အိန္ဒိယနိုင်ငံက လူသိနည်းတဲ့ စိတ်ဝင်စားစရာ နေရာများ

အိန္ဒိယနိုင်ငံက လူသိနည်းတဲ့ စိတ်ဝင်စားစရာ နေရာများ

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာကတော့ အိန္ဒိယနိုင်ငံက လူသိနည်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ နေရာလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ အပြင်မှာ တကယ်ရှိတဲ့အရာတွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက်တောင် ပိုထူးဆန်းပါသေးတယ်။

၁။ မြွေရွာ

အိန္ဒိယနိုင်ငံ၊ မဟာရာစထရာပြည်နယ်၊ ဆိုလဖာမြို့ကလေးမှာရှိတဲ့ ရှီပယ်ဆိုတဲ့ရွာလေးကတော့ မြွေနဲ့လူများ အတူနေထိုင်တဲ့ ထူးခြားဆန်းပြားတဲ့ အရပ်ဒေသတစ်ခုဖြစ်ပါတယ်။

ဒေသရဲ့ ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကြောင့် အမျိုးမျိုးသော မြွေမျိုးကွဲတွေရှိပါတယ်။ လူတွေအတွက် အလွန်အန္တရာယ်ရှိတဲ့ မြွေတွေနဲ့ နှီးနွှယ်ဆက်စပ်နေပါတယ်။

ဒီရွာလေးရဲ့ အိမ်တိုင်းမှာ မြွေတွေကိုထည့်တဲ့ ပခြုပ်တွေ ကိုထားရှိပါတယ်။ ရွာသူရွာသားတွေက မြွေတွေကို သူတို့ရဲ့ မိသားစုဝင်အဖြစ် သတ်မှတ်ထားပြီး သူတို့ရဲ့ နေအိမ်များတွင် နေထိုင်စေပါတယ်။

ကလေးအရွယ်မှစလို့ အသက်အရွယ်အတန်းအစားအားလုံး မြွေဟောက်အပါအဝင် အဆိပ်ရှိမြွေအမျိုးမျိုးနဲ့ လက်ပွန်းတတီး အနီးကပ်နေထိုင်ကြတာပဲဖြစ်ပါတယ်။ ဒါကလဲ သူတို့ရဲ့ နတ်ဘုရား Lord Siddheshwar က မြွေကိုက်ခံရရင်လဲ အသက်ရှင်အောင်ပြန်လည်ကုသပေးနိုင်တဲ့ စွမ်းအင်ကို ပေးနိုင်တယ်လို့ ယုံကြည်လို့ လဲဖြစ်ပါတယ်။

အဲဒီရွာမှာ တစ်နေ့တခြား မြွေကောင်ရေ အလွန်များပြားလာပေမဲ့ အဲဒီရွာကသူတွေ ကို မြွေကိုက်ခံရလို့ အသက်ဆုံးပါးရပါတယ်ဆိုတဲ့ မှတ်တမ်းတော့ အခုထိမရှိသေးပါဘူး။

၂။ ခွေးဘုရားကျောင်း

ခွေးတွေဟာ လူတွေအတွက် အကောင်းဆုံး မိတ်ဆွေတွေဖြစ်တယ်ဆိုတာ လူတိုင်းလိုလို သိရှိပြီးသား ဖြစ်ပါတယ်။ သစ္စာရှိခြင်း၊ ကျေးဇူးသိတတ်ခြင်းစတဲ့ လက္ခဏာတွေကြောင့် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ မှာဆိုရင်လဲ ဟချိကို (Hachiko) ခွေးရုပ်တုဟာ သစ္စာရှိတယ်ဆိုတဲ့အထိမ်းအမှတ်နဲ့ အလွန်ထင်ရှားပါတယ်။ အိန္ဒိယနိုင်ငံမှာလဲ ဒီလိုအမြင်ရှိပါတယ်။ အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ကာနာတကာပြည်နယ်၊ ချန်ပါတနာမြို့မှာ ခွေးနတ်ဘုရားကို ပူဇော်တဲ့ဓလေ့ရှိပြီး သူ့ရဲ့ သစ္စာသမာဓိအပေါ် လေးစားမှုနဲ့ ပူဇော်ကြပါတယ်။

ဒီလိုပူဇော်ရခြင်းကတော့ ခွေးနတ်ဘုရားဟာ ရွာစောင့်နတ်၊ မြို့စောင့်နတ်တွေနဲ့ မြို့ရွာတွေကို စောင့်ရှောက်ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်လို့လဲ ဖြစ်ပါတယ်။

၃။ သံလိုက်တောင်ကုန်း

အိန္ဒိယနိုင်ငံ၊ လဒက်(ရှ်) (Ladakh) ဒေသမှာတည်ရှိတဲ့ တောင်တက်လမ်းတစ်ခုဖြစ်ပါတယ်။ ကားကို ဂီယာဖြုတ်ပြီး အောက်ဘက်မှာ ရပ်ထားမယ်ဆိုရင် ကားဟာ သူ့အလိုလို တောင်ပေါ်ကို တက်သွားမှာဖြစ်ပါတယ်။

အဲဒီနေရာကို သံလိုက်တောင်ကုန်းလို့ ခေါ်ကြပါတယ်။ ကမ္ဘာ့နေရာအသီးသီးမှာ ဒီလို သံလိုက်တောင်ကုန်းတွေ ရှိနေတတ်ပါတယ်။

၄။ အရိုးစုကန်

အိန္ဒိယနိုင်ငံ၊ ဥတ္တရာခန် (Uttarakhand)ဒေသ၊ ထရိုင်းဆူလ်(Trisul) တောင်ရဲ့ အမြင့်ပေ ၁၆၅ဝဝ မှာတော့ ဒီအရိုးစုကန် တည်ရှိပါတယ်။ ဒီနေရာ အချိန်တိုင်း နှင်းတွေနဲ့ ဝေနေတာပါ။

ဒီတောင်မှာ နှင်းတွေ အရည်ပျော်တဲ့အခါ အရိုးစုတွေကို ဖုံးလွှမ်းသွားပါတယ်။ အရိုးစုပေါင်း ၆ဝဝ ခန့်ဟာ နတ်ဘုရား Latu ရဲ့ ဒေါသကြောင့် ဖန်တီးလိုက်တဲ့ ကြောက် မက်ဖွယ်ရာကောင်းတဲ့ မိုးသီးမုန်တိုင်းကြောင့် သေဆုံးခဲ့ရတယ်လို့ အဆိုရှိပါတယ်။

သုတေသနပညာရှင်တွေရဲ့ အဆိုအရ ဒီအရိုးစုတွေဟာ ၉ ရာစုဝန်းကျင်မှာ သေ ဆုံးသွားကြတဲ့သူတွေလို့ ဆိုပါတယ်။

၅။ မော်တော်ဆိုင်ကယ်နတ်ဘုရား

ယောက်ျားလေးတော်တော်များများဟာ သူတို့ရဲ့ မော်တော်ဆိုင်ကယ်တွေကို သူတို့ရဲ့အချစ်ဦး မိန်းကလေးအဖြစ် ခိုင်းနှိုင်းတတ်ကြတဲ့အထိ မြတ်နိုးတွယ်တာကြပါတယ်။

ရာဂျာစတန်ပြည်နယ်၊ ဂျောပါးခရိုင်ထဲမှာရှိနေတဲ့ ဘန်ဒီမြို့ငယ်လေးမှာတော့ Bullet ဆိုင်ကယ်တစ်စီးကို အလေးအမြတ်ထား ကိုးကွယ်တဲ့ ဓလေ့ရှိပါတယ်။ အဲဒီဒေသက ထင်ရှားတဲ့ မျိုးနွယ်ဝင်တစ်ယောက်ဖြစ်တဲ့ Om Singh Rathore (Om Banna) ဟာ Bullet မော်တော်ဆိုင်ကယ် (ယခု ကိုးကွယ်နေတဲ့ဆိုင်ကယ်)နဲ့ သစ်ပင်ကို ဝင်တိုက်မိပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ရဲတွေက တိုက်မိတဲ့ ဒီဆိုင်ကယ်ကို စခန်းသို့ ယူသွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာတော့ ဒီဆိုင်ကယ်ဟာ ရဲစခန်းကနေ ပျောက်ဆုံးသွားခဲ့ပြီး သူမတော်တဆမှုဖြစ်ခဲ့တဲ့ နေရာကိုပြန်ရောက်နေပါတယ်။

ရဲတွေကတော့ တစ်ယောက်ယောက် ရွှေ့သွားတယ်လို့ယူဆပြီး ရဲစခန်းကို နောက်တစ်ခေါက်ပြန်ယူကာ ဆီတိုင်ကီနဲ့ ချိန်းကြိုးတွေကို ဖြုတ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ နောက်တစ်နေ့မနက်မှာ ဆိုင်ကယ်ဟာ ပျောက်ဆုံးသွားပြီး အရင်နေရာကိုပဲ ပြန်ရောက်သွားပြန်ပါတယ်။

ဒေသခံတွေအတွက် ထူးဆန်းတဲ့ဖြစ်ရပ်လို ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Om Banna အမည် နဲ့ နတ်ကွန်းတစ်ခုကို တည်ဆောက်ပြီး သူစီးခဲ့တဲ့ ဆိုင်ကယ်ကို အဲဒီနေရာမှာပဲ ထားရှိကိုးကွယ်ကြပါတယ်။

ဒေသခံတွေဟာ ယာဉ်နဲ့ပတ်သက်တဲ့ အရေးကြီးအကြောင်းအရာ ပေါ်ပေါက်လာပါက မော်တော်ဆိုင်ကယ်နတ်ကွန်းကို လာရောက်ပြီး ပန်းတွေ၊ အချိုရည်တွေနဲ့ပူဇော်ကြပါတယ်။

Om Banna ရဲ့ဝိညာဉ်ဟာ ယာဉ်စီးခရီးသည်တွေရဲ့ အသက်တွေကို ကာကွယ်ပေးနေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

မြတ်ဘုန်းခန့်

Leave a Reply

Your email address will not be published.