သမိုင်းထဲက သက်တမ်းအရှည်ဆုံးသော အင်ပါယာများ

သမိုင်းထဲက သက်တမ်းအရှည်ဆုံးသော အင်ပါယာများ(၁)

ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ဖြင့် အင်ပါယာလို့ခေါ်တဲ့ ဧကရာဇ်နိုင်ငံတော်ဆိုတာ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တခြားနိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပြည်သူတွေပေါ်မှာ စိုးမိုးခြယ်လှယ် ထိန်းချုပ်နိုင်စွမ်းရှိတဲ့ နိုင်ငံကိုခေါ်တာဖြစ်ပါတယ်။

ကမ္ဘာ့အမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း လူသားတို့ရဲ့ သမိုင်းကြောင်းစကတည်းက အင်ပါယာနိုင်ငံတော်များဆိုတာ တည်ရှိခဲ့တာပါ။

တချို့ အင်ပါယာနိုင်ငံတွေဆိုရင် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရတဲ့အထိကို ကြီးကျယ်လှပြီး သူတို့ရဲ့ နယ်မြေပိုင်နက်ဟာဆိုရင်လည်း ကမ္ဘာ့တိုက်ကြီးတစ်တိုက်စာလောက်ကို ရှိတယ်လို့ လေ့လာ မှတ်သားရပါတယ်။

ဒါပေမယ့် သမိုင်းဆိုတဲ့အရာက ဧကရာဇ်တွေနဲ့ ပက်သက်လာရင် အောင်မြင်မှုကိုသာ ဖော်ပြလေ့ရှိတာကြောင့် တခြားသော အင်ပါယာတွေထက် သက်တမ်းပိုမိုရှည်ကြာတဲ့ အင်ပါယာတွေအကြောင်းကိုသာ ပညာရှင်တွေက တင်ပြလေ့ရှိပါတယ်။

တချို့သော အင်ပါယာတွေက နှစ်အနည်းငယ်သာ တည်တံ့နေချိန်မှာ တချို့အင်ပါယာတွေကျတော့ ရာစုနှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ခိုင်မြဲနေတာတွေကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် အနည်းငယ်မျှသော အင်ပါယာကြီးတွေကတော့ ထောင်စုနှစ်တိုင်အောင် တည်တံ့ခိုင်မြဲကြပါတယ်။

ဒါ့ကြောင့် ယခုဖော်ပြပေးလိုတဲ့ ကမ္ဘာ့သမိုင်း အကြောင်းအရာက သမိုင်းတစ်လျှောက် သက်တမ်းအရှည်ဆုံး တည်တံ့ခိုင်မြဲခဲ့တဲ့ အင်ပါယာတွေအကြောင်းပဲ ဖြစ်ပါတယ်။

၁။ ရောမအင်ပါယာ – Roman Empire (27 BCE – 1453 CE)

အားလုံးသိကြတဲ့အတိုင်းပဲ ရောမအင်ပါယာဆိုတာ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး တည်ရှိခဲ့တဲ့ အင်ပါယာကြီးတစ်ခု ဖြစ်ပါတယ်။

သူ့အနေနဲ့ တရားဝင် အင်ပါယာအဖြစ် စတင်တည်ရှိတဲ့အချိန်က ခရစ်တော်မပေါ်မီ ၂၇ နှစ်မှာဖြစ်ပြီး ပြည်တွင်းစစ်တွေ ဖြစ်ပွားမှုကြောင့် ရောမသမ္မတနိုင်ငံ ပျက်စီးသွားချိန်မှာ ပေါ်ပေါက်လာတာပါ။

ရောမဟာ အင်ပါယာတစ်ခုအဖြစ်ကို ရောက်ရှိလာချိန်မှာတော့ အနောက်ဉရောပဒေသ၊တောင်ဉရောပဒေသနဲ့ မြောက်အာဖရိကဒေသတို့ဟာ သူ့ရဲ့နယ်မြေတွေအဖြစ် ရောက်ရှိနေပါပြီ။

ရောမအင်ပါယာအနေနဲ့ နယ်မြေပိုင်နက်အများဆုံး ပိုင်ဆိုင်ခဲ့တဲ့အချိန်က ခရစ်တော်ပေါ်ပြီး ၃ ရာစု အတွင်းမှာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ရောမဧကရာဇ် ဒိုင်အိုကလီရှန်းက အနောက်ရောမအင်ပါယာနဲ့ အရှေ့ရောမအင်ပါယာ ဆိုပြီး အင်ပါယာကြီးကို နှစ်ပိုင်းခွဲလိုက်ပါတယ်။

၄၇၆ ခုနှစ် ရောက်တဲ့အချိန်မှာတော့ အနောက်ရောမအင်ပါယာကြီးက ပျက်သုဉ်းသွားပေမယ့် အရှေ့ရောမအင်ပါယာကတော့ ၁၅ ရာစုနှစ်အထိတိုင် တည်တံ့ခိုင်မြဲခဲ့ပါတယ်။ အဲဒီအချိန်ကာလကို ဘစ်ဇန်တင်းအင်ပါယာအဖြစ် လူသိများကြပါတယ်။

၁၄၅၃ ခုနှစ်အရောက်မှာ အော်တိုမန်အင်ပါယာက ဘစ်ဇန်တင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ ကွန်စတန်တီနိုပယ်ကို သိမ်းပိုက်လိုက်နိုင်ချိန်မှာတော့ ရောမအင်ပါယာကြီးလည်း ပျက်သုဉ်းခြင်းသို့ တိုင်ခဲ့ရပါတယ်။

၂။ကု(ရှ်)အင်ပါယာ – Kush Empire (1069 BCE – 330 CE)

ကု(ရှ်)အင်ပါယာ စတင်အခြေတည်ရာနေရာက ယနေ့ ဆူဒန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ ဖြစ်ပါတယ်။

နာပါတာလို့ အမည်ရှိတဲ့ မြို့ပြနိုင်ငံအဖြစ်ကနေ စတင်လာခဲ့တဲ့ ကု(ရှ်)အင်ပါယာဟာ နောက်ပိုင်းမှာ နာပါတာကို သူ့ရဲ့မြို့တော်အဖြစ်သတ်မှတ်လာနိုင်ခဲ့ပါတယ်။

ခရစ်တော်မပေါ်မီ ဘီစီ ၈ ရာစု ရောက်တဲ့အချိန် ကု(ရှ်)ဘုရင်တွေဟာ အီဂျစ် ၂၅ ဆက်မြောက်မင်းဆက်ရဲ့ ဖာရိုဘုရင်တွေ ဖြစ်လာကြပါတယ်။

ဒါပေမဲ့လည်း ကု(ရှ်)လူမျိုးတွေဟာ ဘီစီ ၆၆၆ ခုနှစ် ရောက်တဲ့အချိန်မှာတော့ အီဂျစ်ကိုလက်လွှတ်ဆုံးရှုံး လိုက်ရပါတယ်။ အကြောင်းရင်းကတော့ အာဆီရီးယန်းတို့ရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့်ပါပဲ။

ခရစ်တော်ပေါ်ပြီး အေဒီ ၅၉ဝ ကို ရောက်တဲ့အချိန်မှာ ကု(ရှ်)အင်ပါယာရဲ့ နာပါတာမြို့တော်ဟာ အီဂျစ်လူမျိုးတွေရဲ့ ဝါးမျိုဖျက်စီးခြင်းခံလိုက်ရတာကြောင့် သူတို့ရဲ့မြို့တော်ကို မီရိုးဆီရွေ့သွားပါတယ်။

အေဒီ ၃၃၀ ရောက်ချိန်မှာတော့ အက်ဆမ်အင်ပါယာက မီရိုးမြို့ကို သိမ်းပိုက်ဖျက်စီးလိုက်ခြင်းနဲ့အတူ ကု(ရှ်)အင်ပါယာသည်လည်း နိဂုံးချုပ်သွားပါတော့တယ်။

ဒါ့ကြောင့် ကု(ရှ်)အင်ပါယာသည် ဘီစီ ၁၀၆၉ ခုနှစ်မှသည် အေဒီ ၃၃၀ အထိ တည်တံ့ခိုင်မြဲခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး အင်ပါယာစာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
၃။ သန့်စင်မြင့်မြတ်သောရောမအင်ပါယာ – Holy Roman Empire (800 CE – 1806 CE)

သန့်စင်မြင့်မြတ်သော ရောမအင်ပါယာဆိုတာ အနောက်ဥရောပဒေသမှာရှိတဲ့ ခေါင်းဆောင်တချို့က လွန်ခဲ့တဲ့ ၃ ရာစုကျော်ခန့်က ပျက်စီးသွားတဲ့ ရောမအင်ပါယာကို ပြန်လည်တည်ထောင်ဖို့ ကြိုးပမ်းမှုတစ်ခုသာ ဖြစ်ပါတယ်။

အဲဒီအင်ပါယာဟာ ရောမအင်ပါယာရဲ့ ဧကရာဇ်ဖြစ်တဲ့ ရှားလမန်းကို ပုပ်ရဟန်းမင်းကြီး လီယို ၃ က နန်းတင်ခြင်းနဲ့အတူ စတင်ခဲ့တာပါ။

သန့်စင်မြင့်မြတ်တဲ့ ရောမအင်ပါယာအနေနဲ့ အထွတ်အထိပ်ကို ရောက်ချိန်မှာတော့ သူ့ရဲ့လက်အောက်မှာ ပါဝင်လာတဲ့နယ်မြေတွေက ယနေ့ခေတ် ဂျာမနီ၊ ဆွစ်ဇာလန်၊ လီချန်စတိန်း၊ လူဇင်ဘာ့၊ ချက်သမ္မတနိုင်ငံ၊ ဩစတြီးယား၊ စလိုဗေးနီးယား၊ ဘယ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ ပြင်သစ်နဲ့ အီတလီနယ်မြေပိုင်နက် အများအပြားပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ် ၃၀ စစ်ပွဲများပြီးဆုံးသွားတဲ့ ၁၆၄၈ ခုနှစ် အပြီးမှာတော့ သန့်စင်မြင့်မြတ်တဲ့ ရောမအင်ပါယာသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်ခဲ့ရပါတယ်။

နောက်ဆုံး ၁၈၀၆ ခုနှစ်မှာ ပြင်သစ်မှ နပိုလီယံက သန့်စင်မြင့်မြတ်တဲ့ ရောမ
အင်ပါယာရဲ့ နောက်ဆုံးမင်းဖြစ်တဲ့ ဖရန်စစ် ၂ ကိုထီးနန်းစွန့်လွှတ်ဖို့ အတင်းအကျပ် ဖိအားပေးလိုက်နိုင်ချိန်မှာတော့ အဲဒီအင်ပါယာသည်လည်း သမိုင်းတစ်ကွေ့မှာ အဆုံးသတ်သွားရပါတော့တယ်။

၄။ ဆီလာအင်ပါယာ – Silla Empire (57 BCE – 935 CE)

ဆီလာအင်ပါယာဆိုတာ ယနေ့ခေတ်တောင်ကိုရီးယားနိုင်ငံမှာ စတင်အခြေတည်တဲ့ အင်ပါယာနိုင်ငံကြီး တစ်ခုပဲဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ်ရဲ့ တောင်ပိုင်းမှာ ဘုရင့် နိုင်ငံငယ်လေးအဖြစ် စတင်ခဲ့တဲ့ ဆီလာအင်ပါယာဟာ အေဒီ ၁ ရာစု အရောက်မှာတော့ သူ့ရဲ့ပိုင်နက်နယ်မြေကို တဖြည်းဖြည်း ချဲ့ထွင်လာပါတော့တယ်။

ဒါပေမဲ့လည်း အေဒီ ၆ ရာစုအတွင်းဆိုတာ သူရဲ့နယ်မြေချဲ့ထွင်မှု အအောင်မြင်ဆုံး အချိန်တွေ ဖြစ်လာပါတယ်။

၇ ရာစု အလယ်ပိုင်းနဲ့နှောင်းပိုင်းကာလတွေမှာ ဆီလာနဲ့ သူ့ရဲ့ လက်အောက်ခံနိုင်ငံတွေသာ ကိုရီးယားဘုရင့်နိုင်ငံတော်အဖြစ် တည်ရှိခဲ့တာပါ။

သို့သော် အေဒီ ၉ ရာစုနှောင်းပိုင်းမှာ ဆီလာအင်ပါယာရဲ့ ဩဇာအာဏာ ကျဆင်းလာပြီး သက္ကရာဇ် ၉၃၅ ခုနှစ် အရောက်မှာတော့ ဂူလျောဘုရင့်နိုင်ငံရဲ့ သိမ်းပိုက်ခြင်းအောက်မှာ လက်နက်ချ အညံ့ခံလိုက်ရပါတော့တယ်။

သမိုင်းထဲက သက်တမ်းအရှည်ဆုံးသော အင်ပါယာများ(၂)ကို ဆက်လက်ဖော်ပြပေးမည်။

Author: ကိုထက်၊MWD

Leave a Reply

Your email address will not be published. Required fields are marked *