ကမ္ဘာ့ရှေးအကျဆုံး နက္ခတ္တဗေဒနာရီကြီး

ကမ္ဘာ့ရှေးအကျဆုံး နက္ခတ္တဗေဒနာရီကြီး

ချက်သမ္မတနိုင်ငံမှာရှိတဲ့ အထင်ကရ နေရာတွေအနက် တစ်ခုကတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် နေရာဖြစ်တဲ့ ပရာ့ဂ်မြို့ရှိ ကမ္ဘာ့ရှေးအကျဆုံး နက္ခတ္တ ဗေဒနာရီကြီးဖြစ်ပါတယ်။

နာရီကြီးဟာ လွန်ခဲ့တဲ့နှစ် ပေါင်း ၆၀၀ နှောင်းပိုင်းလောက်က နာရီကြီးဖြစ်ပြီး ယခုအချိန်ထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒီနာရီကြီး နဲ့ပတ်သက်ပြီး ဒဏ္ဍာရီတစ်ခုရှိခဲ့ပါတယ်။

အဲဒီဒဏ္ဍာရီဟာ ဟိုးလွန်ခဲ့တဲ့ ၁၅ ရာစုလောက်က ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလတုန်းက ပရာ့ဂ်မြို့မှာ နာရီနဲ့ ပတ်သက်ပြီး အလွန်ကျွမ်းကျင်တဲ့ နာရီဆရာ Hanus ဆိုတဲ့ လူတစ်ယောက်ရှိခဲ့ပါတယ်။

Hanus ကို ပရာ့ဂ်မြို့တော် ကောင်စီဝင်တွေက အချိန်အတိုင်းအတာကို သာမက အခြားလုပ်ငန်းဆောင်တာတွေ (နက္ခတ္တဗေဒ) ကိုပါ လုပ်ဆောင်နိုင်မဲ့ နာရီတစ်လုံးတီထွင်ဖို့ တာဝန်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီကောင်စီဝင်တွေက Hanus ဟာ အခြားမြို့တစ်မြို့အတွက် အဲဒီလိုအလားတူနာရီမျိုး နောက်ထပ်တစ်လုံး ထုတ်လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့ကြပါတယ်။

ဒါနဲ့ အဲဒီလိုအလားတူနာရီမျိုး နောက်ထပ်မထုတ်လုပ်နိုင် အောင်နည်းလမ်းကိုစဉ်းစားကြရင်း နောက်ဆုံး မကောင်းတဲ့ အကြံဉာဏ် ထွက်လာခဲ့ပါတယ်။ ဘာအကြံဉာဏ်လဲဆိုတော့ တစ်ညမှာ Hanus အိမ်ကိုဖျက်ဆီးဖို့ လူတွေကိုစေလွှတ်လိုက်ပါတယ်။

အဲဒီမှာ Hanus ဟာ သံချွန်နဲ့ မျက်လုံးတွေကို ထိခိုက်မိပြီး မျက်လုံးကွယ်သွားခဲ့ပါတယ်။ Hanus ဟာ မမြင်ရတော့ပေမဲ့ ဒီလိုမှားယွင်းတဲ့ လုပ်ရပ်မျိုးကို လက်စားချေမယ်လို့ဆုံးဖြတ် ခဲ့ပါတယ်။

နောက်ဆုံး Hanus ဟာ သူ့ရဲ့အလုပ်သင် လက်ထောက်တစ်ယောက် အကူအညီနဲ့ သူဖန်တီးထားတဲ့ နာရီကြီးကို ရပ်တန့်စေခဲ့ပါတယ်။ နာရီကြီးဟာ အဲဒီ အချိန်ကစပြီး နှစ်ရာပေါင်းများစွာ ရပ်တန့်နေခဲ့ပါတယ်။

ယင်းနာရီကြီးရဲ့ နက္ခတ္တဗေဒဆိုင်ရာ စက်ဝိုင်းရဲ့ အလုပ်လုပ်ပုံတွေကို ရှင်းလင်းဖော်ပြထားတဲ့ ၁၉၆၁ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ စာတမ်းတစ်စောင်အရ ၎င်းနာရီကြီးကို Imperial နာရီထုတ်လုပ်သူဖြစ်တဲ့ Mikulas of Kadan က ရှာဖွေတွေ့ရှိခဲ့တယ်။ နာရီကြီး စတင်ထုတ်လုပ်တဲ့နှစ်ဟာ ၁၄၁၀ ပြည့်နှစ်လို့ သိရပါတယ်။

သူက နက္ခတ္တဗေဒပညာရှင်နဲ့ တက္ကသိုလ်ဆရာ တစ်ဦးဖြစ်သူ Jan Sindel အကူအညီနဲ့ နာရီကြီးကို ပြင်ခဲ့ပါတယ်။ ဒါပေမဲ့ နာရီကြီးရဲ့ စက်ပိုင်းဆိုင်ရာတွေက မကောင်းတော့တာမို့ ပြင်လို့မရခဲ့ပါဘူး။ ဘယ်လို ပြင်ရမလဲဆိုတာကို အဲဒီတုန်းက ဘယ်သူမှ မသိခဲ့ပါဘူး။

ဒါကြောင့် ၁၈ ရာစုနှစ်ကျော်မှာ ရပ်တန့်နေခဲ့တဲ့ နာရီကြီးကို အစားထိုးလဲလှယ်ဖို့ ဒေသခံအာဏာပိုင်တွေက စဉ်းစားခဲ့ပါတယ်။ ကံကောင်းတာကတော့ အဲဒီဒေသခံအာဏာပိုင်တွေက ဘာမှမလုပ်ဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ ဆယ်စုနှစ်များစွာ ပြုပြင်မှုတွေပြုလုပ်ခဲ့ ပြီးနောက်ပိုင်း ၁၈၆၅ ခုနှစ်လောက်က ၁၂ လရာသီခွင် ပြက္ခဒိန်နာရီစက်ဝိုင်းအသစ်တစ်ခုကို ထည့်ခဲ့ကြပါ တယ်။

ယင်းနာရီကြီးဟာ ယနေ့ကမ္ဘာပေါ်မှာ အကျော် ကြားဆုံး ရှေးအကျဆုံးနာရီတွေထဲက တစ်လုံးဖြစ်ပြီး အသုံးပြုနေဆဲ တတိယမြောက် နက္ခတ္တဗေဒနာရီဖြစ်ပါတယ်။ နာရီကြီးရဲ့ သက်တမ်း၊ တိကျမှုတို့နဲ့ပတ်သက်ပြီး အကြောင်းပြချက်များစွာရှိခဲ့ပါတယ်။ တစ်နာရီ တစ်ခါ နာရီခေါင်းလောင်းထိုးတိုင်း လူတွေဟာ မြို့တော်ခန်းမဟောင်းရှိ နာရီစင်ရှေ့ကို စုဝေးရောက်ရှိလာပြီး ဘယ်လိုပုံစံနဲ့ ခေါင်းလောင်းထိုးသလဲဆိုတာကို စောင့်ကြည့်လေ့ရှိကြပါတယ်။

တစ်နာရီ တစ်ကြိမ်ကို ၄၅ စက္ကန့် ကြာမြင့်တယ်လို့ ဆိုပါတယ်။ တစ်နာရီ တစ်ခါ ခေါင်းလောင်းထိုးတိုင်း အရှေ့ပိုင်းရှိ နာရီရဲ့ ပြတင်းပေါက်ဟာ ပွင့်လာပြီး တမန်တော် ၁၂ ပါးရွေ့ လျားနေတာကို ပြသပါတယ်။

တစ်ချိန်တည်းမှာပင် နာရီကိုတန်ဆာဆင်ထားတဲ့ ပတ်ပတ်လည်ရှိ ပန်းပုရုပ်တုကလေးတွေဟာလဲ ရွေ့လျားလာပါတယ်။ နာရီ ဒိုင်ခွက်ဘေးမှာ ရုပ်တု ၄ ရုပ်ပါရှိပါတယ်။ လက်ဝဲဘက်မှ လက်ယာဘက် အစဉ်လိုက်အတိုင်းဆိုရင် အတ္တလောဘ၊ တဏှာကို ရည်ညွှန်းတဲ့ ရုပ်တုတွေဖြစ်ပြီး နောက်ဆုံး အရိုးစုပုံရုပ်တုကတော့ မရဏသေမင်းကို ရည်ညွှန်းပါတယ်။

အောက်က ၁၂ လ ရာသီခွင်ဒိုင်ခွက် ဘေးမှာတော့ နက္ခတ္တဗေဒပညာရှင်၊ တွေးခေါ်ပညာရှင်နဲ့ သမိုင်းပညာရှင်စတဲ့ ရုပ်တုလေးတွေရှိပါတယ်။ ဒါပေမဲ့ ရုပ်တုအတော်များများကတော့ ပုံစံတူပြန်လည် ပြုလုပ်ထားတာဖြစ်ပါတယ်။ မူလရုပ်တုတွေကတော့ ဒုတိယကမ္ဘာစစ်ပွဲအပြီး ဂျာမန်တွေက ဖျက်ဆီးခဲ့တာကြောင့် ဖြစ်ပါတယ်။

ပရာ့ဂ်နက္ခတ္တဗေဒ နာရီဒိုင်ခွက်ကတော့ အဲဒီလို နာရီတွေအားလုံးတွေထဲမှာတော့ ရှေးအကျဆုံး၊ သက်တမ်းအကြီးဆုံးဖြစ်ပြီး ပရာ့ဂ်နာရီကြီးရဲ့ အဓိကထူးခြားရတဲ့အကြောင်းရင်းတွေထဲက တစ်ခုပင်ဖြစ်ပါတယ်။ ဒီနက္ခတ္တဗေဒနာရီဒိုင်ခွက်ဟာ အလယ်ခေတ်ကလူတွေ စကြဝဠာကို ဘယ်လိုလေ့လာခဲ့သလဲဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။

အလယ်ဗဟိုက ကမ္ဘာမြေကို ကိုယ်စားပြုပါတယ်။ နာရီရဲ့ အပေါ်ပိုင်း အပြာရောင် ခြယ်ထားတဲ့အပိုင်းတွေက မိုးကုပ်စက်ဝိုင်းကျော်လွန်တဲ့ မိုးကောင်းကင်ကို ကိုယ်စားပြုပြီး အညိုရောင် ခြယ်ထားတဲ့အပိုင်းတွေကတော့ မိုးကုပ်စက်ဝိုင်း အောက်ရှိ မိုးကောင်းကင်ကို ဆိုလိုပါတယ်။

ရေးထွင်းထားတဲ့ လက်တင်စာလုံးတွေက အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့ကို ရည်ညွှန်းထားရုံသာမက အရုဏ်ဦး၊ ဆည်းဆာ၊ မိုးကုပ်စက်ဝိုင်းအောက်၊ မိုးကုပ် စက်ဝိုင်းအပေါ်ဆိုပြီးတော့လဲ အသီးသီးညွှန်းဆိုပါတယ်။

နာရီဒိုင်ခွက် ၃ စုံဟာ မတူညီတဲ့အချိန် ၃ ခုကို ဖော်ပြနေပါတယ်။ တစ်ခုကတော့ အီတလီ စံတော်ချိန် (ယခင် ချက်စံတော်ချိန်)၊ ဒုတိယတစ်ခုကတော့ နေနာရီနဲ့ ညွှန်ပြနေတဲ့ ဥရောပအလယ်ပိုင်း စံတော်ချိန်ဖြစ်ပြီး ယခင်က ဂျာမန်စံတော်ချိန်ဟောင်း ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဘေဘီလုံ စံတော်ချိန်ဖြစ်ပါတယ်။

၁၂ လရာသီခွင်ရဲ့ နာရီလက်တံဟာ ယခုနှစ်ရဲ့ ဘယ်ရာသီဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ နက္ခတ္တဗေဒနာရီဒိုင်ခွက်အလယ်မှာ ပရာ့ဂ်မြို့ဟောင်း ရဲ့ သင်္ကေတကို ပြသထားပြီး အပြင်ဘက်စက်ဝိုင်းက တစ်နှစ်ပတ်လုံးအတွက် တစ်နေ့ချင်းစီရဲ့ အကြောင်း အရာတွေကို ဖော်ပြပါတယ်။

လက်ရှိနေ့ကို ထိပ်ဆုံး မှာပြသထားပြီး ဘယက်ခွင်မှာရှိတဲ့ ၁၂ လရာသီခွင် သင်္ကေတတွေက လတစ်ခုချင်းစီကို ကိုယ်စားပြုပါတယ်။

မင်းဟန်သာ(ပန်သု)

Leave a Reply

Your email address will not be published.