ကြီးများကို အန္တရာယ်အလွန်ကြီးမားတဲ့ ရေဒီယိုသတ္တိကြွ ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားစေမည်ဖြစ်ပါတယ်။

သင်္ဘောကြီးဟာ အသေးစား ရေငုပ်သင်္ဘောများနှင့် ရေအောက်သွား ဒရုန်းများကို အသွင်းအထုတ် ပြုလုပ်နိုင်ခြင်းမှာလည်း ထူးခြားချက်ဖြစ်ကြောင်း ‌‌‌‌တင်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *