ကမ္ဘာ့အန္တရာယ်အရှိဆုံး မီးတောင်များ

ကမ္ဘာ့အန္တရာယ်အရှိဆုံး မီးတောင်များ

မီးတောင်တစ်တောင်ကို အဝေးကကြည့်ပြီး လှတာပဲလို့ ထင်ကြပါလိမ့်မယ်။ မီးတောင်တွေရဲ့ အလှအပကြောင့် ဘဝအမောတွေ ပြေခဲ့ဖူးပါတယ်။ မီးတောင်တွေ သဘာဝအတိုင်း လှပနေပေမဲ့လဲ အချို့အချိန်တွေမှာ လူတော်တော်များများ အသက်တွေကို ယူသွားတဲ့ထိ ပြောင်းလဲနိုင်ပါတယ်။

သာမန်အားဖြင့်တော့ မီးတောင်တိုင်းက အန္တရာယ်မပေးတတ်ကြပါဘူး။ ဒါပေမဲ့ အခုတင်ပြတဲ့ မီးတောင်တွေကတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး၊ မီးတောင်စာရင်းဝင်တွေပဲ ဖြစ်ပါတယ်။

၁။ Mount Tambora

အန္တရာယ်အများဆုံး မီးတောင်တစ်ခုဖြစ်တဲ့ Monut Tambora ဟာ အင်ဒိုနီးရှားနိုင်ငံ Lesser Sunda ကျွန်းပေါ်မှာ တည်ရှိပါတယ်။ အင်ဒိုနီးရှားကျွန်းစုမှာ အမြင့်ဆုံး တောင်တစ်ခုလဲ ဖြစ်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ကာလကတော့ ၁၈၁၅ ခုနှစ်မှာဖြစ်ပြီး ကီလိုမီတာ ၂၀ဝဝ အကွာကနေတောင် ပေါက်ကွဲသံတွေ ကြောက်စရာကောင်းအောင် ဖြစ်ခဲ့ရပါတယ်။

ဒါ့ပြင် လူပေါင်း ၇၁ဝဝဝ လောက်သေဆုံးခဲ့ပြီး အဲဒီထဲက ၁၂၀၀၀ လောက်ကတော့ ချက်ချင်းဆိုသလို သေဆုံးခဲ့ကြတာပါ။ မီးတောင်ပေါက်ကွဲမှုက ထွက်ပေါ်လာတဲ့
ပြာတွေရဲ့ ကြောက်စရာကောင်းတဲ့ ရလဒ်ကတော့ အနီးတနားမှာရှိတဲ့ ရွာတွေမှာ နေထိုင်သူတွေကို ရောဂါတွေနဲ့အတူ သေဆုံးခြင်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

၂။ Krakatao

Krakatao မီးတောင်ဟာ အင်ဒိုနီးရှား ပင်လယ်ရေပိုင်နက်ဖြစ်တဲ့ ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်းကြားမှာ တည်ရှိတယ်။ ၁၈၈၃ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြင်းထန်တဲ့
ပေါက်ကွဲမှုဟာဆိုရင် အနီးအနားက လူတွေဘယ်တော့မှ မမေ့နိုင်အောင် ဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အသံဟာဆိုရင် နျူကလီးယားဗုံးပေါက်ကွဲမှုအတိုင်း အကြိမ်များစွာ ပေါ်ပေါက်လာပြီး ဒုတိယကမ္ဘာစစ်ကာလမှာကြခဲ့တဲ့ ဟီရို ရှီးမား အဏုမြူဗုံးသံနဲ့တောင် သွားတူနေတယ်လို့ ဆိုပါတယ်။

အဲဒီပေါက်ကွဲသံတွေကို အကွာအဝေး ကီလိုမီတာ ၄၈ဝဝ ကနေတောင် ကြားရပါတယ်လို့ ဆိုပါတယ်။ Krakatao မီးတောင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီမုန်တိုင်းကြောင့် လူပေါင်း ၃၅ဝဝဝ ကျော် သေဆုံးခဲ့ရပါတယ်။

၃။ Michoacan Guanajuato

Michoacan Guanajuato မီးတောင်ဝရဲ့ ပတ်ဝန်းကျင်မှာဆိုရင်တော့ တောင်ကြီးဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ အနေအထားပဲဖြစ်ပါတယ်။ မက္ကဆီကို နိုင်ငံရဲ့ အလယ်တည့်တည့်မှာ တည်ရှိပြီး ဧရိယာအားဖြင့် ကီလိုမီတာ ၂ဝဝ လောက် ရှိပါတယ်။

တောင်ဧရိယာတစ်ခုလုံးကတော့ မီးသွေးခဲကြီးလို မည်းနက်နေပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ ၁၇၅၆ ခုနှစ်မှာ ပေါက်ကွဲခဲ့ပြီး နောက်ပိုင်းဆက်တိုက် ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

မြောက်ဘက်ကနေ အနောက်ဘက်ကို စီးဆင်းနေတဲ့ ချော်ရည်စီးကြောင်းတွေ အခုထိရှိနေတုန်းပါပဲ။ ပေါက်ကွဲမှုတွေကတော့ ၁၉၄၃ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့ပြီး အနီးအနားမှာ ရှိတဲ့ရွာတွေကို ချော်ရည်စီးကြောင်းက ဝါးမျိုသွားခဲ့ပါတယ်။

၄။ Mount Pelee

ပြင်သစ်နိုင်ငံ Martinique ဒေသရဲ့ မြောက်ဘက်အဆုံးမှာ တည်ရှိတဲ့ Mount Pelee မီးတောင်ဟာ အခုအခါ အသက်ဝင်မှု မရှိတော့ပေမဲ့လဲ အနီးနားပတ်ဝန်း ကျင်မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေဟာ မီးတောင်တွေရဲ့ ပုံစံဖြစ်တဲ့ ကန်တော့ပုံ သဏ္ဌာန် မီးတောင်တစ်ခုဖြစ်ပြီး ချော်ရည်တွေဖွဲ့စည်းမှုအတိုင်း တည်ရှိနေပါတယ်။

ပေါက်ကွဲခဲ့တဲ့ကာလကဆိုရင် Saint Pierre တစ်မြို့လုံးကို ပျက်စီးသွားစေတဲ့ အပြင် လူပေါင်း ၃ဝဝဝဝ ကျော်ရဲ့အသက်တွေပေးခဲ့ရပါတယ်။ အဓိကကတော့ အလွန်ပူလောင်လှတဲ့ ဓာက်ငွေ့တွေနဲ့ မီးတောင်ချော်ရည်တွေကို ရှောင်ရှားဖို့ ခက်ခဲလွန်းတာကြောင့်ဖြစ်ပါတယ်။

၅။ Nevado del Ruiz

Nevado del Ruiz မီးတောင်ဟာ ချော်ရည်၊ မီးတောင်ပြာ အများအပြားနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ကိုလံဘီယာနိုင်ငံရဲ့ Caldas နဲ့ Tolima နယ်တွေရဲ့ အစပ်မှာတည်ရှိနေပါတယ်။

ကိုလံဘီယာနိုင်ငံရဲ့ ထိတ်လန့်ဖွယ်ကောင်းတဲ့ မီးတောင်တစ်ခုလဲ ဖြစ်ပါတယ်။ သူရဲ့ အန္တရာယ်ကတော့ Pyroclastic flows လို့ခေါ်တဲ့ လေပူတွေနဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်လာတဲ့ အငွေ့အသက်တွေဟာ လူနေမှုပတ်ဝန်းကျင်မှာပျံ့နှံ့နေတာ နှစ်ပေါင်းကြာနေတာကြောင့် ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၅ဝဝဝ ကျော် သေဆုံးခဲ့ပြီး အနီးအနားက Armero ရဲ့ မြို့တွေ ပျက်စီးခဲ့ရတယ်။ အဓိကကတော့ Nevado del Ruiz မီးတောင်ကထွက်လာတဲ့ အဆိပ်ငွေ့တွေဟာ လူအများအပြားကိုသေကျေပျက်စီးစေခဲ့ရပါတယ်။

၆။ Mayon

Mayon မီးတောင်ဟာ ဖိလစ် ပိုင်နိုင်ငံ Bicol ပြည်နယ်က Albay နယ်ဘက်မှာတည်ရှိတာပဲ ဖြစ်ပါတယ်။ Mayon ဆိုတဲ့ နာမည်ဖြစ်လာပုံက ဒဏ္ဍာရီထဲက မင်းသမီး Daragang Magayon ရဲ့ နာမည်ကို အစွဲပြုပြီးပေးထားတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ မီးတောင်တွေထဲက အပြင်းထန်ဆုံး မီးတောင်ရှင် တစ်ခုဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲမှုတွေကြောင့် တောင်ရဲ့ပုံစံဟာ ကန်တော့ချွန်ပုံစံဖြစ်နေတာ အချိန်တော်တော်ကြာ နေပြီဖြစ်ပါတယ်။

၁၈၁၄ ခုနှစ်ကတည်းက စတင်ပြီး ပေါက်ကွဲမှုအကြိမ်ပေါင်း ၄၇ ကြိမ်ထိအောင်ရှိခဲ့ပါတယ်။ ပေါက်ကွဲမှုတိုင်းမှာ လူတွေရဲ့ အသက်ပေါင်းများစွာ စတေးခံခဲ့ရပါတယ်။
မီးတောင်ပေါက်ကွဲနေစဉ်မှာ ထွက်လာတဲ့ ချော်ရည်တွေဟာ မြေပြင်ပေါ် မရောက်ခင် ပေ ရာပေါင်းများစွာထိ မြင့်တက်ပေါက်ကွဲထွက်ခဲ့ပါတယ်။

မြေပေါ်ရောက်တဲ့အခါမှာတော့ အနီး အနားကရွာတွေဆီကို ပျံ့နှံ့သွားပြီး ပြာတွေနဲ့ မီးခိုးတွေဟာ လေထုထဲမှာ ကီလိုမီတာ ၁၆၀ လောက်ထိ အမှောင်အတိ ဖုံးလွှမ်းစေခဲ့ပါတယ်။

၇။ Taal

Taal မီးတောင်ဟာ ဖိလစ်ပိုင်နိုင်ငံမှာပဲ တည်ရှိပြီး ပေါက်ကွဲအားအလွန်ပြင်းထန်ခဲ့ပါတယ်။ မနီလာမြို့အနီးမှာ တည်ရှိပြီး မြို့နဲ့ကီလိုမီတာ ၅၀ ပဲ ဝေးပါတယ်။
မီးတောင်ရဲ့ အပေါ်ဘက် မြင်ကွင်းကို ကြည့်မယ်ဆိုရင် ကြီးမားတဲ့ မီးတောင်ဝကြီး ကို အလယ်တည့်တည့်မှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

လူပေါင်း ၅ဝဝဝ ကနေ ၆ဝဝဝ ထိသေဆုံးစေတဲ့ မီးတောင်ဖြစ်တာကြောင့် သေမင်းတံခါးဝလို့ ခေါ်ဝေါ်ရ လောက်အောင် အန္တရာယ်များတဲ့ မီးတောင်တစ်ခုဖြစ်ပါတယ်။

မီးတောင်ရဲ့ ခေါင်းပေါက်ပေါ်မှာ သဘာဝအတိုင်းဖြစ်နေတဲ့ ရေကန်တစ်ခုလဲရှိနေပါတယ်။ Taal မီးတောင်ဟာ စုစုပေါင်းအကြိမ်ရေ ၃၃ ကြိမ်လောက် ပေါက်ကွဲခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယအသက်ဝင်အဖြစ်ဆုံး မီးတောင်တစ်ခုပဲဖြစ်ပါတယ်။

၈။ Aira Caldera

Supervolcano လို့ သတ်မှတ်ထားကြတဲ့ ဂျပန်နိုင်ငံက Aira Caldera မီးတောင်ဟာ ကမ္ဘာမြေဆီလွှာထဲက ကျောက်ရည်ပူ ကီလိုမီတာ ၁၀၀၀ ကျော် လောက်ကို ထုတ်နိုင်စွမ်းရှိပါတယ်။

အဲဒီမီးတောင်ရဲ့ အန္တရာယ်ကြောင့် ကမ္ဘာ့အစိတ်အပိုင်းတချို့တောင် ပျက်စီးသွားစေနိုင်တယ်လို့ သုတေသနပညာရှင်တချို့က ခန့်မှန်းထားကြပါတယ်။ မီးတောင်ရဲ့အကျိုးသက်ရောက်မှုတွေဟာ လေထုဖိအားကို ကမောက်ကမဖြစ်စေပြီး ဖန်လုံအိမ်နိယာမ ပျက်စီးမှုကို အားပေးနေပါတယ်။

ဒါ့ပြင် ပြင်းထန်တဲ့ဖိအားကြောင့် နျူကလီးယားပေါက်ကွဲ ထွက်သလိုမျိုး ပေါက်ကွဲနိုင်ပါသေးတယ်။ကမ္ဘာပေါ်မှာ Aira Caldera မီးတောင်ရှိနေတာ ဘယ်လောက်အန္တရာယ်များလဲ သိချင်ရင် နျူကလီးယားဗုံးတစ်လုံး ပေါက်ကွဲထွက်တာကို
စိတ်ကူးယဉ်ကြည့်လိုက်ရင် သိနိုင်ပါလိမ့်မယ်။

၉။ Fakoa

ကင်မရွန်းနိုင်ငံက ကင်မရွန်းတောင်လို့ ခေါ်တဲ့ မီးတောင်ဟာဆိုရင် အနောက် ဘက် ဆာဟာရကန္တာရနဲ့ အာဖရိကအလယ်ပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။ Fakoa လို့ အမည်တွင်ပြီး အာဖရိကရဲ့ လေးခုမြောက် အမြင့်ဆုံးတောင်တစ်ခု ဖြစ်ပါတယ်။

၁၈ဝဝ ပြည့်နှစ်လောက်က မီးတောင်ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ပေါက်ကွဲပြီးနောက်ပိုင်း လေ့လာချက်တွေအရ တောင်ပေါ်မှာ မီးသွေးတုံးလို အတုံးတွေ
အများကြီးရှိနေတာ တွေ့ခဲ့ကြပါတယ်။

အဲဒီအတုံးကြီးတွေကို ထုထည်ကြီးမားစွာ တည်ရှိနေစေတဲ့အပြင် ပြင်းထန်တဲ့ ငလျင်တွေကို ဖြစ်ပေါ်စေတဲ့ တောင်ကြီးဖြစ်ပါတယ်။

Credit- Author : ရဲမာန်ခ

Leave a Reply

Your email address will not be published.