လျှို့ဝှက်ဆန်းကြယ်စွာ တိမ်ကောသွားသော မြို့ကြီးများ

လျှို့ဝှက်ဆန်းကြယ်စွာ တိမ်ကောသွားသော မြို့ကြီးများ

ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာမြေကြီးပေါ်တွင် စရိတ်စက အကုန်အကျအများဆုံးသော မြို့ကြီးများ၊ တည်ဆောက်မှု စရိတ်အများဆုံးသော မြို့ကြီးများ၊ ထင်ရှားကျော်ကြား လူသိအများဆုံး မြို့ကြီးများ၊ လူနေမှုစနစ် အမြင့်မားဆုံးသော မြို့ကြီးများ၊ သိနည်းသော ရှေးဟောင်းမြို့ကြီးများ စသည်ဖြင့် အသီးသီးရှိကြသကဲ့သို့

ဤကမ္ဘာမြေကြီးပေါ်တွင် တစ်ချိန်က အထင်ကရ ပေါ်ထွန်းဖြစ်တည်ခဲ့ပြီး အထိုက် အလျောက် လူစည်ကားခဲ့သော်လည်း ယခုမည်သူမျှ မနေထိုင်တော့သည်အထိ လျှို့ဝှက်ဆန်းကြယ်စွာ အထီးကျန်၍ လူတို့စွန့်ခွာခံခဲ့ရသော မြို့ကြီးများလည်း ရှိနေခဲ့ပေသည်။

ယင်းတို့အနက် နာမည်အကြီးဆုံးမြို့ကြီးများတွင် ပီရူးနိုင်ငံမှ မာချူပစ်ချူးမြို့ကြီးသည် ထိပ်ဆုံးက ပါဝင်သည်။

၁။ မာချူးပစ်ချူး (ပီရူး)

မာချူးပစ်ချူး (Machu Picchu)နှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုများမှာ လွန်ခဲ့သော နှစ် ၁ဝဝ နီးပါးခန့်ကမှ စတင်ခဲ့သည် ဆိုသည်။

ဤမြို့ကြီးကို တည်ထောင်ခဲ့သော “အင်ကာ” (Inca) လူမျိုးတို့တွင် စာရေးသားသောစနစ် မရှိခဲ့၍ အဘယ်ကြောင့် ဤမြို့ကြီး တည်ထောင်ခဲ့ရသည်ကို စာနှင့်ပေနှင့် မှတ်တမ်းမှတ်ရာများ မတွေ့ရပေ။

၁၉၁၁ ခု၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် အမေရိကန်စူးစမ်းရှာဖွေသူ သုတေသီ ဟီးရမ်ဘင်းဟမ်း (Hiram Bingham) ဆိုသူက ဒေသခံလမ်းပြများ၏ အကူအညီဖြင့် ပျောက်ဆုံးနေသော အင်ကာတို့၏ မြို့တော်ကြီးကို ဦးဆောင်ရှာဖွေခဲ့သည်။

မာချူးပစ်ချူးသည် ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၇၉၇၇ ပေအမြင့်တွင်ရှိသော မာချူးပစ်ချူး တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့တော်အဖြစ် ၁၉၈၃ ခုနှစ်က သတ်မှတ်ထားသည်။ ၂၀၀၇ ခုနှစ်တွင် အင်တာနက်ပရိသတ်၏ မဲဆန္ဒအရ ကမ္ဘာ့အံ့ဖွယ်ခုနစ်သွယ် (အသစ်)တွင် ထည့်သွင်းဖော်ပြခဲ့ရသည်။

တစ်ခေတ်တစ်ခါက စည်ကားခဲ့ဟန်ရှိသော ဤမြို့ကြီးမှာ အဘယ်ကြောင့် ကမ္ဘာမြေပြင်ပေါ်မှာ လျင်မြန်စွာ ပျောက်ကွယ်တိမ်မြုပ်ခဲ့ရသည်ကို သုတေသီတို့ ယခုတိုင် လျှို့ဝှက်ဆန်းကြယ် ပဟေဠိတစ်ပုဒ်သဖွယ် ဖြစ်နေလျက်ရှိသေးသည်။

၁၄၅ဝ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး ၁၅၇၂ ခုနှစ်တွင် မြို့တော်နေ လူအများ စွန့်ခွာသွားခဲ့ဟန်ရှိသော ဤမာချူးပစ်ချူး မြို့တော်ကြီးသည် ပီရူးနိုင်ငံ၏ လက်ရှိမြို့တော် “လီမာ” (Lima) ၏ အရှေ့တောင်ဘက်ရှိ “ကတ်စ်ကို” (Cusco) မြို့၏ အနောက်မြောက် ကီလိုမီတာ ၈၀ (မိုင် ၅၀) အကွာတွင် တည်ရှိသည်။

၂။ ပီထရာ – ဂျော်ဒန်

အသက်ရှူမှားလောက်အောင် အံ့သြဖွယ်ကောင်းလှသည့် ဂျော်ဒန်နိုင်ငံမှ ခရစ်မပေါ်မီ ဘီစီ ၆ ရာစုက တည်ရှိခဲ့သော ပီထရာ(Petra) မြို့ကြီးသည် ၇ ရာစုတွင် လျှို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ ကျီးနှင့် ဖုတ်ဖုတ် သုဿာန်တစ်စပြင်ပမာ ဖြစ်ခဲ့ရသည်။ ပီထရာမြို့ကြီး၏ အာရပ်အဓိပ္ပာယ်သည် ကျောက်ဆောင်ဟူ၍ ဖြစ်သည်။ ပေ ၂၇ဝဝ မြင့်သော “ဟော” (Hor) တောင်စောင်းပေါ်တွင် တည်ရှိသော မြို့ကြီးဖြစ်သည်။

၁၈၁၂ ခုနှစ်တွင် ဆွစ်လူမျိုး စူးစမ်းရှာဖွေသူ ဂျိုဟန်လတ်ဝစ် ဘတ်ဒ်ဟတ် (Joham Ludwg Burckhardt)က ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။

ပင်လယ်သေ” (Dead Sea)မှ အက်ကာဘာ (Aqaba) ထိတိုင် ကြီးမားကျယ်ပြန့်ခဲ့ပြီး ထိုခေတ်အခါက အာရေဗျ၊ ဆီးရီးယား၊ ပါလက်စတိုင်းတို့အကြား ကူးသန်း ရောင်းဝယ်ရာ လမ်းဆုံမြို့ကြီး ဖြစ်ခဲ့သော်လည်း အဘယ်ကြောင့် လူတို့ စွန့်ခွာပျက်စီးသွားရသည်ကို သုတေသီတို့ မသိနိုင်ခဲ့ပေ။

၃။ ပါလင်ကျု – မက္ကဆီကို

‘ပါလင်ကျု” (Palenque) မြို့ကြီးသည် မက္ကဆီကို အနောက်တောင်ပိုင်း သိပ်သည်းသော မိုးသစ်တောကြီးများနှင့် ဂွာတီမာလာအကြားတွင် လွန်ခဲ့သော နှစ်ပေါင်း ၃,ဝဝဝ က တည်ရှိခဲ့သော မြို့ကြီးပြကြီး တစ်မြို့ဖြစ်သည်။

မက္ကဆီကိုတောင်ပိုင်းတွင် တည်ရှိခဲ့ပြီး ၇ ရာစုနှစ်က စည်ပင်ဖွံ့ဖြိုးခဲ့သော မာယာ တို့၏ မြို့ကြီးဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၁၅၀ (၄၉၂ ပေ) တွင် တည်ရှိသည်။

ခရစ်မပေါ်မီ ဘီစီ ၉၆၇ ခုနှစ်ကတည်းက မင်းဆက်အသီးသီးက အုပ်ချုပ်လာခဲ့ကြပြီး ခရစ်ပေါ်ပြီး အေဒီ ၇၉၉ နောက်ပိုင်းတွင် မင်းဆက်ပြတ်သွားခဲ့သည်။ လူတို့ စွန့်ခွာပြီး ခြုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်ကာ တိမ်ကောခဲ့သော ‘ပါလင်ကျု’ မြို့ပျက်ကြီးကို ၁၅၂၈ ပြည့်လွန်နှစ်များတွင်မှ စပိန်တို့က ပြန်လည်တွေ့ရှိခဲ့ကြသည်။

၄။ မိုဟန်ဂျိုဒါရိုး – ပါကစ္စတန်

၁၉၂၁ ခုနှစ်ထိ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေခဲ့သည်။ ယင်း ခုနှစ်ကျမှ ပါကစ္စတန်က သူ၏ ထူးဆန်းစွာ တိမ်ကောပျက်စီးသွားသည့် မြို့ကြီးနှစ်မြို့အကြောင်း ထုတ်ဖော်ခဲ့သည်။

ယင်းမြို့ကြီးများမှာ ‘ဟာရက်ပါ (Harappa) နှင့် “မိုဟန်ဂျိုဒါရိုး (Mohenjo Daro) တို့ ဖြစ်သည်။ ထိုမြို့ကြီးများသည် လွန်ခဲ့သော နှစ်ပေါင်း ၄၅ဝဝ ခန့်က တည်ရှိခဲ့ပြီး နှစ်ပေါင်း တစ်ထောင်လုံးလုံး စည်ပင်သာယာဖွံ့ဖြိုးခဲ့သည်။ အင်ဒုမြစ်၏ ရေလွှမ်းလွင်ပြင်များကြောင့် မြေဩဇာကောင်းမွန်ခဲ့ပြီး မြို့ပြယဉ်ကျေးမှုများ ထွန်းကားခဲ့သည်။

၅။ ပါးလ်မိုင်ရာ – ဆီးရီးယား

ဆီးရီးယားနိုင်ငံရှိ ရှေးဟောင်း အာရပ်မြို့ကြီး ပါးလ်မိုင်ရာ (Palmyra) သည် “တက်မော” (Tadmor) အမည်ဖြင့်လည်း လူသိများသည်။ ဆီးရီးယားနိုင်ငံ၏ လက်ရှိ မြို့တော် ဒမတ်စကပ် အရှေ့မြောက်ဘက် ၂၁၅ ကီလိုမီတာ (၁၃၄ မိုင်) အကွာတွင် ရှိသည်။

ခရစ်မပေါ်မီ အနှစ် ၃၀၀ လောက်က စည်ကားခဲ့သော မြို့ကြီးဖြစ်သည်။ ဆော်လမွန်ဘုရင်ကြီး တည်ထောင်ခဲ့သည်ဟု ဆိုကြသည်။ ကြီးမား၍ မြင့်မားသော ကျောက်တိုင်လုံးကြီးများဖြင့် တည်ဆောက်ခဲ့သည်။ အဆောက်အအုံပျက်ကြီးများကို ယခုတိုင် တွေ့ရဆဲဖြစ်သည်။

၆။ ပွန်ပေအီမြို့ – အီတလီ

အေဒီ ၇၉ ခုနှစ်တွင် ဗီဆူဗီယပ်စ် (Vesuvius) မီးတောင်ကြီး ပေါက်ကွဲမှုကြောင့် ချော်ရည်ပူများနှင့် မီးတောင်ပြာ၊ ရွှံ့ညွှန်များ အောက်တွင် ပေ ၆ဝ မျှ ဖုံးအုပ်ခံရလျက် ပျက်စီးပျောက်ဆုံးခဲ့ရသော ရောမတို့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောမြို့ကြီး တစ်မြို့ ဖြစ်သည်။ ထိုအချိန်က မြို့သူမြို့သား နှစ်သောင်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းရသည်။

နှစ်ပေါင်း ၁၆၀၀ ခန့် မီးတောင်ကျောက်ဆောင် ကျောက်ရည်ပူများ အောက်တွင် ရောက်နေရာမှ ၁၅၉၂ ခုနှစ်တွင် မမျှော်လင့်ဘဲ ပြန်လည်တူးဖော် တွေ့ရှိခဲ့ရသည်။
ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ် ကမ္ဘာလှည့် ခရီးသည်ပေါင်း နှစ်သန်းခွဲကျော် လာရောက်လေ့လာ လျက်ရှိသော မြို့ကြီးဖြစ်သည်။

မီးတောင်ပြာများအောက်မှ တူးဖော်ရရှိသော သနားစဖွယ် လူသားရုပ်ကြွင်းများနှင့် အဆင့်အတန်းမြင့်သော ဖွဲ့စည်းပုံရှိသည့် မြို့ပြအဆောက်အအုံ၊ လမ်း၊ တိုက်တာများတို့ကို ပကတိအတိုင်း ပြသထားသည်။

ကမ္ဘာလှည့်ခရီသည်တို့ အာရုံစိုက်ခံခဲ့ရသည်မှာ နှစ်ပေါင်း ၂၅၀ ခန့်ရှိပြီးဖြစ်သော ပွန်ပေအီမြို့ကြီးသည် ရောမတို့၏ လူမှုအဆင့်အတန်းနှင့် မြို့ပြယဉ်ကျေးမှုကို ထင်ဟပ်စေသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့သည်။

၇။ ထရိုင်းမြို့ – တူရကီ

ခရစ်မပေါ်မီ ဘီစီ ၁၄၊ ၁၃၊ ၁၂ တို့တွင် ဖြစ်ပွားခဲ့သော နာမည်ကျော် မြင်းရုပ်ကြီး ထရွန်ဂျင်’ (Trojan) စစ်ပွဲဖြစ်ပွားရာ မြို့တော်ကြီးဖြစ်သည်။ ၁၈၇ဝ ပြည့်လွန်နှစ်များတွင် စတင်တွေ့ရှိလာခဲ့ကြသည်။

၁၉၉၈ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းသွင်းခံခဲ့ရသည်။ ယခုအခါ တူရကီနိုင်ငံ၏ မြို့ငယ်လေး’ထရူဗာ (Truva) အဖြစ် တည်ရှိနေသည်။

ကမ္ဘာကျော် ထရွန်ဂျင်စစ်ပွဲကြီးသည် ဂရိနှင့် ထရွန်ဂျင်လူမျိုးတို့အကြား ၁ဝ နှစ် ၁ဝ မိုး ဖြစ်ပွားခဲ့သော ရေရှည်စစ်ပွဲကြီးဖြစ်သည်။ ဂရိတို့က မနိုင်နိုင်သည့်အဆုံး တပ်ဆုတ်သွားဟန်ပြပြီး ကြီးမားသော သစ်သားမြင်းရုပ်ကြီးတစ်ရုပ် ထားရစ်ခဲ့ကြသည်။

ထရွန်ဂျင်တို့က ထိုမြင်းရုပ်ကြီးကို မြို့တွင်းသို့ ယူဆောင်လာကြပြီး စစ်အောင်နိုင်ခြင်း အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲလုပ်၍ မူးယစ်သောက်စားခဲ့သောည၌ မြင်းရုပ်တွင်းမှ ဂရိစစ်သားတို့ ထွက်၍ မြို့တံခါးကိုဖွင့်ကာ မြို့ပြင်မှ စစ်သည်တော်တို့နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသောကြောင့် ထရွန်ဂျင်တို့၏ ထရွိုင်မြို့ကြီး ကျဆုံးခဲ့ရသည်ဟု ဆိုသည်။

၈။ မင်းဖစ် – အီဂျစ်

‘မင်းဖစ်’ (Memphis) မြို့ကြီးသည် အီဂျစ်နိုင်ငံ၏ ရှေးဟောင်းမြို့တော်ကြီး ဖြစ်ခဲ့ပြီး အီဂျစ်မင်းဆက် နှစ်ဆက်တိုင်တိုင် စိုးစံခဲ့သော မြို့တော်ကြီး ဖြစ်သည်။ ခရစ်မပေါ်မီ ဘီစီ ၃၁ဝဝ ခန့်က ဖာရောက်မင်းဆက်တို့ တည်ထောင်ခဲ့သော ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသည့် မြို့ကြီးတစ်မြို့ ဖြစ်သည်။

အီဂျစ်နိုင်ငံ၏ လက်ရှိမြို့တော် ကိုင်ရိုမြို့၏ တောင်ဘက် ‘ဟယ်လ်ဝန်’ (Helwan) မြို့အနီး နိုင်းမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိခဲ့သည်။

၉။ ဇီးမြို့ကြီး – ဘရာဇီး

“ပျောက်ဆုံးခဲ့သော မြို့ကြီး ဇီ” (The Lost City of Z) ဟူသော အမည်နာမကို ဗြိတိသျှ မြေတိုင်းအရာရှိ ဗိုလ်မှူးကြီး “ပါစီဟာရီ ဆင်ဖောဆက်” က ပေးခဲ့ခြင်းဖြစ်သည်။

ဘရာဇီးနိုင်ငံ၏ “မာတို ဂရော့ဆို “(Mato Grosso) ဒေသရှိ ထူထပ်သော အမေဇုန်သစ်‌တောကြီးထဲတွင် ပျောက်ဆုံးနေသော ထိုမြို့ကြီးအား ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။

ပေါ်တူဂီ စူးစမ်းလေ့လာရေးသမား Joaa da silva Guimaraes က ၁၇၅၃ ခုနှစ်က ထို Z မြို့ကြီးသို့ ရောက်ခဲ့ဖူးကြောင်း ရေးသားခဲ့ဖူးသည်ဆို၏။ ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဘရက်ပစ်အား ၂၀၁၀ ပြည့်နှစ်တွင် ဗြိတိသျှဗိုလ်မှူးကြီး နေရာထား၍ ဒါရိုက်တာ ဂျိမ်းစ်ဂရေးက မြို့တော်ကြီး Z အား ရှာဖွေခန်း (၁၉၂၀ ပြည့်နှစ်က အဖြစ်အပျက်များကို) ရုပ်ရှင်ကားတစ်ကား ရိုက်ကူးခဲ့သည်။

စာအုပ်ရေးသူမှာလည်း ဂျိမ်းစ်ဂရေးပင်ဖြစ်ပြီး စာအုပ်အမည်ရော၊ ရုပ်ရှင်ကားအမည်ပါ The Lost City of Z ဖြစ်သည်။ ထို Z မြို့ကြီးကို ဒေသခံတို့က ‘ကူဟီကူဂျူ’ ဟု ခေါ်ကြသည်။ ထိုမြို့ကြီးတွင် အဆင့်မြင့်သော လမ်းများ၊ တံတားများနှင့် ဘုရားကျောင်းများ တည်ရှိခဲ့သည့် အထောက်အထားများ တွေ့ကြရသည်။

၁၀။ အန်ကော – ကမ္ဘောဒီးယား

ရှေးခမာမြို့တော်ကြီးတစ်မြို့ဖြစ်သော ‘အန်ကော’ မြို့တော်ကြီးမှာ စက်မှု တော်လှန်ရေး ကာလမတိုင်မီက ကမ္ဘာ့အကြီးဆုံး မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ပြီး ယခုခေတ် အမေရိကန်ပြည်ထောင်စု၏ လော့စ်အင်ဂျလိစ်မြို့ကြီးနှင့် အကျယ်အဝန်းရော လူဦးရေပါ မတိမ်းမယိမ်းရှိခဲ့ကြောင်းတွေ့ရှိရသည်။

ယခင်က အန်ကောဝပ် ခေါ် ဘုရားကျောင်းကြီး တစ်ခုတည်းကိုသာ ချုံနွယ်ပိတ်ပေါင်းများအောက်မှ ရှာဖွေတွေ့ရှိစဉ်က ယင်းတစ်ခုတည်းသာ ထီးထီးကြီးကြီးဟု ထင်ထားခဲ့ရာမှ အန်ကောဝပ်ပတ်ဝန်းကျင်တွင် ထောင်ပေါင်းများစွာသော အိမ်များ၊ လမ်းမကြီးများ၊ ရေကန်၊ တူးမြောင်းများဖြင့် မြို့တော်ကြီး၏ အင်္ဂါရပ်များကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

အန်ကောမြို့ကြီးသည် ၉ ရာစုမှ ၁၃ ရာစုအတွင်း စည်ပင်ထွန်းကားခဲ့သော (ခမာတို့၏)မြို့ကြီး တစ်မြို့ဖြစ်သည်။ “အန်ကော ဆိုသည်မှာ သင်္သကရိုက်ဘာသာစကားဖြင့် နာဂရဟူသော မြို့တော်ကြီးဟု အဓိပ္ပာယ်ရသည်။ ယူနီဆက်က ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်မြို့တော်အဖြစ် သတ်မှတ်ထားသည်။

ခန့်ဇော်လင်း

Leave a Reply

Your email address will not be published.