ပျောက်ကွယ်စပြုလာသည့် မြန်မာ့ရိုးရာထုံးတမ်းစဉ်လာ ဘုန်းကြီးပျံပွဲနှင့် စပ်ပန်းချီပညာ

ပျောက်ကွယ်စပြုလာသည့် မြန်မာ့ရိုးရာထုံးတမ်းစဉ်လာ ဘုန်းကြီးပျံပွဲနှင့် စပ်ပန်းချီပညာ

လူထုဒေါ်အမာက ဘုန်းကြီးပျံပွဲများနှင့် ပတ်သက်ပြီး သူမ သိမီလိုက်သည့် အကြောင်းအရာများနှင့် အခြားသော မှတ်တမ်းမှတ်ရာများကို အသုံးပြု၍ ရေးသားခဲ့ဖူးသည်။

ကွယ်လွန်သူ နာမည်ကျော် စာရေးဆရာမကြီး ရေးသားမှုများတွင် ဆရာမကြီး ငယ်စဉ်ကလေးဘဝက သိမီလိုက်သည့် ဘုန်းကြီးပျံပွဲအကြောင်း ရေးသားဖော်ကျူးထားမှု ပါဝင်ခဲ့ပြီး ထိုဘုန်းကြီးပျံပွဲသည် ပါတော်မူခဲ့သည့် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်း ကိုးကွယ်ခဲ့သော ဆရာတော်၏ စျာပနအခမ်းအနားလည်း ဖြစ်သည်။

လူထုဒေါ်အမာကိုယ်တိုင် သိမီခဲ့ပြီး သူမ ရေးသားပုံဖော်ထားသည့် ဘုန်းကြီးပျံပွဲ၏ ခမ်းနားမှုသည် အံ့မခန်းဖွယ်ရာ ပုံစံမျိုးစုံ ချိုးထားသည့် ကြီးမားသော အရုပ်ကြီးများ၊ ဧယင်ကျူးခြင်းများ၊ ခြင်းလုံးခတ်ပွဲ၊ စတုဒိသာ ကျွေးပွဲများစသည့် ကျင်းပမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

မိမိတို့နှစ်ပေါင်းများစွာ ကိုးကွယ်လာခဲ့သည့် ဆရာတော် သံဃာ ဘဝနတ်ထံပျံလွန်တော်မူသည့်အချိန်၌ နောက်ဆုံးအကြိမ် ပူဇော်ခြင်းအဖြစ် ဘုန်းကြီးပျံပွဲများကို ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆနိုင်ပြီး ဘုန်းကြီးပျံပွဲ အလေ့အထသည် မြန်မာနိုင်ငံ၌သာ မြင်တွေ့နိုင်သည့် ပွဲအခမ်းအနားတစ်ခုလည်းဖြစ်၏။

မည်သည့် ခေတ်ကာလက စတင်ပြီး ဘုန်းကြီးပျံပွဲများကို ကျင်းပခဲ့သည်ဆိုခြင်းကိုမူ ခိုင်မာသည့် အထောက်အထားများ ရှိမနေသော်လည်း ဘုန်းကြီးပျံပွဲများကို မြန်မာနိုင်ငံ၌ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် ရှေးယခင်ကပင် ရပ်ရွာရပ်ကွက်များ အားလုံးလိုလို၌ ကိုးကွယ်ဆည်းကပ်ရာ ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိနေတတ်ပြီး ထိုကျောင်းမှ ကျောင်းထိုင်ဆရာတော်အား ကျောင်းတည်ရှိရာအရပ်တွင် နေထိုင်ကြသူများက လေးစားချစ်ခင်စွာဖြင့် ကိုးကွယ်ယုံကြည် ဆည်းကပ်မှုများ ပြုလုပ်ကြရင်း အဆုံးအမသြဝါဒများကို ခံယူနာခံတတ်ကြ၏။

ထိုသို့ နှစ်ပေါင်းများစွာ ဆုံးမသြဝါဒ ခံယူနေထိုင်ခဲ့ကြပြီးနောက် သြဝါဒါဆရာတော် ပျံလွန်တော်မူသည့်အချိန်တွင် ဆရာတော်၏ ဂုဏ်ကျေးဇူးများကို ကျန်ရစ်သူ တပည့် ဒါယကာများက အောက်မေ့သိတတ်စွာဖြင့် နောက်ဆုံးအကြိမ်အဖြစ် ကြီးကျယ်စွာ ပူဇော်ခဲ့ကြခြင်းဖြင့် ဘုန်းကြီးပျံပွဲများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်ဟု ယူဆနိုင်ပေမည်။

ပဒေသရာဇ်ခေတ်နှင့် ကိုလိုနီခေတ်များတွင် ဘုန်းကြီးပျံပွဲများကို အနယ်နယ်အရပ်ရပ်တွင် တွေ့မြင်ကောင်း တွေ့မြင်နိုင်ခဲ့မည်ဖြစ်သော်လည်း ယနေ့ခေတ်အခါတွင်မူ ဘုန်းကြီးပျံပွဲ ပြုလုပ်သည့် အလေ့အထသည် ရန်ကုန်မြို့ကဲ့သို့သော မြို့ကြီးများတွင် တွေ့မြင်နိုင်ရန် အလွန်ရှားပါးသွားပြီ ဖြစ်သည်။

သို့ရာတွင် ထိုသို့ ဘုန်းကြီးပျံပွဲ ပြုလုပ်ခြင်းများမှာ မြို့ကြီးများ၌ လူနေထူထပ်လာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေများကြောင့် ရှားပါးသွားခဲ့သော်လည်း အချို့သော ကျေးရွာများ၊ ဒေသများတွင် ရှိနေဆဲပင်ဖြစ်သည်။

အနီးစပ်ဆုံးအဖြစ် မြိုင်ကြီးငူဆရာတော် ဘဝနတ်ထံပျံလွန်သည့်အချိန်က ပြုလုပ်ခဲ့သည့် ဘုန်းကြီးပျံပွဲကို ကြည့်၍ ဘုန်းကြီးပျံပွဲတစ်ခု၏အကြောင်း တွေးထင်သိမြင်နိုင်မည်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်တော့ မြင်တွေ့ရရန် အလွန်ရှားပါးနေပြီဖြစ်သည့် ဘုန်းကြီးပျံပွဲများအား မြို့ပြနှင့် အလှမ်းကွာသည့် အရပ်ဒေသများတွင်တော့ တွေ့မြင်နေရဆဲပင်ဖြစ်ပြီး ထိုဘုန်းကြီးပျံပွဲ ပြုလုပ်သည့် အလေ့အထသည် မြန်မာ့ရိုးရာ အလေ့အထတစ်ခုအဖြစ် သတ်မှတ်ကြသူများလည်း ရှိလာပြီဖြစ်သည်။

မြစ်တစ်စင်း ခြားနားနေရုံဖြင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို ရန်ကုန်မြို့နှင့် အခြားတစ်ဖက်ကမ်းမှ ဒလမြို့ကိုကြည့်၍ သိနိုင်သည်။ ရန်ကုန်မြို့တွင် ရှေးရိုးရာအလေ့အထများကို မြင်တွေ့ရန် ခက်ခဲလာပြီဖြစ်သော်လည်း ဒလမြို့တွင်တော့ မြင်တွေ့နိုင်ဆဲပင်ဖြစ်၏။

သုံးဘီးကားများ၊ ဆိုင်ကယ် ကယ်ရီများဖြင့် ရှုပ်ထွေးနေတတ်သည့် ဒလမြို့ဘက်ကမ်း၏ အစွန်ကျကျ နေရာတစ်နေရာတွင် ကျေးရွာအုပ်စု တစ်ခုရှိနေပြီး ထိုရွာတွင် ပွဲလမ်းသဘင်တစ်ခု ပြုလုပ်ရန် ပြင်ဆင်နေကြသည်။

ပွဲလမ်းသဘင် ပြုလုပ်မည့်အသွင်မျိုး မြင်တွေ့နေရသော်လည်း ပျော်ပွဲရွှင်ပွဲကျင်းပသည့် ပုံစံမျိုးနှင့်တော့ အတန်ငယ် ကွာခြားမှု ရှိနေသည်။

ပွဲခင်းဟုဆိုရမည့် ပွဲကျင်းပသည့်နေရာတွင် ပြာသာဒ်ကြီးများ ဆောက်လုပ်ထားပြီး မျက်နှာချင်းဆိုင်နေရာတွင် မဏ္ဍပ်ကြီးတစ်ခု ရှိနေသည်။ ပွဲခင်းအတွင်းတွင် အခြားသော ပွဲစျေးတန်းများ၌ တွေ့မြင်နေကျ မြင်ကွင်းများအတိုင်း ချားရဟတ်စီးသူ၊ အရုပ်ပစ်သူ၊ ပွဲစျေးတန်း လှည့်လည်လျှောက်လှမ်းနေကြသူများကို မြင်တွေ့ရမည်ဖြစ်သည်။

ထူးခြားသည်က ပွဲခင်းအတွင်း ထင်ရှားသိသာစွာ တည်ဆောက်ထားသော ပြာသာဒ်ကြီးများပင်ဖြစ်ပြီး ထိုပြာသာဒ်ကြီးများကို မည်သည့်ရည်ရွယ်ချက်ဖြင့် ထားရှိနေခဲ့ခြင်း ဖြစ်ပါသနည်း။

ထိုနေရာသည် ဒလမြို့နယ်ရှိ တုံကင်တောင်ကျေးရွာ၌ နှစ်ပေါင်း ၅၀ ကျော် သီတင်းသုံးနေထိုင်ရင်း ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ အန္တိမစျာပန ပြုလုပ်ရန် ပြင်ဆင်ထားသည့် နေရာဖြစ်ပြီး ပွဲခင်းအတွင်းရှိ ပြာသာဒ်ကြီးအပေါ်တွင် ဆရာတော်၏ ရုပ်ကလာပ်တော်ကို ထားရှိအပူဇော်ခံထားခြင်း ဖြစ်သည်။

ပြာသာဒ်ကြီး၏ မျက်နှာချင်းဆိုင်မဏ္ဍပ်တွင်တော့ ဆရာတော်၏ ဂုဏ်ကျေးဇူးများ ဖော်ကျူးသည့် ဧယင်ကျူးခြင်းအပါအဝင် ခြင်းလုံးအလှပြပွဲကဲ့သို့သော ပွဲများ၊ အငြိမ့်များဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။

ဧယင်ကျူးခြင်း အလေ့အထသည် ဘုန်းကြီးပျံပွဲများတွင်သာ မြင်တွေ့ရတတ်သည့် အလေ့အထတစ်မျိုးဖြစ်ပြီး ပျံလွန်တော်မူခဲ့ပြီးဖြစ်သော် ကျေးဇူးရှင်ဆရာတော်၏ ဂုဏ်ကျေးဇူးများကို သံနေသံထား စကားလုံးများဖြင့် ဖွဲ့ကျူးသီဆိုခြင်းကို ဧယင်ကျူးခြင်း၏ အဓိပ္ပာယ်တစ်ခုလည်းဖြစ်သည်။

ဧယင်ကျူးခြင်းအား အချို့သော လူပုဂ္ဂိုလ်များ၏ စျာပနများတွင် ရှေးယခင်က တွေ့မြင်နိုင်ကြောင်း သမိုင်းဘာသာရပ်ကို အထူးပြုသင်ကြားနေတဲ့ တက္ကသိုလ်သမိုင်းဆရာတစ်ဦး၏ ပြောပြမှုအရ သိခွင့်ရခဲ့သည်။

ဧယင်ကျူးခြင်းအပြင် ပွဲခင်းအတွင်း၌ တည်ရှိနေသော် ဆရာတော်၏ ရုပ်ကလာပ်ထားရှိရာ ပြာသာဒ်သည်လည်း အနုစိတ်လက်ရာများဖြင့် စီချယ်ထားသည့် မြန်မာ့ရိုးရာ အနုပညာရပ်တစ်ခု ဖြစ်သည်။

ပြာသာဒ်တည်ဆောက်ရာတွင် လူ ၂၅ ဦးကျော် အသုံးပြု၍ လပိုင်းခန့်အချိန်ယူ တည်ဆောက်ရခြင်းဖြစ်ပြီး တည်ဆောက်ထားရာတွင်လည်း မြန်မာ့ရိုးရာ လက်မှုအနုပညာများစွာတို့ဖြင့် တည်ဆောက်ရခြင်းဖြစ်သည်။

ပြာသာဒ်၏ အပြင်တွင်ရှိသော ကနုတ်ပန်းလက်ရာများကို စပ်ပန်းချီအဖြစ် သတ်မှတ်ထားပြီး ပျံလွန်တော်မူသည့် ဆရာတော်၏ ရုပ်ကလာပ်ကို အဆိုပါပြာသာဒ်ဖြင့် အန္တိမစျာပနဟုခေါ်သည့် မီးသင်္ဂြိုဟ်ခြင်းကို ပြုလုပ်မည်ဖြစ်သည်။

ပြာသာဒ်တည်ဆောက်ရာတွင် ကနဦးအနေဖြင့် နှီးများဖြင့် ပြာသာဒ်၏ အပြင်ပန်းပုံဖော်ရပြီး ယင်းနောက်တွင် ဆေးရေးပန်းချီများကို ရွှေဆေး၊ ငွေဆေးများဖြင့် ရေးဆွဲရင်း ပြာသာဒ်ပုံ ဖော်ရမည်ဖြစ်သည်။

ထိုသို့သော ဘုန်းကြီးပျံပွဲများတွင် အသုံးများသည့် စပ်ပန်းချီ အနုပညာလက်ရာများသည် ဘုန်းကြီးပျံပွဲ ပြုလုပ်ခြင်းများ ရှားပါးလာခြင်းနှင့်အတူ ပျောက်ကွယ်သွားမည်ကို အဆိုပါအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများကလည်း စိုးရိမ်နေကြပြီး ထိန်းသိမ်းနိုင်ရန်အတွက်လည်း မျှော်လင့်လျက်ရှိကြသည်။

နှစ်ပေါင်း ၃၀ ကျော် အဆိုပါ အနုလက်မှုပညာဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုလုပ်ခဲ့သူတစ်ဦးကလည်း ဘာသာရေးနှင့် သက်ဆိုင်သည့် အနုပညာလက်ရာများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်ကြောင်း ပြောပြခဲ့သည်။

ဘုန်းကြီးပျံပွဲများကို မည်သည့်ရည်ရွယ်လိုရင်းဖြင့် စတင်ပြုလုပ်ခဲ့သည်ကို အတိအကျ သိနိုင်ရန် ခက်ခဲသော်လည်း ဒလမြို့နယ် တုံကန်တောင်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ဘုန်းကြီးပျံပွဲသည် ရိုးရှင်းသည့် ရည်ရွယ်ချက် တစ်ခုဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

နှစ် ၅၀ ကျော် ဆုံးမသြဝါဒပေးခဲ့သည့် ဆရာသဖွယ်၊ မိဘသဖွယ်ဖြစ်သည့် ကိုးကွယ်ရာဆရာတော်ကို နောက်ဆုံးအကြိမ်ဖြင့် ကြီးကျယ်ခမ်းနားစွာ ပူဇော်လိုရင်းဖြစ်ကြောင်း ဘုန်းကြီးပျံပွဲ ပြုလုပ်ရသည့် အကြောင်းကို ပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ နေရာကို ဆက်ခံမည့် သံဃာတော်တစ်ပါးက မိန့်ကြားခဲ့သည်။

ထိုသို့ နောက်ဆုံးအကြိမ် ပူဇော်ခြင်းကိုလည်း တပည့်ဒါယကာများ တတ်စွမ်းသလောက် လှူဒါန်းပါဝင်မှုဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ဘုန်းကြီးပျံပွဲများ ပြုလုပ်ရာတွင် မိုးလေကင်းလွတ်သည့် စပါးပေါ်ချိန်များတွင်သာ ပြုလုပ်လေ့ရှိပြီး ထိုသို့ပြုလုပ်ရခြင်းသည်လည်း စိုက်ပျိုးရေးလုပ်ကိုင်သူ တပည့်ဒါယကာများဖြစ်ခြင်းကြောင့် ဝင်ငွေများ ရရှိသည့်အချိန်တွင် မိမိတို့၏ ဆရာရင်းကို ပူဇော်ရန် စီစဉ်ကြခြင်းဖြစ်သည်။

ဒလမြို့တွင် ပြုလုပ်ခဲ့သည့် ဘုန်းကြီးပျံပွဲတွင်လည်း အဆိုပါအတိုင်း ဖြစ်သည်။ ဆရာတော်သည် အန္တိမစျာပန (ဘုန်းကြီးပျံပွဲ) မပြုလုပ်မီ လေးလခန့်ကပင် ပျံလွန်တော်မူပြီးဖြစ်သော်လည်း ဆရာတော်ကို နောက်ဆုံးအကြိမ်ပူဇော်ရန်အတွက် ဝင်ငွေပေါ်မည့် သီးနှံပေါ်သည့်အချိန်မှ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့သောအချိန်တွင် ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား ဆေးဝါးများဖြင့် စီရင်ထားရှိခဲ့ပြီး ရှေးယခင်က မြန်မာ့ရိုးရာနည်းဖြင့် ထားရှိကြသော်လည်း လက်ရှိတွင်မူ ကမ္ဘာပေါ်တွင် အသုံးများသည့် နည်းလမ်းများဖြင့် စီရင်ထားရှိသည်ဟုလည်း သိရ၏။

ကာလအတန်ကြာ ထားရှိထားသည့် ရုပ်ကလာပ်အား အန္တိမစျာပန မပြုလုပ်ခင် အချိန်များအတွင်း ပန်းများ၊ အမွှေးနံ့သာများဖြင့်လည်း ပူဇော်မှုများ ပြုလုပ်ကြပြီး ရုပ်ကလာပ်ကို တပည့်ဒါယကာများက လာရောက်ပူဇော်ခြင်းများလည်း ပြုလုပ်ကြ၏။

ဘုန်းကြီးပျံပွဲတစ်ခုသည် ပျံလွန်တော်မူသည့် ဆရာတော်၏ ရုပ်ကလာပ်အား မီးလောင်တိုက်သွင်းသည့်အချိန်တွင် ပြီးဆုံးမည်ဖြစ်ပြီး လောင်တိုက်သွင်းသည့်အချိန်တွင် အရပ်ဒေသအသီးသီးမှ ကိုးကွယ်သူ ဒါယကာ၊ ဒါယိကာမများက လာရောက်ပူဇော်ကြပြီး လောက်တိုက်သွင်းခြင်းအား မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်း၊ ဒုံးပစ်ခြင်းများဖြင့် ပြုလုပ်လေ့ရှိကြောင်း သိရ၏။

ဘုန်းကြီးပျံပွဲတစ်ခု ပြုလုပ်ချိန်သည် ရက်အတန်ငယ်ကြာမြင့်တတ်ပြီး တစ်ခါတစ်ရံ လနှင့်ချီ၍လည်း ကြာမြင့်တတ်၏။ ပြုလုပ်နေစဉ် ကာလအတွင်း၌လည်း မဏ္ဍပ်ကြီးများ၌ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများကို နေ့၊ ည ပြုလုပ်တတ် ကြသည်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ အချို့သော ဓလေ့ထုံးတမ်းများ ပျောက်ကွယ်လု နီးနီးအခြေအနေ ရောက်ရှိသွားတတ်ကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်၌ ရပ်ကွက်များအတွင်း ကထိန်ကာလများတွင် ကလေးသူငယ်များ တပျော်တပါးဖြင့် လမ်းလျှောက်ကာ ကထိန်လှည့်လည်ခြင်းများကို မြင်တွေ့နိုင်သော်လည်း ယနေ့ခေတ်ကာလတွင်တော့ ရှားပါးစွာ တွေ့မြင်နေရပြီဖြစ်သည်။

အလားတူပင် အခြားသော ရှားပါးသွားပြီဖြစ်သည့် အလေ့အထများစွာလည်း ရှိနေပြီဖြစ်ပြီး အချို့သော အလေ့အထများသည် မှတ်တမ်းမှတ်ရာများဖြင့် ထိန်းသိမ်းရန် လိုအပ်လာပြီဖြစ်သည်။

ဘုန်းကြီးပျံပွဲများတွင် အသုံးပြုသည့် အနုပညာလက်ရာများကို ဘာသာရေးနှင့် ဆက်နွှယ်သည့် အနုလက်မှုပညာများအဖြစ် သတ်မှတ်ထားကြသည်ဟု ဆိုကြသည်။ တိုးတက်ပြောင်းလဲလာခြင်းနှင့်အတူ ရိုးရာအလေ့အထများကတော့ ပျောက်ဆုံးလျက်ရှိသည်။

ခေတ်နှင့် လိုက်လျောညီထွေ မရှိခြင်းကြောင့် တဖြည်းဖြည်း ပျောက်ကွယ်လာသည့် အလေ့အထများထဲမှ ထိန်းသိမ်းသင့်သည်များကိုမူ ထိန်းသိမ်းထားမှသာလျှင် ဓလေ့တစ်ခု၏ တည်ရှိမှုကို စောင့်ရှောက် နိုင်မည်ဖြစ်ပြီး ဘုန်းကြီးပျံပွဲ အလေ့အထသည် ခိုင်မာစွာဖြင့် မှတ်တမ်းများဖြင့် ထိန်းသိမ်းရန် လိုအပ်လာသည့် ဓလေ့တစ်ခုဖြစ်လာပြီလည်း ဖြစ်တော့သည်။

Credit :Zaw

Leave a Reply

Your email address will not be published.