ခေါင်းဆောင်တစ်ဦး၏ မှားယွင်းသောအမိန့်ကြောင့် ၃နှစ် အငတ်ဘေးနှင့်ကြုံတွေ့ခဲ့ရတဲ့နိုင်ငံ

ခေါင်းဆောင်တစ်ဦး၏ မှားယွင်းသောအမိန့်ကြောင့် ၃နှစ်ကြာ အငတ်ဘေးနှင့်ကြုံတွေ့ခဲ့ရတဲ့နိုင်ငံ

လူသားတို့သည် မွေးဖွားစဉ်မှ သေဆုံးသည်အထိ ဘဝတစ်လျှောက် အခက်အခဲများစွာဖြင့် ဖြတ်သန်း ကြရသည်။ ထိုအခက်အခဲများကို ရင်ဆိုင်ကျော်လွှားရင်း အမှားများစွာကို ပြုလုပ်တတ်ကြသည်။

လူတိုင်းသည် အမှားနှင့်မကင်းနိုင်ပေ။ အလုပ်လုပ်သူတိုင်း မှားတတ်ကြသည်။ အမှားပါမည်ကို စိုးရိမ်၍ အလုပ်မလုပ်ခြင်းသည်လည်း မဖြစ်သင့်ပေ။ အမှားပြုလုပ်ခြင်းသည် လူသားတို့အတွက် အဆန်းတကြယ် ‌မဟုတ်ပေ။

သို့သော်လည်း အချို့သော အမှားအယွင်းများသည် လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ပတ်ဝန်းကျင်ကို များစွာထိခိုက်စေနိုင်သည်။ ထို့ကြောင့် အလုပ်လုပ်ရာတွင် သေချာစွာစဉ်းစားဆုံးဖြတ်ကာ လုပ်ကိုင်သင့်ပေသည်။

ခေါင်းဆောင်တစ်ဦး၏ မှားယွင်းသောအမိန့်

၁၉၅၈ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုံးသည် နိုင်ငံအတွင်း ကောက်ပဲသီးနှံ မျိုးစေ့များအား ဖျက်ဆီးသည့် ပိုးမွှား ၄ မျိုး ဖြစ်သော ခြင်များ၊ ကြွက်များ၊ စာငှက်များနှင့် Eurasian သစ်ပင် စာငှက်တို့အား သုတ်သင်ရှင်းလင်းရန် ပြည်သူများအား အမိန့်ပေးခဲ့သည်။

ခေါင်းဆောင်ကြီး၏ အမိန့်အား တရုတ်တစ်နိုင်ငံလုံးမှ လိုက်နာခဲ့ကြပြီး စာငှက်တို့အား စစ်ဆင်ရေး တစ်ရပ်သဖွယ် နှိမ်နင်းခဲ့ကြသည်။

အသံ ပေးခြောက်လှန့်ခြင်း၊ ပစ်ခတ်သုတ်သင်ခြင်းအပြင် ဥများကိုလည်း ဖျက်ဆီးခဲ့ကြသည့်အတွက် တစ်နှစ် အတွင်းမှာပင် စာငှက်ပေါင်း သန်း ၂၂ဝ ခန့် သေဆုံးခဲ့ရသည်။

တရုတ်နိုင်ငံအတွင်း စာငှက်များအား လုံးဝဆိုသလို မမြင်တွေ့ နိုင်တော့သည့်အခြေအနေ ဖြစ်ခဲ့ရသည်။ စာငှက်တို့ လျော့နည်းသွားသဖြင့် စာငှက်တို့၏အစာဖြစ်သော ကျိုင်းကောင်များနှင့် သီးနှံဖျက် အခြားအင်းဆက်ပိုးမွှားများသည် အင်အားကြီးမားလာကာ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို ဖျက်ဆီးပစ်ကြလေသည်။

တရုတ်ခေါင်းဆောင်ကြီး မော်စီတုံး မသိလိုက်သည့်အချက်မှာ မျိုးစေ့များကို စားသုံးသော စာငှက်များသည် ကောက်ပဲသီးနှံများကို ဖျက်ဆီးသော အင်းဆက်ပိုးမွှားများကို စားသုံးခြင်း ဖြစ်သည်။

နိုင်ငံအတွင်း စာငှက်များမရှိတော့သဖြင့် အင်းဆက်ပိုးမွှားများ အန္တရာယ်သည်လည်း ပိုမိုဆိုးရွားလာကာ သီးနှံအထွက်နှုန်းမှာလည်း သိသိသာသာ ကျဆင်းခဲ့ရပါသည်။

ဒီအကျိုးဆက်ကြောင့် ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အကြား တရုတ်နိုင်ငံသည် အငတ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည်။ အမိန့်တစ်ခုကြောင့်ပင် လူပေါင်း သန်း ၂၀ မှ ၄၅ သန်းအထိ အငတ်ဘေးဆိုက်ကာ သေဆုံးခဲ့ရသည်။

လူတစ်ဦးတစ်ယောက်၏ ပေါ့ဆမှု၊ ဂရုမပြုမှုသည် လူသားအများစုအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေနိုင်သည့်အပြင် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်ကိုလည်း များစွာထိခိုက်နိုင်သည်။

မိမိပြုလုပ်ခဲ့သော အမှားတစ်ခုသည် အမှားသေးသေးလေးပင်ဖြစ်သော်ငြား ထိုအမှားသေးသေးလေးမှ အစပြုကာ သမိုင်းတွင်မည့် အမှားမျိုး၊ ဆုံးရှုံးနစ်နာမှုမျိုးဖြစ်ပေါ်လာနိုင်ပေသည်။

ထို့ကြောင့် အလုပ်လုပ်ကိုင်ရာတွင် စည်းစနစ်တကျနှင့် စဉ်းစားဆင်ခြင် သုံးသပ်ကာ အလေးအနက်ထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းရေး သားလိုက်ပါသည်။

Source-(သမိုင်းတွင်ခဲ့သော အမှားသေးသေးလေးများ)Knowledge Light

Leave a Reply

Your email address will not be published. Required fields are marked *