တစ်ချိန်က လူနှင့်တိရစ္ဆာန် သဝာ်ဖြတ်တဲ့ ပြိုင်ပွဲများ ကျင်းပခဲ့သည့် ကဇာတ်ရုံ

တစ်ချိန်က လူနှင့်တိရစ္ဆာန် သဝာ်ဖြတ်တဲ့ ပြိုင်ပွဲများ ကျင်းပခဲ့သည့် ကော်လိုဆီယမ် ကဇာတ်ရုံ

ကော်လိုဆီယမ် ကဇာတ်ရုံ
ကမ္ဘာအနှံ့ သွားလာလည်ပတ်နေကြသည့် ခရီးသွားများဟာ ဥရောပတိုက်သို့ အများဆုံး သွားရောက်လည်ပတ်လေ့ရှိကြပါတယ်။ ဥရောပတိုက်ရဲ့ အထင်ကရနေရာများ၊ အထိမ်းအမှတ်အဆောက်အအုံများ သမိုင်းဝင်ရုပ်တုများ၊ ရှေးဟောင်းလက်ရာပစ္စည်းများဟာ ခရီးသွားများအကြား အလွန်ထင်ရှားလျက် ရှိပါတယ်။

ယင်းတို့အနက် ဥရောပတိုက်ရဲ့ အထင်ရှားဆုံး အထင်ကရ နေရာများထဲက တစ်ခုဖြစ်တဲ့ ရောမမှ ကော်လိုဆီယမ်(Colosseum) ကဇာတ်ရုံ အကြောင်းကို ဖော်ပြလိုက်ပါတယ်။

ကော်လိုဆီယမ် ကဇာတ်ရုံဟာ အီတလီနိုင်ငံ၊ ရောမမြို့လယ်ရှိမှာ တည်ရှိပါတယ်။ ရောမဧကရာဇ် Vespasian လက်ထက်၊ အေဒီ ၇၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး အေဒီ ၈ဝ ပြည့် နှစ်တွင်ပြီးစီးခဲ့ပါတယ်။

ယင်းအဆောက်အအုံကို ထောင်ပေါင်းများစွာသော ကျွန်များ၏ အင်အားဖြင့် ကျောက်တုံးများနှင့်ကွန်ကရစ်များသုံးစွဲကာ တည်ဆောက်ခဲ့ပါတယ်။ကော်လိုဆီယမ်ဟာ ဘဲဥပုံသဏ္ဌာန် ကဇာတ်ရုံ (Amphitheater) အနက် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်ကာ ၁၈၉ မီတာရှည်၍ ၁၅၆ မီတာ ကျယ်ဝန်းပြီး မီတာ ၅၀ မြင့် ပါတယ်။

တစ်ချိန်က လူနှင့်တိရစ္ဆာန် သဝာ်ဖြတ်တဲ့ ပြိုင်ပွဲများ ကျင်းပခဲ့သည့် ကော်လိုဆီယမ်ဟာ မျက်မှောက်ခေတ် ဘောလုံးကွင်းတစ်ကွင်းကို အတွင်းသို့ အလွယ်တကူထည့်ထားနိုင်သည့် အရွယ် အစားရှိပါတယ်။

ကော်လိုဆီယမ်တွင် ဝင်ပေါက် ၈၀ ရှိပြီး ပရိသတ် ၅ဝဝဝဝ ကြည့်ရှုနိုင်ပါတယ်။ ထိုစဉ်က ကော်လိုဆီယမ်တွင် ကျင်းပသည့် အဓိကပြိုင်ပွဲများကို ရောမဘုရင်က အကုန်အကျခံပြီး လာရောက်ကြည့်ရှုသူများအား အခမဲ့ဝင်ရောက်ခွင့်ပြုခဲ့သည်ဟု ဆိုကြပါတယ်။

တစ်ခါတစ်ရံတွင် ပရိသတ်များကို အစားအသောက်များ ကျွေးမွေးကာ ဘုရင်ကပြည်သူများကို စည်းရုံးခဲ့ပါတယ်။ ကော်လိုဆီယမ်ကို ဖွင့်လှစ်ခဲ့သည့် အေဒီ ၈ဝပြည့်နှစ်တွင် ရောမဘုရင် Titus ဟာ ကော်လိုဆီယမ်တွင် ပွဲသဘင်များကို ရက် ၁ဝဝ တိတိဆက်တိုက် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အမိုးမပါရှိဘဲ ထိုင်ခုံတန်းများကို အဝိုင်းပုံစံ ဆင့်ထားသည့် ကော်လိုဆီယမ်၏ ၃ပုံ ၂ ပုံဟာ ငလျင်ဒဏ်၊ မီးလောင်ကျွမ်းမှုဒဏ်နှင့် လူများ ဖျက်ဆီးမှုဒဏ်များကြောင့် ပျက်စီးခဲ့ရပါတယ်။

ယခုအချိန်မှာ ကော်လိုဆီယမ်ဟာ ဥရောပ၏ အမှတ်လက္ခဏာ တစ်ခုအဖြစ် ကျန်ရှိနေကာ နှစ်စဉ်ခရီးသွားများ ထောင်ပေါင်းများစွာ လာရောက်လည်ပတ်လျက်ရှိသည့် နေရာတစ်ခု ဖြစ်တယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published.