ယူကရိန်းအရေးက ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ တရုတ်ကိုတွန်းအားဖြစ်စေမှာလား

ယူကရိန်းအရေးက ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ တရုတ်ကိုတွန်းအားဖြစ်စေမှာလား

ယူကရိန်းကို တိုက်ခိုက်သိမ်းပိုက်ရန် ရုရှားက ခြိမ်းခြောက်နေခြင်းသည် ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်ရန် တရုတ်က ခြိမ်းခြောက်နေခြင်းနှင့် များစွာဆင်တူ နေသည်။

လက်ရှိ ယူကရိန်းအရေးတွင် တရုတ်သည် ထင်ထင်ရှားရှား မှတ်ချက်ပေး ဝေဖန်မှုမရှိသော်လည်း စိတ်ဝင်တစား စောင့်ကြည့်လေ့လာနေမည်ဆိုသည်မှာ သေချာသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယူကရိန်းအရေး၌ မတူကွဲပြားမှုများကို ဆွေးနွေးညှိနှိုင်းကာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြရန် တိုက်တွန်းသော ကြေညာချက် တစ်စောင် ထုတ်ပြန်ထားသည်။

သို့သော် တရုတ်သည် ရုရှားအား အပြစ်တင်ဝေဖန်ခြင်းမရှိသလို ယူကရိန်းဘက်၌ ရပ်တည်ခြင်းလည်းမရှိပါ။ ပွဲကြည့် ပရိသတ်အဖြစ်သာ ကြားနေလျက်ရှိသည်။

ယူကရိန်းအရေးသည် တရုတ်နှင့်တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော်လည်း တရုတ်-ထိုင်ဝမ် အရေးကိစ္စအပေါ်၌ ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိ လာနိုင်သည်ဟု လေ့လာသူများက သုံးသပ်သည်

ယူကရိန်းအရေးတွင် စစ်ပွဲပေါ်ပေါက်လာပါက အမေရိကန်သည် ယူကရိန်းဘက်မှ ရပ်တည်ကာ ရုရှားကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်မဟုတ်ပါ။ သို့ သော် အမေရိကန်သည် ယူကရိန်းကို စစ်လက်နက်များ ကူညီထောက်ပံ့ပေးနေသည်။

ယူကရိန်းတိုက်ခိုက်ခံရပါက ရုရှားကို ပြင်းထန်သော ဆန်ရှင်များဖြင့် အရေးယူ ဒဏ်ခတ်မည်ဟုလည်း ခြိမ်းခြောက်ပြော ဆိုထားသည်။

ထို့ကြောင့် ထိုင်ဝမ်စစ်ပွဲပေါ်ပေါက်လာပါက အမေရိကန်သည် စစ်ရေးအရ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု တရုတ်အစိုးရက ယူဆလာ နိုင်သည်။ ယူကရိန်းအရေးသည် ထိုင်ဝမ်ကို သိမ်းပိုက်ရန် တရုတ်ကို တွန်းအား ပေးသလို ဖြစ်စေနိုင်သည်။

ယူကရိန်းစစ်ပွဲကို ဆင်နွှဲပါက ရုရှားရင်ဆိုင်ရမည့် ဆန်ရှင်များ၏ ပြင်းအားကိုလည်းတရုတ်က စောင့်ကြည့် လေ့လာဖွယ်ရှိသည်။ အမေရိကန်ဦးဆောင်သော အနောက် နိုင်ငံများအနေဖြင့် ရုရှားကို ထိထိရောက်ရောက် အရေးယူခြင်း မရှိပါက ထိုင်ဝမ်ကို သိမ်းပိုက်ရန် တရုတ်ကို ပိုပြီး စိတ်အားထက်သန်လာနိုင်သည်။

တရုတ်သည် ရုရှား-ယူကရိန်း စစ်ပွဲကို အခွင့်ကောင်းယူကာ ထိုင်ဝမ်စစ်ပွဲကို တစ်ပြိုင်နက် ဆင်နွှဲလာနိုင်သည်ဟုလည်း အချို့ကသတိပေးကြသည်။ အဆိုပါ အလားအလာသည် ဖြစ်နိုင်ခြေ နည်းပါးသော်လည်း အမှန်တကယ် ပေါ်ပေါက်လာပါက အမေရိကန်ကိုများစွာ အခက်တွေ့စေနိုင်သည်။

အမေရိကန်သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်မည် မဟုတ်သော်လည်း နေတိုးအဖွဲ့ ဝင်နိုင်ငံများကို အကာအကွယ်ပေးရန် ဥရောပသို့ တပ်အင်အား အများအပြား စေလွှတ်ထားရသည်။ ထိုအခြေအနေတွင် ထိုင်ဝမ်စစ်ပွဲပေါ်ပေါက်လာပါက အမေရိကန်ကို ဒုက္ခရောက်စေနိုင်သည်။

ယူကရိန်းအရေးတွင် ရုရှားကစစ်ဝါဒဖြင့် ပါးပျဉ်းထောင်လာခြင်းသည် အမေရိကန်ကို ဒုက္ခရောက်စေသဖြင့် တရုတ်က ကျေနပ်နေဖွယ်ရှိသည်။ သို့သော် ရုရှားသည် မိမိတို့၏ အိမ်နီးချင်း နိုင်ငံဖြစ်ရာ ရုရှားနိုင်ငံအင်အားကြီးထွားလာမည်ကို တရုတ်က စိုးရိမ်နေဖွယ်ရှိသည်။

တရုတ်နှင့်ရုရှား(ဆိုဗီယက်)တို့သည် ၁၉၆၉ခုနှစ်တွင် နယ်နိမိတ်အငြင်း ပွားမှုကြောင့် ခဏတာစစ်ပွဲဆင်နွှဲခဲ့ရဖူးသော သမိုင်းကြောင်းလည်းရှိနေသည်။

ယူကရိန်းအရေးနှင့် ထိုင်ဝမ်အရေးတို့သည် များစွာဆင်တူသော်လည်း မတူညီသောအချက်များလည်း ရှိနေသည်။ အမေရိကန်သည် ယူကရိန်းနိုင်ငံ ရုရှား လက်အောက်သို့ ရောက်ရှိသွားမည်ကို များစွာစိုးရိမ်ပူပန်ခြင်းမရှိသော်လည်း ထိုင် ဝမ်ကိုမူ တရုတ်လက်အောက်သို့ မရောက်စေရဟု စိတ်ပိုင်းဖြတ်ထားပုံပေါ်သည်။

အမေရိကန်သည် ရုရှားထက် တရုတ်ကိုသာ အဓိကပြိုင်ဘက်အန္တရာယ်အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် ယူကရိန်း အရေးတွင် အမေရိကန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း ထိုင်ဝမ်အရေးတွင်မူ တရုတ်ကို ထိပ် တိုက်ရင်ဆိုင်ကာ ဟန့်တားမည့် သဘောထားများ ပြသနေသည်။

မည်သို့ပင်ဖြစ်စေ ယူကရိန်း အရေးကို တရုတ်က အလေးထား စောင့်ကြည့်လေ့လာနေသည်မှာ သေချာသည်။ တရုတ်သည် ယူကရိန်းအရေးမှနေ၍ သင်ခန်းစာများ လေ့လာကာ ထိုင်ဝမ် အရေးတွင် ပြန်လည်အသုံးချလာမည် ဖြစ်သည်။

Author : မိုးအေး၊နိုင်ငံတကာရေးရာ

Leave a Reply

Your email address will not be published. Required fields are marked *