သင့်နေအိမ်အတွက် တစ်နှစ်စာ လျှပ်စစ်ဓာတ်အား ဖူလုံစွာ ထုတ်လုပ်ပေးနိုင်မယ့် လေတာဘိုင်တံတိုင်း

သင့်နေအိမ်အတွက် တစ်နှစ်စာ လျှပ်စစ်ဓာတ်အား ဖူလုံစွာ ထုတ်လုပ်ပေးနိုင်မယ့် လေတာဘိုင်တံတိုင်း

လေစွမ်းအင်ဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့မဟာဓာတ်အားလိုင်းတွေအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပြီး စွမ်းအင်ထုတ်လုပ်မှုအတွက်   ရုပ်ကြွင်းလောင်စာအပေါ် မှီခိုနေရမှုကို ကူညီလျှော့ချ ပေးနိုင်ပါတယ်။  

များသောအားဖြင့် လေအားလျှပ်စစ်စီမံကိန်းများဟာလည်း လွင်တီးခေါင်ပြင်နေရာတို့၊ ကမ်းရိုးတန်းနေရာတို့ စတဲ့နေရာတွေမှာ ထားရှိကြပါတယ်။အဲဒီနေရာတွေက လေအားပိုရလို့ပဲ ဖြစ်ပါတယ်။

နေအိမ်အတွက် လေတာဘိုင်တွေကတော့ သူတို့ရဲ့ တည်ဆောက်ပုံအရ အလွန်နည်းပါးတဲ့ လေအားကိုသာ ရရှိတာကြောင့် လူသူရှုပ်ထွေးတဲ့ မြို့ပြလိုနေရာမျိုးတွေမှာ လေအားလျှပ်စစ်ထုတ်ယူမယ့် တာဘိုင်တွေ မတွေ့ရပါဘူး။

ဒါကြောင့် အမေရိကန်နိုင်ငံ၊ နယူးယောက်က ဒီဇိုင်းပညာရှင်နဲ့ စွန့်ဦးတီထွင်သူ ဂျိုးဒေါက်စက်(Joe Doucet)က မြို့ပြလိုနေရာမှာ နေရာလည်းမယူတဲ့အပြင် တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၀၀၀၀ ကျော် ထုတ်လုပ်ပေးနိုင်မယ့် လေတာဘိုင် တံတိုင်းတစ်မျိုးကို တီထွင်ဖန်တီး လိုက်ပါတယ်။

အဲဒီ လေတာဘိုင် တံတိုင်းကနေ ထွက်လာမယ့် လျှပ်စစ်ဓာတ်အားပမာဏဟာ နေအိမ်တစ်လုံး အတွက်တော့ တစ်နှစ်စာဖူလုံနိုင်မည် ဖြစ်ပြီး ၎င်းလေတာဘိုင်တံတိုင်းသစ်ဟာ အသွင်အပြင်အားဖြင့်လည်း ရှုပျော်ဖွယ်ရှိပါတယ်။

စွမ်းဆောင်ရည်ကလည်း အမှန်တကယ် အလုပ်ဖြစ်တယ်ဆိုတဲ့ အခုလေတာ ဘိုင်တံတိုင်းကို သီးခြားလွတ်လပ်စွာ လည်ပတ်နိုင်တဲ့ ဒလက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဲဒီဒလက်တွေ လည်ပတ်မှုကနေမှ အသေးစား ဂျင်နရေတာကို မောင်းနှင်ပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ ထွက်လာတဲ့လျှပ်စစ်စွမ်းအင်ကို အိမ်အတွက်ပဲသုံးသုံး၊ လုပ်ငန်းအတွက်ပဲသုံးသုံး အသုံးပြုနိုင်တဲ့အပြင် နံရံကပ်ဘက်ထရီထဲမှာ ထည့်ပြီး သိုလှောင်ထားနိုင်ပါတယ်။

အမြင်အားဖြင့် တင့်တယ်တဲ့အတွက်လည်း အဲဒီလေတာဘိုင်တံတိုင်းတွေကို အိမ်ရှေ့မှာဖြစ်စေ၊ အမြန်လမ်းမကြီးဘေး မှာဖြစ်စေ ထားရှိနိုင်ပါတယ်။ လက်ရှိအချိန်မှာ လေတာဘိုင်တံတိုင်းတစ်ခုရဲ့ အတိုင်းအတာတွေက အမြင့် ၈ ပေနဲ့ အကျယ် ၂၅ ပေရှိပေမယ့်လည်း အသုံးပြုသူရဲ့ လိုအပ်ချက်အရ စိတ်ကြိုက်ချိန်ညှိ နိုင်ပါတယ်။

ဂျိုးဒေါက်စက်ကတော့ သူ့ရဲ့လေတာဘိုင်တံတိုင်းကို အလူမီနီယံဘောင်နဲ့ ပြုလုပ်ဖို့ အဆိုပြုထားပါတယ်။ နောက်ပိုင်းကျရင်တော့ တခြား အပေါ့စား ပစ္စည်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်လာမှာဖြစ်ပါတယ်။

အခုလက်ရှိ ဂျိုးဒေါက်စက်အနေနဲ့ သူ့ရဲ့လေတာဘိုင်တံတိုင်းကို စီးပွားဖြစ် ထုတ်လုပ်ပြီး  မကြာမီဈေးကွက်ထဲ ဖြန့်ချိနိုင်ဖို့အရေး ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဒီလို နည်းပညာမြင့် တီထွင်မှုတွေကနေ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ဖို့အတွက် ရုပ်ကြွင်းလောင်စာအများအပြားကို အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာကြီးပူနွေးမှုနဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ကိုလည်း လျော့ချနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *