ဘာလို့ သင့်ဖုန်းကို လေယာဉ်စီးစဉ်မှာ ပါဝါ ပိတ်ခိုင်းရသလဲ ဆိုတာ

ဘာလို့ သင့်ဖုန်းကို လေယာဉ်စီးစဉ်မှာ ပါဝါ ပိတ်ခိုင်းရသလဲ ဆိုတာ

လေယာဉ်စီးရင် ဖုန်းကို ပါဝါ ပိတ်ထားပေးဖို့ ပြောတာကတော့ Air Plane Mode ထားပါလို့ ပြောရင် တချို့သော ခရီးသည်များ ဖုန်းနဲ့ သိပ်မရင်းနှီးတာကြောင့် မလုပ်တတ်မှာစိုးလို့ ဖြစ်ပါတယ်။

အကယ်၍ နိုင်ငံတကာ လေယာဉ်စီးရင်တော့ Turn off the phone or Turn Air Plane Mode on လို့ပြောပါလိမ့်မယ်။ ဖုန်း ပိတ်ရင်ပိတ်ထားပါ။ သို့မဟုတ် Air Plane Mode ထားပါလို့ ပြောခြင်း ဖြစ်ပါတယ်။

ဒီတော့ Air Plane Mode ဆိုတာ ဘာလဲ

လေယာဉ်တက်တဲ့အခါဖြစ်ဖြစ်၊ ဆင်းတဲ့အခါ ဖြစ်ဖြစ် လေယာဉ်ဟာ Traffic Control Center လို့ခေါ်တဲ့ လေယာဉ်လမ်းကြောင်းဆိုင်ရာ သတင်းပေး ဌာနနဲ့ ဆက်သွယ်ရပါတယ်။

ယင်းသို့ ဆက်သွယ် ပြောဆိုမှုမှာ အကယ်၍ လွတ်ချော်မှု ရှိရင် အမှားအယွင်းရှိနိုင်ပြီး မပြောကောင်း မဆိုကောင်း လေယာဉ်တိမ်းမှောက်မှုအထိ ဖြစ်နိုင်ပါတယ်။ လေယာဉ်မှာပါတဲ့ ဆက်သွယ်ရေး ကိရိယာက လွှတ်တဲ့ အီလက်ထရောနစ် ရေဒီယိုလိုင်းက Control Center ကို သွားခြင်း ဖြစ်ပါတယ်။

အကယ်၍ အဲ့ဒီအချိန်မှာ မိမိဖုန်းက Air Plane Mode သို့မဟုတ် ပါဝါသာ ပိတ်မထားရင် ဖုန်းကထွက်တဲ့ Signal ဟာ လေယာဉ်က ထွက်တဲ့ Signal နဲ့ သွားညှိနိုင်ပြီး လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို ထိခိုက်ပျက်ယွင်းစေပါတယ်။ ဒါကြောင့်မို့ မဖြစ်သင့်တဲ့ အက်ဆီးဒန့်များ ဖြစ်နိုင်ပါတယ်။

Air Plane Mode လုပ်ထားခြင်းက ရေဒီယို လိုင်းထွက်ရှိတဲ့ ပစ္စည်းမှန်သမျှကို ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာတွေပါသလဲဆိုတော့ ဆယ်လူလာ၊ Mobile Data, GPS, LTE, Bluetooth, Wi Fi အစရှိသဖြင့်တို့ ဖြစ်ပါတယ်။

Air Plane Mode လုပ်ထားရင် သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ App သုံးတာတို့ လုပ်နိုင်ပါသေးတယ်။ ဆက်သွယ်ရေး လုပ်ဆောင်ချက်ကလွဲလို့ ကျန်တာ အကုန်လုပ်လို့ရပါတယ်။

ဖုန်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ bluetooth, mobile data, wi-fi အစရှိသဖြင့် ပါသမျှ ပစ္စည်းအားလုံးကို Air Plane Mode သို့မဟုတ် ပါဝါ ပိတ်ထားရမှာ ဖြစ်ပါတယ်။

ဒီတော့ စမတ်နာရီများလည်း Air Plane Mode ပါဝင်တာကို မြင်တွေ့ ရမှာပါ။ ဒါကြောင့်မို့ နိုင်ငံတကာ လေယာဉ်လိုင်းတွေမှာ Turn off your electronic device or switch Air Plane Mode on ဆိုပြီးတော့ ပြောခြင်းပါ။

ဒီတော့ သူက အီလက်ထရောနစ် ပစ္စည်းမှန်သမျှကို ခြုံငုံပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဒါက အကောင်းဆုံးပါ။ ဘာလို့လဲဆို အီလက်ထရောနစ် ပစ္စည်းတွေမှာ ဆက်သွယ်ရေး ကိရိယာတွေ ပါလို့ ဖြစ်ပါတယ်။

မိမိဖုန်းတစ်လုံး ဖွင့်ထားရုံနဲ့ ဘာမှ မဖြစ်ဘူးလို့ မထင်ပါနဲ့။ ဖုန်းရဲ့ ဆက်သွယ်ရေး ကိရိယာ သဘောတရားက ရှာလို့ ခက်လေလေ ပိုရှာလေလေပဲ ဖြစ်ပါတယ်။

ဒီတော့ ဖုန်းဟာ အနီးစပ်ဆုံး ဖုန်းတာဝါတိုင်ကို ရှာဖွေဖို့အတွက် ပိုမိုအားကောင်းတဲ့ Signal ကို ကြိုးစားလွင့်လေလေ ဖြစ်ပါတယ်။ ဒီတော့ လေယာဉ်ဆက်သွယ်ရေးကို ကြိမ်းသေထိခိုက်ပါတယ်။

ဒါပေမယ့် နိုင်ငံတကာ အဆင့်မြင့် လေယာဉ်တွေကတော့ လေယာဉ်အတက်နဲ့ အဆင်းမှာပဲ တားမြစ်ထားပြီး အမြင့်ပေ တစ်သောင်းကို ကျော်ရင် အားလုံး ပြန်ဖွင့်ခွင့်ပေးပါတယ်။

ဘာလို့လဲဆို အမြင့်ပေ တစ်သောင်းကျရင် အန္တရာယ်မရှိလို့ ဖြစ်ပါတယ်။ အဲ့ကျရင် အချို့လေယာဉ်မှာဆို ဝိုင်ဖိုင်ကနေ ဖျော်ဖြေရေး အစီအစဉ်များလွင့်ပေးပြီး မိမိရဲ့ ဖုန်း၊ ကွန်ပြူတာများကို Wi-Fi ဖွင့်လို့ ချိတ်ဆက်နားဆင်နိုင်ပါတယ်။

Singapore ရဲ့ စျေးသက်သာ Silk Air မှာ ယခုလို လုပ်ပေးထားတာကို ကြုံဖူးပါတယ်။ ပြည်တွင်းလေယာဉ် အများစုကတော့ အဆင်းပဲ ဖြစ်ဖြစ် အတက်ပဲ ဖြစ်ဖြစ်၊ မိုးပေါ်မှာပဲ ဖြစ်ဖြစ် Air Plane Mode ကို အမြဲ ON ထားစေပါတယ်။ ဒါက စိတ်အချရဆုံး အခြေအနေပါ။

ဒီတော့ မိမိရဲ့ဖုန်းကို Wi-Fi၊ ဆယ်လူလာ သုံးခွင့်ရမရကို လေယာဉ်က လေယာဉ်မှူး၊လေယာဉ်မယ်တို့ ကြေညာချက်ကို သေချာနားထောင်ပြီးတော့ သုံးပါ။ သူတို့က ဘယ်လိုဆို သုံးလို့ရတယ် မရဘူးလို့ပြောတကို လိုက်နာပေးဖို့ လိုအပ် ပါတယ်။

နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်တဲ့အခါ Air Plane Mode တောင် မလိုအပ်တော့ကြောင်း ပြောထားပေမယ့် ယနေ့အချိန်အထိတော့ international regulation အရ လိုအပ်နေပါသေးတယ်။

ဒီတော့ မိမိကိုယ်တိုင်လည်း ဒါကို သတိထားဖို့လိုသလို မိမိရဲ့ဘေးက ခရီးသည် စည်းကမ်းချိုးဖောက်နေရင် ယဉ်ကျေးစွာ သတိပေးပါ။

တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ အားလုံးကို ထိခိုက်သွားနိုင်လို့ ဖြစ်ပါတယ်။

Credit

Leave a Reply

Your email address will not be published.