ရုရှား၏ ကမ္ဘာ့အဖျက်စွမ်းအားအမြင့်ဆုံး နျူကလီးယားမဟုတ်သော FOAB ဗုံးများ

ရုရှား၏ ကမ္ဘာ့အဖျက်စွမ်းအားအမြင့်ဆုံး နျူကလီးယားမဟုတ်သော FOAB ဗုံးများ

ရုရှားနိုင်ငံထုတ် ဗုံးများ၏ဖခင်ဟု တင်စားခေါ်ဆိုသည့် Father-of-All-Bombs
(FOAB) ဗုံးသည် TNT ယမ်းအလေးချိန် ၄၄ တန်နှင့် ညီမျှသော Payload ရှိသည်။

ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲပြီးချိန်ကစ၍ ရုရှားတပ်ဖွဲ့သည် သာမိုဘားရစ် (Thermobaric) လက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံလာခဲ့သည်။

ရုရှားတပ်ဖွဲ့သည် ကမ္ဘာ့အကြီးဆုံးနှင့် အကွဲပြားဆုံး Thermobaric နည်းပညာသုံး ဖောက်ခွဲရေး ပစ္စည်းများထဲက တစ်ခုကို လုပ်ဆောင်‌နေသည်။ သို့သော် ဤလက်နက်များသည် မည်သည့်အတိုင်းအတာအထိ ခြိမ်းခြောက်မှုရှိပြီး ကရင်မလင်က သာမိုဘားရစ် လက်နက်တွေကို ယခင်က မည်သို့အသုံးပြုခဲ့သနည်း။

အခြေခံအားဖြင့် သာမိုဘားရစ် လက်နက်များသည် ပတ်ဝန်းကျင်ရှိ အောက်ဆီဂျင်ကို အသုံးပြုကာ ကျယ်ပြန့်သော ဧရိယာအတွင်း အပူချိန်မြင့်မားသော ပေါက်ကွဲမှုကို ဖန်တီးပေးသည့် ပေါက်ကွဲစေတတ်သော ခဲယမ်းတစ်မျိုးဖြစ်သည်။

ဤဖောက်ခွဲရေး ပစ္စည်းများက ထုတ်ပေးသော ပေါက်ကွဲမှုလှိုင်းသည် သမားရိုးကျ ဗုံးများထက် ပိုမိုကျယ်ပြန့်ပြီး ပိုမိုပြင်းထန်သည်။ သာမိုဘားရစ် လက်နက်များကို အဖျက်စွမ်းအားအမြင့်ဆုံး နျူကလီးယား မဟုတ်သော ဖောက်ခွဲရေး ပစ္စည်းများအဖြစ် သတ်မှတ်ထားသည်။

Thermobaric လက်နက်များအနက် အသုံးအများဆုံးမှာ လောင်စာနှင့်လေပေါင်းစပ်ဖောက်ခွဲရေးလက်နက် (FAE)ဓာတုတိမ်တိုက် တစ်ခုအား ဖြန့်ခွဲကာ ပေါက်ကွဲစေသော လက်နက်တို့ဖြစ်သည်။

၎င်းလက်နက်မျိုးသည် အခိုင်အမာ တည်ဆောက်ထားသောနေရာများ သို့မဟုတ် အလုံပိတ်နေရာများဖြစ်သည့် ဗုံးခိုကျင်းများနှင့် တစ်ယောက်ပစ်ကျင်းများကို အင်အားပြင်းသော ပေါက်ကွဲမှုလှိုင်းဖြင့် တိုက်ခိုက်နိုင်မည်ဖြစ်သည်။

အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် ၁၉၆ဝ ပြည့်နှစ်များကစ၍ Thermobaric လက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ခဲ့သည်။ အမေရိကန်တပ်ဖွဲ့သည် ဗီယက်နမ်စစ်ပွဲအတွင်း အသုံးပြုခဲ့သည့် BLU နှင့် CBU အုပ်စုဝင် FAE ဗုံးအချို့ ကိုဝယ်ယူခဲ့သည်။

ထိုအတောအတွင်း ဆိုဗီယက်ပြည်ထောင်စုနှင့် ၎င်း၏ အရိုက်အရာဆက်ခံသူ ရုရှားသည် ကျယ်ပြန့်စွာအသုံးပြုနိုင်သည့် Thermobaric စနစ်များကို တွေ့ရှိခဲ့သည်။ ရုရှားနိုင်ငံ၏ Thermobaric လက်နက်စာရင်းတွင် အထင်ရှားဆုံးမှာ TOS-1 အတွဲလိုက်ပစ် ဒုံးကျည်စနစ်နှင့် ၎င်းကို အဆင့်မြှင့်တင်ထားသည့် TOS-1A/TOS-2 မျိုးကွဲစနစ်တို့ဖြစ်သည်။

၁၅ စက္ကန့်အတွင်း ပစ်လွှတ်နိုင်သော ဒုံးကျည်အစင်း ၃၀ အထိ ထပ်ဆင်ထားသည့် TOS-1 တပ်ခွဲများသည် အချိန်တိုအတွင်း တုန်လှုပ်ချောက်များဖွယ်ရာ ပျက်စီးမှုကို ဖန်တီးဖြစ်ပေါ်စေနိုင်သည်။

ဤလက်နက်များကို ဆိုဗီယက်-အာဖဂန်စစ်ပွဲနှောင်းပိုင်းတွင် ပထမဆုံးအနေဖြင့် အသုံးပြုခဲ့သော်လည်း ၎င်းတို့၏ အဖျက်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြသခဲ့သည်မှာ ဒုတိယ ချေချင်းညာစစ်ပွဲဖြစ်သည်။

ပထမ ချေချင်းညာစစ်ပွဲတွင် တွေ့ရှိခဲ့သည့် အားနည်းချက်များကို ပြင်ဆင်ကာ Themobaric ထိပ်ဖူးများ တပ်ဆင်ထားသော ရုရှား TOS-1 ယူနစ်များနှင့် RPO-A Shmel ဗုံးပစ်လောင်များများသည် မြို့တော် Grozny ကိုဝန်းရံကာ သူပုန်များကို လက်နက်ချ အညံ့သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။

လတ်တလောတွင် ကရင်မလင်က ပံ့ပိုးပေးသည်ဟု ယူဆရသော TOS-1M ဒုံးကျည်များကို ယူကရိန်း အရှေ့ပိုင်း၊ Donbas ဒေသတွင် ရုရှား ကျောထောက် နောက်ခံပြု ခွဲထွက်ရေးသမားများက အသုံးပြုနေသည်ဟု နိုင်ငံတကာအဖွဲ့ အစည်းများက စွပ်စွဲထားသည်။

ရုရှားကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများသည် 9M123 Khrizantema ၊RPG-26နှင့် 9M1330Kornet အပါအဝင် ၎င်း၏ ဒုံးပစ်လောင်ချာများနှင့် တင့်ကားဖျက်ဒုံးကျည်စနစ်များအတွက် Thermobaric ထိပ်ဖူးများကို တီထွင်ခဲ့သည်။

Thermobaric ထိပ်ဖူးတပ် လက်နက်များကို ကမ္ဘာတစ်ဝန်းရှိ စစ်ရေးပဋိပက္ခများတွင် အသုံးပြုခဲ့ကြပြီး အထူးသဖြင့် ဆီးရီးယားပြည်တွင်းစစ်တွင် ရုရှားက စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရာ၌ ၎င်းလက်နက်များကို အသုံးပြုခဲ့သည်။

ရုရှား၏ နောက်ဆုံးပေါ် တာတိုပစ် ပဲ့ထိန်းဒုံးကျည်စနစ်များထဲက တစ်ခုဖြစ်သော Iskander-M သည် Themobaric ထိပ်ဖူးများနှင့် တွဲဖက်အသုံးပြုနိုင်သည်။ S-8 ဒုံးနှင့် ရုရှားလုပ် လေကြောင်းက ပစ်လွှတ်ရသည့် ခဲယမ်းအမျိုးမျိုး အပါအဝင် KAB အုပ်စုဝင် ပဲ့ထိန်းဗုံးမျိုးကွဲ အများအပြားတွင်လည်း Thermobaric ထိပ်ဖူးများကို တပ်ဆင်နိုင်သည်။

လက်ရှိအချိန်အထိ အကြော်ကြားဆုံးနှင့် အငြင်းပွားဖွယ်ရာအရှိဆုံး Thermobaric လက်နက်မှာ ရုရှား၏ ဝေဟင်မှပစ်လွှတ်ရသည့် ဖုံးအားလုံး၏ ဖခင်ဟုခေါ်သည့် FOAB ဗုံးပင်ဖြစ်သည်။

အကယ်၍ ရုရှားနိုင်ငံက ထုတ်ပြန်သော အချက်လက်များ မှန်ကန်ပါက TNT ယမ်းအလေးချိန် ၄၄ တန်နှင့်ညီမျှပြီး ပေါက်ကွဲမှုဧရိယာ မီတာ ၃၀၀ ခန့်ရှိသော FOAB ဗုံးသည် ကမ္ဘာပေါ်တွင် အပျက်စွမ်းအားအမြင့်ဆုံး နျူကလီးယားစွမ်းအင် အသုံးမပြုသောဗုံး ဖြစ်လာမည်ဖြစ်သည်။

စင်စစ် ၎င်း၏ ပေါက်ကွဲမှုစွမ်းအားသည် နည်းဗျူဟာမြောက် နျူကလီးယား လက်နက်နီးပါး ရှိနေပြီဖြစ်သည်။ FOAB ကို ၂၀၁၇ ခုနှစ်တွင် ဆီးရီးယားစစ်မြေပြင်၌ စမ်းသပ်ခဲ့သည်။

အချို့သော စစ်ဘက်ဆိုင်ရာလေ့လာသူများက ဗုံး၏ စွမ်းဆောင်ရည်နှင့် နည်းပညာ ဆိုင်ရာ သဘောသာအပေါ် သံသယဝင်ခဲ့ပြီး ယခုအချိန်အထိ အတည်မပြုသေးသည်ကို တွေ့ရသည်။

ရုရှားတပ်ဖွဲ့သည် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီးချိန်ကစ၍ Thermobaric လက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဆုတ်မနစ် ရင်းနှီးမြှုပ်နှံခဲ့ပြီး ကာလရှည်ကြာတည်ရှိနေခဲ့သည့် ဤလုပ်ဆောင်ချက်သည် အချိန်တိုအတွင်း ပြောင်းလဲသွားမည့် အရိပ်လက္ခဏာမျိုး မရှိပေ။

ထို့ပြင် ရုရှား၏ မြေပြင်တပ်ဖွဲ့များနှင့် ဝေဟင်ပစ်လက်နက်များတွင် ကျယ်ကျယ် ပြန့်ပြန့် တပ်ဆင်အသုံးပြုလာခြင်းနှင့်အတူ အဆိုပါ Thermobaric ထိပ်ဖူးတပ် လက်နက်စနစ် အများအပြားသည် လွန်ခဲ့သည့် နှစ်များအတွင်း ဈေးကွက်တွင် တင်ပို့ရောင်းချရာ၌ သိသိသာသာ အောင်မြင်မှုရရှိခဲ့ပါကြောင်း ရေးသားလိုက်ပါသည်။

Author: အောင်ထက်၊သုတကမ္ဘာ
Ref;Meet the FOAB: Russia’s Father Of All Bombs

Leave a Reply

Your email address will not be published.