ကမ္ဘာတစ်လွှား ထူးခြားဆန်းပြား အပင်များ

ကမ္ဘာတစ်လွှား ထူးခြားဆန်းပြား အပင်များ

၁။ သွေးထွက်မှို (Hydnellum Peckii)

မှိုမျိုးစိတ်တစ်ခုဖြစ်ပြီး အပင်ရဲ့ သေးငယ်တဲ့ အပေါက်ကလေးများထဲမှ သွေးပုံသဏ္ဌာန်ရှိ အနီရောင် အရည်များ စိမ့်ထွက်နေပါတယ်။ ဒီအပင်ကို တောထဲမှာ အမှတ်တမဲ့ မြင်လိုက်ရသူအဖို့တော့ သွေးပျက်သွားနိုင် လောက်ပါတယ်။

သူတို့ဟာ ထင်ရှူးပင်တွေရဲ့အောက်မှာ ပေါက်ရောက်ကြပြီး တစ်ခါတရံ ရေညှိများမှာ လည်း တွေ့ရတတ်ပါတယ်။ မြောက်အမေရိကနဲ့ ဥရောပတို့အပြင် အီရန်နဲ့ ကိုရီးယားတို့မှာလည်း တွေ့ရလေ့ရှိပါတယ်။

၂။ နတ်သမီးထောင်ချောက်ပင် (Dionaea Muscipula)

နတ်သမီးထောင်ချောက်လို့ အမည်ရှိတဲ့ အသားစား အပင်တွေဟာ ပိုးမွှားအများစုကို စားသော်လည်း အဓိကအားဖြင့် ယင်ကောင်များကို ဖမ်းယူစားသောက် လေ့ရှိတာကြောင့် ယင်ကောင်စားပင်ဟုလည်း ခေါ်ကြပါတယ်။

၎င်းအပင်တွေမှာ ပါရှိတဲ့ ပါးစပ်ပုံသဏ္ဌာန် အရွက် ၂ ခုဟာ သားကောင်ကို အာရုံခံနိုင်ပါတယ်။ ထို့အပြင် သွားပုံသဏ္ဌာန် အစိတ်အပိုင်းများပါရှိပြီး သားကောင်ကို ပြန်မထွက်နိုင်အောင် တားဆီးပေးပါတယ်။

၎င်းအပင်တွေဟာ သားကောင်ကို မိတဲ့အခါမှာတော့ အရွက် ၂ ခုဟာ အစာချက်ခြင်းကို လုပ်ဆောင်ပါတယ်။ အစာချေခြင်းလုပ်ငန်းဟာ အများအားဖြင့် ၁၀ ရက်ခန့်ကြာပါတယ်။

သူ့အမြစ်တွေဟာ မြေကြီးက အာဟာရကို လုံလောက်အောင် မစုပ်ယူနိုင်သော ကြောင့် အသက်ရှင်ရပ်တည် ရေးအတွက် အင်းဆက်တွေကို စားသောက်ခြင်းဖြစ်ပါတယ်။ ဒီအပင်တွေကို အမေရိကန်ရဲ့ အရှေ့ဘက် ကမ်းရိုးတန်း စွတ်စိုတဲ့မြေ ဒေသတွေမှာ တွေ့ရလေ့ ရှိပါတယ်။

၃။ Giant Hogweed (Heracleum Mantegazzianum)

အပင်အမြင့် ၄ မီတာလောက်သာရှိပြီး မြင်ရသူအဖို့ လှပေမဲ့ အလွန်အန္တရာယ်ရှိတဲ့ အပင်အမျိုး အစား ဖြစ်ပါတယ်။ သူ့ရဲ့ အစေးဟာ ယားယံပြီး အသားအရေကိုပျက်စီးစေတဲ့ Phytophotodermatitis ဆိုတဲ့ ရောဂါကို ဖြစ်စေပါတယ်။

Giant Hogweed အပင်များကို အများအားဖြင့် ဥရောပအနောက်ပိုင်း၊ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေမှာ အများဆုံးတွေ့ ရလေ့ရှိပြီး အထူးသဖြင့် လမ်းဘေးများ၊ ပန်းခြံများ၊ မြစ်ကမ်းစပ်များနဲ့ တောစပ်တွေမှာ ပေါက်ရောက်ကြပါတယ်။

၄။ အရုပ်မျက်လုံးပင် (Actaea Pachypoda)

အရုပ်မျက်လုံးပင်ကို သူ့ရဲ့အရုပ်မျက်လုံးနဲ့ဆင်တဲ့ အသီးများရှိတဲ့အတွက် အရုပ်မျက်လုံးပင်ဟု ခေါ်ကြခြင်း ဖြစ်ပြီး အသီးများတွင် အဆိပ်ဓာတ်မြင့်မားစွာ ပါဝင်ပါတယ်။

ဒီအပင်တွေကိုတော့ ကနေဒါအရှေ့ပိုင်း၊ အမေရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ တွေ့ရတတ်ပါတယ်။

၅။ နဂါးသွေးပင် (Dracaena Cinnabari)

ဒီအပင်တွေကို အိန္ဒိယသမုဒ္ဒရာထဲက Socotra နယ်မြေအတွင်းမှာ တွေ့ရတဲ့အတွက်ကြောင့် Socotra Dragon Tree သို့မဟုတ် Dragon’s Blood Tree လို့ခေါ်ကြပါတယ်။

မော်ရိုကိုနိုင်ငံ အနောက်ပိုင်းက ကျွန်းတွေမှာလည်း တွေ့ ရပါတယ်။ အဲဒီအပင်ကထွက်တဲ့ သွေးနဲ့ဆင်တဲ့ အနီရောင်အစေးများကြောင့် နဂါးသွေးပင်ဟု ခေါ်ကြခြင်း ဖြစ်ပါတယ်။ အဲဒီအပင်ရဲ့အစေးကို ဆေးဖော်စပ်ခြင်း၊ ဆိုးဆေးနဲ့ နှုတ်ခမ်းနီထုတ်လုပ် ခြင်းများမှာ အသုံးပြုပါတယ်။

၆။ Death Camas (Toxicoscordion Venenosum)

Death Camas အပင်တွေဟာ မြက်နဲ့တူပြီး အဆိပ်ရှိတဲ့အပင်များ ဖြစ်ပါတယ်။ သူရဲ့ အစိတ်အပိုင်း အားလုံးဟာ အဆိပ်ရှိပြီး အဖူးဟာ ကြက်သွန်ဥနဲ့ဆင်ပါတယ်။ တစ်ပင်လုံးမှာ အဆိပ်ရှိနေတာကြောင့် ၎င်းအပင်ရဲ့ ၂ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း စားမိရင်တောင် လူကိုသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။

အကယ်၍ ကံကောင်းခဲ့ရင်တောင် အော့အန်ခြင်း၊ သွေးဖိအားကျဆင်းခြင်း၊ ဝမ်းလျှောခြင်းနှင့် မေ့မြောခြင်းများကို ဖြစ်စေ နိုင်ပါတယ်။

ရဲပြည့်အောင်

Leave a Reply

Your email address will not be published. Required fields are marked *