ကမ္ဘာပေါ်က ထူးဆန်းသော သင်္ဘောကြီးများ

ကမ္ဘာပေါ်က ထူးဆန်းသော သင်္ဘောကြီးများ

လူသားတွေဟာ ဆန်းသစ်တီထွင်မှုတွေကို စိတ်ဝင်စား နှစ်သက်ကြသူတွေဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်အတွင်း သင်္ဘောဒီဇိုင်းနဲ့ ရေကြောင်းဗိသုကာပညာတွေဟာ အလွန်ကို တိုးတက်လာခဲ့ပါတယ်။

ကွန်ပျူတာတွေ ပေါ်ပေါက်လာခဲ့တဲ့နောက်ပိုင်းမှာ ပိုမိုသစ်ဆန်းတဲ့ ဒီဇိုင်းဖန်တီးမှုတွေကို ဆန်းသစ်တီထွင် လာခဲ့ကြပါတယ်။ ရေကြောင်းဗိသုကာသိပ္ပံဆိုတာဟာ ဖြစ်ရပ်လေ့လာမှုတွေ၊ သဘာဝဘေးဒဏ်တွေ၊ အခက်အခဲပြဿနာတွေ ထဲက သင်ခန်းစာယူစရာတွေကို ထုတ်နုတ်ပြီး ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းအသစ်အဆန်းတွေကို ဖန်တီးလာကြပါတယ်။

ဒီဇိုင်းသစ်တစ်မျိုးရေးဆွဲရတာဟာ စွန့်စားမှုတစ်ခုကို ဆောင်ရွက်သလိုပါပဲ။ ကိုယ်ဖန်တီးလိုက်တဲ့ ဒီဇိုင်းသစ်ဟာ ဘယ်လောက်ထိ စိတ်ချရမလဲ၊ ဘယ်လောက်ထိယုံကြည်ရမလဲဆိုတာဟာ စွန့်စားမှုတစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။ အနည်းငယ်တောင်မှ တိမ်းစောင်းမခံနိုင်လောက်အောင် အသေးစိတ်စီစဉ်ရပါတယ်။

ဒီလိုစိန်ခေါ်မှုတွေကို သဘောကျတဲ့၊ စွန့်စားမှုတွေကို နှစ်သက်တဲ့ ဒီဇိုင်းဆရာ၊ ပညာရှင်အချို့ကတော့ ဘယ်လောက်ပဲ ခက်ခဲရင်းနှီးရပါစေ၊ သူတို့ရဲ့အိပ်မက်တွေကို မရရအောင် အကောင်အထည် ဖော်တတ်ကြပါတယ်။

ဒီလိုဆန်းသစ်တီထွင်ခဲ့ကြလို့လဲ ကမ္ဘာပေါ်မှာ တစ်မူထူးခြားတဲ့အရာဝတ္ထုတွေ များစွာပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို သူများတွေထက် တီထွင်ဆန်းသစ်ထားတဲ့ သင်္ဘောအချို့ဟာ သမားရိုးကျ တည်ဆောက်ထားပြီး လုံခြုံစိတ်ချရပါတယ်ဆိုတဲ့ သင်္ဘောတည်ဆောက်မှုတွေထက် သာလွန်ကောင်းမွန်နေပြန်ပါတယ်။

ဒီတစ်ခါမှာတော့ စာဖတ်ပရိသတ်များအတွက် ထူးဆန်းတဲ့ သင်္ဘောကြီးများအကြောင်းကို ဗဟုသုတရရှိစေဖို့ တင်ပြလိုက်ရပါတယ်။

၁။ ပြောင်းပြန်သင်္ဘော

အကယ်၍ သင်ဟာ လှေတစ်စင်းကို ရေထဲမှာ ဇောက်ထိုးထားလိုက်မယ်ဆိုရင် ဘာဖြစ်မလဲ။ နစ်မြုပ် သွားမှာလား၊ ဆက်ပြီး ရေပေါ်မှာ ပေါ်နေမှာလား၊ လှေရဲ့ဝမ်းဗိုက်မှာ လေဟာနယ်တွေရှိတဲ့အတွက်ကြောင့် ရေပေါ်မှာပေါ်နေပြီး ရေစီးအတိုင်း မျောပါနေဦးမှာ ဖြစ်ပါတယ်။

အဲ့ဒါကိုအခြေခံ၍ အမေရိကန်ရေတပ်က Zumwalt အတန်းအစား Ulstein X-BOW လို့ခေါ်တဲ့ ဖျက်သင်္ဘော တစ်စင်းကို တီထွင်ခဲ့ကြပါတယ်။ ဒီသဘောကတော့ အခြားသင်္ဘောတွေနဲ့မတူကွဲ ပြားပြီး ပြောင်းပြန်အနေအထားတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

ဒီလိုဒီဇိုင်းတည်ဆောက်ခဲ့တဲ့ရေယာဉ်ဟာ သမားရိုးကျ တည်ဆောက်ခဲ့တဲ့ သင်္ဘောတွေထက် ပိုပြီးကြာရှည်ခံကာ ပိုကောင်းမွန်တယ်လို့ ဆိုပါတယ်။ သင်္ဘောကိုယ်ထည်ဟာ ရေမျက်နှာပြင်ပေါ်မှာ ဘေးကို ကားထွက်မနေတဲ့အတွက်ကြောင့် ထိခိုက်ပွန်းပဲ့မှု ဖြစ်စဉ်တွေဖြစ်ဖို့ ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။

ဒီဇိုင်းရဲ့ နောက်ထပ်ထူးခြားတဲ့ အင်္ဂါရပ်တစ်ခုကတော့ ရေမျက်နှာပြင်ပေါ်မှာရှိတဲ့ သင်္ဘောကိုယ်ထည်ဟာ ကျဉ်းမြောင်းတဲ့အတွက် လှိုင်းရိုက်ခတ်မှုဒဏ် အနည်းငယ်သာရှိပါတယ်။

ဒီသင်္ဘောဒီဇိုင်းဟာ ရေမျက်နှာပြင်အပေါ်ဘက်မှာ အဖျားရှူးပြီးတော့ သင်္ဘောရဲ့ဝမ်းဗိုက်ဟာ ပိုမိုကျယ်ပြန့်တဲ့အတွက် ခေတ်သစ် သင်္ဘောတွေထဲမှာ ရှားပါးတဲ့ဒီဇိုင်းဆန်းတစ်ခုဖြစ်ပါ တယ်။ နောက်ပိုင်းမှာတော့ ဒီသင်္ဘောပုံစံဒီဇိုင်းကို နှစ်သက်လာကြပြီး ပြောင်းပြန်သင်္ဘောတွေကို တည်ဆောက်လာခဲ့ကြပါတယ်။

၂။ Baltika Icebreaker

ရေခဲပြင်နေရာတွေကို သွားရောက်ဖို့အတွက် လူသားတွေဟာ ရေခဲခွဲ သင်္ဘောတွေကို တီထွင်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ရေခဲခွဲသင်္ဘောတွေဟာ အမြန်နှုန်း နိမ့်ကျပြီး ခရီးမတွင်လှပါဘူး။

ဒါကြောင့် ဒီဇိုင်းရေးဆွဲသူတွေဟာ အမြန်နှုန်းမြင့်တဲ့ ရေခဲခွဲသင်္ဘောတွေကို တီထွင်ဖို့ စိတ်အားထက်သန်လာကြပါတယ်။ Baltika လို့ခေါ်တဲ့ သင်္ဘောဟာ ရေခဲခွဲသင်္ဘောတွေထဲက အကောင်းဆုံးစိတ်ကူးတွေနဲ့ တီထွင်ခဲ့တဲ့ သင်္ဘောတစ်စင်းလို့ဆိုနိုင်ပါတယ်။

ဒီသင်္ဘောကို ကြည့်မယ်ဆိုရင် အချိုးမညီတဲ့ပုံစံပေါက်နေပေမဲ့ ဒီလိုအချိုးမညီတဲ့ ကိုယ်ထည်ပုံပန်းသဏ္ဌာန်က ရေခဲခွဲစိတ်မှုကို ပိုကောင်းစေပြီးတော့ ပိုမိုကျယ်ပြန့်စွာမောင်းနှင်နိုင်ပါတယ်။

ဒီသင်္ဘောဟာ အခြားကုန်တင်သင်္ဘောတွေ ရေနံတင်သင်္ဘောတွေရဲ့ ရှေ့ကနေ ဦးဆောင်ပြီး ရေခဲခွဲတဲ့လုပ်ဆောင်မှုကို ဆောင်ရွက်ပေးပါတယ်။ ရှေ့နောက် ၂ ဖက်စလုံးသွားလာနိုင်တဲ့အပြင် ရေခဲလမ်းကြောင်း ပိုမိုကျယ်ပြန်စေဖို့အတွက် ဘေးတိုက် အနေအထားလဲ ရွေ့လျားသွားလာနိုင်ပါတယ်။

သင်္ဘောဝမ်းဗိုက်တွေမှာ စက်ဝိုင်းခုံးလိုပုံစံမျိုးဒီဇိုင်း ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ရေခဲပြင်ကို အလွယ်တကူ ခွဲနိုင်တာပဲဖြစ်ပါတယ်။ ဒီသင်္ဘောကိုတော့ ရေခဲပြင် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ရေနံတင်သင်္ဘော၊ ကုန်တင်သင်္ဘောတွေသွားလာနိုင်အောင် ရည်ရွယ်ပြီး ထုတ်လုပ်ထားခဲ့တာ ဖြစ်ပါတယ်။

၃။ အီလက်ထရွန်နစ် Magnus ရွက်သင်္ဘော

ဒီသင်္ဘောကို ရုတ်တရက်ကြည့်မယ်ဆိုရင် စက်ရုံတွေမှာသုံးတဲ့ မီးခိုးခေါင်းတိုင် တွေတပ်ဆင်ထားတယ်လို့ ထင်မှတ်စရာဖြစ်ပါတယ်။ အမှန်တော့ ဒါတွေဟာ ဆုံလည် လေရဟတ်တွေပဲဖြစ်ကြပါတယ်။

ဒီသင်္ဘောရဲ့ နည်းပညာပိုင်းဟာလဲ အလွန်ကိုမြင့်မားပါတယ်။ ဒီသင်္ဘောမှာတပ်ဆင်ထားတဲ့ ဆုံလည်တိုင်ကြီးတွေဟာ လေစွမ်းအားကို ရယူလည်ပတ်ကာ စွမ်းအင်ကိုရယူပါတယ်။

အဲဒီကမှ Magnus effect ကို အသုံးပြု မောင်းနှင်ရတာဖြစ်ပါတယ်။ ဒီသင်္ဘော တွေကိုတော့ ၁၉၂၀ ပြည့်နှစ် အစောပိုင်းကာလတွေကစလို့ ထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသင်္ဘောဟာ ကုန်တင်သင်္ဘောအမျိုးအစားဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် မှာ စတင်ပြေးဆွဲခဲ့ပါတယ်။

၄။ ပိုင်းခွဲနိုင်တဲ့သင်္ဘော

ပင်လယ်သမုဒ္ဒရာအတွင်းက ရေနံနဲ့ညစ်ညမ်းတဲ့ ရေတွေကို သန့်စင်ပေးနိုင်ဖို့အတွက် ဒီဇိုင်းပညာရှင်တွေဟာ တီထွင်ဆန်းသစ်မှုတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီသင်္ဘောကတော့ အခြားသင်္ဘောတွေနဲ့ မတူကွဲပြားတဲ့၊ ထက်ခြမ်းခွဲနိုင်တဲ့ကိုယ်ထည်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီရေယာဉ်ကို ဂျာမန်ရေတပ်က ဒီဇိုင်းဆွဲထုတ်လုပ်ထားတာဖြစ်ပြီး Bottsand အတန်းအစား ရေနံပြန်လည်တူးဖော်ရေးရေယာဉ် တစ်စင်းဖြစ်ပါတယ်။

ဒီသင်္ဘောဟာ ရေနံပမာဏ ၇၉ဝ ကုဗမီတာကို ပြန်လည်ဆယ်တင်နိုင်ပြီး သူ့ရဲ့ ကိုယ်ထည်ကို ၆၅ ဒီဂရီအထိ နှစ်ခြမ်းခွဲဖွင့်ဟနိုင်ပါတယ်။ပင်လယ်သမုဒ္ဒရာအတွင်း ဖိတ်စင်ခဲ့တဲ့ရေနံတွေကို ပြန်လည်ထူထောင်ရေးတင့်အတွင်း သိုလှောင်ထား နိုင်စွမ်းရှိတဲ့သင်္ဘောတစ်စင်းဖြစ်ပါတယ်။

ဒီသင်္ဘောဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ရတာဖြစ်ပြီး သူ့ကို E Ship၊ ဒါမှ မဟုတ် အမြွှာပူးသင်္ဘောလို့ ခေါ်ဆိုကြပါတယ်။

၅။ တစ်ပိုင်းပြတ်သင်္ဘေ

ဒီသင်္ဘောဒီဇိုင်းကတော့ သင်္ဘောဦးပိုင်းပဲရှိပြီး နောက်ပိုင်းမရှိဘူးလို့ ထင်မှတ်ရပေမဲ့ အမှန်တကယ်ကတော့ ဒီလိုဖြစ်အောင်ကို တမင်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဒီဇိုင်းဟာ ထူးခြားပြီး အကျိုးကျေးဇူးတွေလဲ များစွာရှိပါတယ်။

ဒီသင်္ဘောဟာ သမုဒ္ဒရာထဲက ငလျင်ဆိုင်ရာ အချက်အလက်တွေကို စုဆောင်းဖို့ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီသင်္ဘောဟာ အလွန်ကြီးမားသော လောင်စာစွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။

သင်္ဘောရဲ့ နောက်ဘက်ပိုင်းမှာ ငလျင်တိုင်းတာရေးစက်တွေကို ချိတ်ဆွဲပြီး ရေ အောက်ငလျင်တိုင်းတာရေးလုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ ဒီသင်္ဘောရဲ့ ကြီးမားတဲ့လောင်စာဆီ စွမ်းရည်ကြောင့် ရက်ပေါင်း ၁၅ဝ ခန့်ကြာအောင် ခရီးနှင်နိုင်စွမ်း ရှိပါတယ်။

ဒီသင်္ဘောဟာ Ramform Titan အတန်းအစားဖြစ်ပြီး Seismic Vessels (ငလျင် သင်္ဘော)လို့ ခေါ်ဆိုကြပြီး တစ်ပိုင်းပြတ်သင်္ဘောလို့လဲ အများအားဖြင့် သိကြပါတယ်။

၆။ ဒေါင်လိုက်သင်္ဘော

ဒီသင်္ဘောဟာ အသစ်တည်ဆောက်ထားတဲ့ သင်္ဘောတစ်စင်းတော့ မဟုတ်ပါဘူး။ ဒီသင်္ဘော နာမည်ကတော့ Flip Ship (Floating Instrument Platform)ဒေါင်လိုက်သင်္ဘောလို့လဲ ခေါ်ကြပါတယ်။

ဒီသင်္ဘောကို ၁၉၆၂ ခုနှစ်မှာ အဏ္ဏဝါရူပဗေဒဓာတ်ခွဲခန်းနဲ့ ပူးပေါင်းပြီး အမေရိကန်ရေတပ်က ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတဲ့ ပုံပန်းသဏ္ဌာန်ရှိတဲ့ သုတေသန သင်္ဘောတစ်စင်းပဲ ဖြစ်ပါတယ်။

သင်္ဘောရဲ့အရှည်ကတော့ ၃၅၅ ပေ ရှိပါတယ်။ ဒီသင်္ဘောဟာ သွားလာတဲ့အခါမှာ ပုံမှန်အားဖြင့် အလျားလိုက်ဖြစ်ပြီး ဒေါင်လိုက်အနေအထားလဲ ရပ်တည်နေနိုင်ပါတယ်။ ဒါဟာ သူ့ရဲ့ထူးခြားမှုပဲဖြစ်ပါတယ်။

အလျားလိုက်အနေအထားကနေ ဒေါင်လိုက် အနေအထားကို ကူးပြောင်းဖို့ ၂၈ မိနစ်ခန့် ကြာမြင့်ပါတယ်။ သင်္ဘောရဲ့နောက်ပိုင်း လေလုံခန်းတွေကို ရေဖြည့်ပြီး သင်္ဘောနောက်ပိုင်းဟာ ပင်လယ်ရေအောက်ကို မီတာ ၃၀၀ နစ်မြုပ်သွားစေပြီး ဒေါင် လိုက်အနေအထား ရပ်တည်ခြင်းဖြစ်ပါတယ်။

ဒီလိုပုံစံနဲ့ ဒီဇိုင်းဆွဲရတဲ့ အဓိကအကြောင်းအရင်းကတော့ ယေဘုယျအားဖြင့် သင်္ဘောဒေါင်လိုက်အနေအထားဟာ သမုဒ္ဒရာဆိုင်ရာအချက်အလက်တွေကို တိတိ ကျကျ ရရှိနိုင်လို့ပဲဖြစ်ပါတယ်။

Credit_Author: မော်ကွန်းထင်

Leave a Reply

Your email address will not be published.