လူသားတို့အတွက် အကျိုးရှိစေခဲ့သော မတော်တဆ တွေ့ရှိမှုများ

လူသားတို့အတွက် အကျိုးရှိစေခဲ့သော မတော်တဆ တွေ့ရှိမှုများ

“အခွင့်အရေးဆိုတာ ပြင်ဆင်ထားမှရတယ်”လို့ လူးဝစ်ပတ်စ်ချာဆိုသူက ဆိုပါတယ်။ ဒါကြောင့် မတော်တဆ တွေ့ရှိတယ်လို့ပြောပေမဲ့ နောက်ကွယ်မှာ စိုက်ထုတ်ထားရတဲ့ အင်အားတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရှိနေတတ်ပါတယ်။

သိပ္ပံပညာရှင်ရှင်တွေ မတော်တဆ တွေ့ရှိတယ်ဆိုတာကလည်း လုပ်ဆောင်နေရင်းက တိုက်ဆိုင်ပြီး တွေ့တာတွေရှိပေမဲ့ အဲဒီတိုက်ဆိုင်မှုတွေဟာ ပြင်ဆင်ထားလို့ရတဲ့ အခွင့်အရေးမျိုးသာ ဖြစ်ပါတယ်။

၁။ ပင်နီဆီလင် (Penicillin)

ပင်နီဆီလင်လို့ခေါ်တဲ့ဆေးကြောင့် လူ့အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့တာကို သိကြပါလိမ့်မယ်။ ၂၀ ရာစု တီထွင်မှုတွေထဲမှာ အထင်ရှားဆုံးနဲ့ အဓိကအကျဆုံးဖြစ်လို့ ထိပ်ဆုံးကတင်ထားရတာ ဖြစ်ပါတယ်။

၁၉၂၈ ခုနှစ်လောက်က ဆေးပညာရှင် ဒေါက်တာအလက်ဇန္ဒားဖလီးမင်းဆိုသူက လုပ်လက်စအလုပ်တွေနဲ့ စားလက်စပေါင်မုန့်များကို တစ်ရက်လောက် ပစ်ထားခဲ့ပြီး ခရီးထွက်သွားခဲ့ပါတယ်။

လုပ်ငန်းခွင်ကို ပြန်လာချိန်မှာတော့ သူလုပ်ဆောင်ထားခဲ့တဲ့ စမ်းသပ်ချက်နဲ့ပေါင်မုန့်တွေမှာ မှိုတွေတက်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီမှိုတွေကို ဓာတ်ခွဲစမ်းသပ် လေ့လာကြည့်လိုက်တဲ့အခါမှာ ဗက်တီးရီးယားပိုးတွေ သေနေတာကိုတွေ့ရှိခဲ့ပါတယ်။

အဲဒီမှိုတွေကတစ်ဆင့် အသက်ကယ်ဆေးကို ထုတ်ယူနိုင်ခဲ့ပါတယ်။ ပင်နီဆီလင်လို့ခေါ်တဲ့ အဲဒီဆေးကြောင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး သူလည်း ကမ္ဘာကျော်သွားခဲ့ရပါတယ်။

၂။ နှလုံးခုန်နှုန်းမှန်စေသည့် အီလက်ထရောနစ် ကိရိယာ (Pacemaker)

မတော်တဆတွေ့ရှိမှုများမှ ပါမောက္ခတစ်ဦးရဲ့ တွေ့ရှိချက်ကိုလည်း မေ့ထားလို့မရပါဘူး၊ ဆေးလောကမှာ အသက်ကယ်နိုင်တဲ့ ပစ္စည်းတစ်ခုကို တီထွင်နိုင်ခဲ့သူ ဖြစ်လို့ပါ။

တီထွင်ခဲ့သူက အမေရိကန် အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဝီလ်ဆင်ဂရိတ်ဘက်ချ် ဖြစ်ပါတယ်။ သူပထမဦးဆုံး တီထွင်ခဲ့တာက နှလုံးခုန်သံကို နားထောင်ဖို့ ပစ္စည်းဖြစ်ပါတယ်။

သူတီထွင်တဲ့ Resistor လေးက 1-megaohm ရှိပြီးတော့ ဆားကစ်ပြားကလည်း 1.8 milliseconds လောက် သေးအောင် ထုတ်နိုင်ခဲ့ပါတယ်။ စတင်တီထွင်တုန်းက နှလုံးခုန်သံကို နားထောင်ဖို့ဖြစ်ပေမဲ့ သူ့စက်လေးနဲ့ ဘက်ထရီကို နှလုံးထဲထည့်ပြီး နှလုံးခုန်ဖို့ အားပေးတဲ့စက်အဖြစ် ပြောင်းလဲလိုက်နိုင်တာကတော့ မတော်တဆတွေ့ရှိမှုလို့ဆိုပေမဲ့ လူ့အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။

၃။ ရေဒီယိုသတ္တိကြွမှု (Radioactivity)

ရေဒီယိုသတ္တိကြွမှုကို ပထမဆုံးတွေ့ရှိခဲ့သူဟာ ရူပဗေဒပညာရှင် ဟင်နရီဘက်ကာရယ်ဖြစ်ပါတယ်။ သူလည်း မမျှော်လင့်ဘဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၁၈၉၆ ခုနှစ်လောက်တုန်းက ဘက်ကာရယ်ဟာ မီးချောင်းလို လင်းလက်တဲ့ သဘာဝအလင်းနဲ့ ဓာတ်မှန်က ထွက်လာတဲ့ သဘာဝအလင်းတန်းတွေကို စိတ်ဝင်စားပြီး စူးစိုက်လေ့လာခဲ့ပါတယ်။

သူက အလင်းတန်းတွေကို နေရောင်ထဲမှာ စမ်းသပ်ကြည့်ချင်လို့ နေရောင်ကိုစောင့်ပေမဲ့ ဆောင်းတွင်းဆိုတော့ နေကထွက်မလာခဲ့ပါဘူး။ သူ့ပစ္စည်းတွေကို အပြင်မှာထုတ်ထားပြီး အခန်းထဲပြန်ဝင်ကာ အလုပ်လုပ်နေခဲ့ပါတယ်။

အပြင် ပြန်ထွက်လာတော့ သူ့စားပွဲ အံဆွဲထဲမှာထည့်ထားတဲ့ ယူရေနီယံကျောက်တုံးလေးဟာ စားပွဲပေါ်က ဖလင်ပလိပ်ပြားမှာ ပုံရိပ်လာထင်နေတာ တွေ့လိုက်ရပါတယ်။ နေရောင်မရှိလည်း ပုံရိပ်ကိုဖမ်းနိုင်တဲ့ ရေဒီယိုသတ္တိကြွမှုကြောင့် ဒီလိုရိုက်ကူးနိုင်တယ်ဆိုတာကို သိရှိလိုက်ရပါတယ်။

၄။ ပလတ်စတစ် (Plastic)

၁၉၀၇ ခုနှစ်လောက်တုန်းက ပရိဘောဂတွေမှာသုတ်တဲ့ အရောင်တင်ဆီကို အီလက်ထရွန်နစ်ပစ္စည်းတွေမှာ လျှပ်စီးမှုကာကွယ်ဖို့ သုတ်လေ့ရှိပါတယ်။ အဲဒီအရောင်တင်ဆီတွေကို ချိပ်ပိုးကောင်တစ်မျိုးကထုတ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက တင်သွင်းရတာကြောင့် ကုန်ကျစရိတ်ပိုများခဲ့ပါတယ်။

ဓာတုဗေဒပညာရှင် ဟန်းဒရစ်ဘေကယ်လန်းဆိုသူဟာ အဲဒီအရောင်တင်ဆီအတုကို ထုတ်လုပ်နိုင်ရင် အကျိုးရှိမယ်ဆိုတာ သိခဲ့ပါတယ်။ သူတီထွင်တဲ့ အရောင်တင်ဆီက အမြဲတမ်းအပူပေးထားမှ ရပါတယ်။ အေးသွားရင် ခဲသွားတာကြောင့် သုတ်လို့မရပါဘူး။

သူ့တီထွင်မှုဟာ ချိပ်ဆေးဖြစ်မသွားဘဲ ဓာတ်ပြားတွေ ထုတ်လုပ်ရာမှာ အကျိုးရှိသွားပါတယ်။ ယနေ့ခေတ်စားနေတဲ့ ပလတ်စတစ်ဆိုတာလည်း ဓာတ်ပြားထုတ်တဲ့ Bakelite ကနေ ထပ်ဆင့် တီထွင်ထားတာ ဖြစ်ပါတယ်။

၅။ ရာဘာ ဒြပ်ပေါင်း (Vulcanized Rubber)

ချားလ်စ်ဂွတ်ရီးယားဆိုသူဟာ ပျော်ရွှင်စွာ စံစားနိုင်မယ့်အရေးကို နှစ်ပေါင်းများစွာစောင့်စားလာခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက အပူဒဏ်နဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်မယ့် ရော်ဘာတစ်မျိုးကို ၁ဝ နှစ်လောက် တီထွင်နေခဲ့ပါတယ်။ သူလိုချင်တဲ့ ရော်ဘာမျိုးကို စိတ်တိုင်းကျမရခဲ့ပါဘူး။

တစ်နေ့မှာတော့ သူတီထွင်နေတဲ့ ရော်ဘာတွေက ဆာလဖာနဲ့ခဲတွေ ရောကျိုထားတဲ့ အိုးထဲကို မတော်တဆ ကျသွားပါတယ်။ ရော်ဘာရယ်၊ ဆာလဖာရယ်၊ ခဲတွေရယ်ပေါင်းစပ်ပြီး မီးကျွမ်းသလိုဖြစ်ကာ အတုံးကြီး ဖြစ်သွားပါတယ်။

ဂွတ်ရီးယားက အဲဒီမီးကျွမ်းတုံးကြီးကို ကောက်ယူလိုက်ပြီး စမ်းသပ်ကြည့်တော့ သူလိုချင်တဲ့ ရော်ဘာမျိုးဖြစ်နေတာကို အံ့ဩစွာ တွေ့လိုက်ရပါတယ်။ အဲဒီဒြပ်ပေါင်းရော်ဘာနဲ့ သူက တာယာ၊ ဖိနပ်စတာတွေကိုထုတ်ပြီး သူဌေးဖြစ်သွားခဲ့ပါတယ်

၆။ တက်ဖလွန် (Teflon)

လူတွေက အိုဇုန်းလွှာပျက်စီးတာကို စိုးရွံ့နေကြပါတယ်။ အိုဇုန်းလွှာပေါက်အောင်လုပ်တာ ကလိုရိုဖလော်ရိုကာဗွန် (CFC) တွေကြောင့် ဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်လောက်က သိပ္ပံနည်းစနစ်တွေနဲ့ တီထွင်ထားတဲ့ ရေခဲသေတ္တာတွေ ကြောင့် အိုဇုန်းလွှာ ပျက်စီးလာရတယ်လို့ သတိထားမိလာပါတယ်။

ဒူးပွန့်ကုမ္ပဏီက လူငယ်ဓာတုဗေဒပညာရှင် ရွိုင်းပလန့်ကက်ဟာ CFC အသစ်ကိုတီထွင်နေပါတယ်။ သူက အိုဇုန်းလွှာပျက်စီးမှု နည်းစေမဲ့ TFE ကို တီထွင်ချင်ခဲ့ပါတယ်။

ဟိုက်ဒရိုကလိုရစ်အက်စစ်တစ်မျိုးကို တီထွင်နိုင်ရင် အေးခဲမှုအသစ်ကို ရနိုင်မယ်လို့ သူယူဆထားတယ်။ TFE ဆိုတာက တက်ထရာဖလောရိုသိုင်လင်းဓာတ်ငွေ့ကို ပြောတာဖြစ်ပါတယ်။

တီထွင်စမ်းသပ်တုန်းက ဓာတ်ငွေ့ဆိုပေမဲ့ အဲဒါတွေကို သတ္တုမှာထည့်ထားလိုက်ရင် အပူပေးပေမဲ့ အခြားပစ္စည်းတွေ သတ္တုမှာကပ်မနေစေတာ တွေ့ရပါတယ်။ ဒါကြောင့် အိုးမကပ်တဲ့ သံဒယ်ပြားတွေ ပေါ်လာခဲ့တာဖြစ်ပါတယ်။

သံတွေပေါ်မှာ ဓာတုဒြပ်ပေါင်းကို သုတ်ထားလိုက်ရင် အိုးမကပ်စေနိုင်ဘူးဆိုတဲ့အချက်ဟာ ယနေ့ခေတ် အိမ်ရှင်မတွေကို အများကြီးအထောက်အကူ ဖြစ်စေပါတယ်။

၇။ ကိုကာကိုလာ (Coca cola (or) Coke)

အစားအစာနဲ့ပတ်သက်တဲ့ မတော်တဆတွေ့ရှိချက်တွေ များစွာရှိပါတယ်။ ဥပမာဂျော့ခရမ်ဆိုသူက အာလူးကြော်ကိုတီထွင်ပြီး ယနေ့အထိ တစ်ကမ္ဘာလုံး စားသုံးနေကြပါတယ်။ ရေခဲချောင်းကို ဖရန့်အက်ပါဆင်ဆိုသူက အပြင်မှာ တစ်ညလုံးပစ်ထားခဲ့ပြီး အေးခဲသွားတဲ့ နို့ခွက်ကနေ မတော်တဆ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရေခဲမုန့်ကို ခွက်ချွန်လေးတွေနဲ့ ထည့်ရောင်းတာကို ၁၉ဝ၄ ခုနှစ် စိန့်လူးဝစ်ပွဲတော်တစ်ခုမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုတ်(Coke)လို့ခေါ်တဲ့ အချိုရည်လောက် အောင်မြင်မှုတွေ ဘယ်သူမှမရခဲ့ပါဘူး။

အတ္တလန္တာမြို့က ဆေးဆရာ ဂျွန်ပမ်ဘာတန်ဆိုသူဟာ ခေါင်းကိုက်ပျောက်ဆေး ဖော်ရောင်းဖို့ ကြံဆနေခဲ့ပါတယ်။ သူက ဆေးအမျိုးပေါင်းများစွာကိုစပ်ပြီး ဆေး ဖော်ခဲ့ပါတယ်။ သူ့ဟာသူတောင် ဘာမှန်းပြောလို့မရလောက်အောင် ဆေးတွေက များနေတယ်လို့ ဆိုရပါမယ်။

အဲဒီဆေးရည်ထဲမှာ ဘာတွေထည့်ထားတယ်ဆိုတာ သူကလွဲပြီး ဘယ်သူမှလည်းမသိနိုင်ပါဘူး။ ဒါပေမဲ့ သူ့ဆေးကို သောက်လိုက်ရင် ခေါင်းကိုက်ပျောက်ရုံသာမက လန်းဆန်းသွားတာကြောင့် လူတွေနှစ်သက်သဘောကျပြီး နှစ်ပေါင်းများစွာသောက်သုံး ခဲ့ကြပါတယ်။ အဲဒါကတော့ ကုတ်အချိုရည်ဖြစ်ပါတယ်။ ယနေ့အထိ ကမ္ဘာ့အရောင်းရဆုံးစာရင်းဝင်လည်း ဖြစ်ပါတယ်။

၈။ Smart Dust

သေးသေးဖွဲဖွဲအလုပ်လေးတွေခိုင်းရင် ကျောင်းသားတွေက စိတ်ပျက်လေ့ရှိပါတယ်။ ဂျမေးလင့်ကတော့ အဲဒီအထဲမှာ မပါပါဘူး။ ဂျမေးလင့်ဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ဓာတုဗေဒဘာသာရပ်အတွက် ဒေါက်တာဘွဲ့ယူဖို့ ပြင်ဆင်နေခဲ့ပါတယ်။

တစ်နေ့တော့ သူစမ်းသပ်နေတဲ့ ဆီလီကွန်ဆားကစ်ပြားလေးဟာ စမ်းသပ်နေရင်း ပေါက်ကွဲသွားခဲ့ပါတယ်။ ပေါက်ကွဲလွင့်စဉ်သွားတဲ့ အပိုင်းအစလေးတွေဟာ တစ်စစီဖြစ်သွားပေမဲ့ ဆက်ပြီးအလုပ်လုပ်နေတာ တွေ့လိုက်ရပါတယ်။

ရလဒ်ကတော့ Smart dust ဆိုတဲ့ အနီအောက်ရောင်ခြည်နဲ့ပါ အာရုံခံနိုင်တဲ့စနစ်ကို မတော်တဆတွေ့ရှိသွားခဲ့ပါတယ်။ ဆီလီကွန်ဒြပ်ပေါင်းတစ်ခုဟာ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေဖြစ်သွားပေမဲ့ အာရုံခံတုံ့ပြန်နိုင်စွမ်းရှိတယ်ဆိုတာ ထူးခြားတဲ့ တွေ့ရှိမှုတစ်ခုဖြစ်ပါတယ်။

ဂျမေးရဲ့ တွေ့ရှိချက်ဟာ ၂၀၀၃ ခုနှစ် CIC ပွဲမှာ ထိပ်တန်းအကောင်းဆုံးဆုကိုရရှိခဲ့ပြီး ဂျမေးလင့်ဟာ ဆုအဖြစ် ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်ခံခဲ့ရပါတယ်။ ရေထဲ၊ လေထဲအပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေကိုပါ အာရုံခံနိုင်တဲ့စနစ်ကို ရရှိသွားတာ ကြောင့် ထူးခြားတဲ့တွေ့ရှိမှုလို့ ဆိုနိုင်ပါတယ်။

၉။ ဆေးသကြား (Saccharin)

ဆေးသကြားဆိုတာကလည်း အစားအသောက် တွေထဲကိုထည့်တဲ့ ဆရာကြီးလို့တောင် တင်စားခေါ်ဝေါ်ရတဲ့ သကြားတစ်မျိုးဖြစ်ပါတယ်။ တစ်နေ့တော့ ဓာတုဗေဒပညာရှင် ကွန်စတန်တင်ဖောဘတ်ဟာ အလုပ်ပြီးပေမဲ့ လက်မဆေးဖြစ်ခဲ့လို့ ဆေးသကြားကိုတွေ့ ရှိခဲ့တာဖြစ်ပါတယ်။

၁၈၇၉ ခုနှစ်လောက်တုန်းက ဖောဘတ်ဟာ ကတ္တရာနဲ့ အသုံးဝင်မှုကို စိတ်ဝင်စားပြီး လေ့လာသုတေသနပြုနေခဲ့ပါတယ်။ တစ်နေ့မှာတော့ စမ်းသပ်မှုအပြီး လက်မဆေးဖြစ်ဘဲ အိမ်ပြန်သွားခဲ့ပါတယ်။

အိမ်ရောက်တော့ သူတစ်ခုခုကို ကောက်စားလိုက်တိုင်း ထူးခြားစွာ ချိုနေတာကို တွေ့လိုက်ရပါတယ်။ သူက ဇနီးဖြစ်သူကို ဘယ်လို အချိုမျိုးတွေထည့်ထားသလဲလို့ လှမ်းမေးလိုက်ပါတယ်။

သူ့ဇနီးကလည်း ဘာမှမထည့်ထားကြောင်း ပြောလိုက်တော့ အချိုဓာတ်ဟာ သူ့လက်က ဖြစ်နေတယ်ဆိုတာ သတိထားလိုက်မိပါတယ်။ နောက်တစ်နေ့မှာတော့ သူ့ရုံးကိုပြန်သွားပြီး နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ကို ပြန်စမ်းသပ်ခဲ့ပါတယ်။ အဲဒီကနေ ဆေးသကြားကို တီထွင်နိုင်ခဲ့ပါတယ်။

Author : ဟန်မင်းဆက်

Leave a Reply

Your email address will not be published. Required fields are marked *