ကမ္ဘာတစ်ဝန်းက ထူးခြားဆန်းကြယ်တဲ့ အယူသည်းမှုများ
ကမ္ဘာတစ်ဝှမ်းက များပြားလှတဲ့ လူမျိုးတွေဟာ သူတို့ရဲ့ ရိုးရာယုံကြည်မှုတွေအရ ထူးဆန်းတဲ့ အယူသည်းမှုတွေ ရှိကြပါတယ်။ ယခု ဖော်ပြပေးမှာကတော့ နိုင်ငံတကာက လူမျိုးစုတွေအလိုက် ထူးခြား ဆန်းကြယ်တဲ့ အယူသည်းမှုတွေ အကြောင်းပဲ ဖြစ်ပါတယ်။
၁။ ညဘက်တွေမှာ ပီကေဝါးခြင်း (တူရကီ၊ဟန်ဂေရီ)
တူရကီလူမျိုးတွေနဲ့ ဟန်ဂေရီလူမျိုးတွေဟာ ညဘက်တွေမှာ ပီကေဝါးခြင်းက ကံဆိုးမှုကိုဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။
ဘာလို့လဲ ဆိုတော့ ညဘက် ပီကေဝါးခြင်းဟာ လူသေရဲ့ အရေပြားကို ဝါးစားခြင်းနဲ့တူတယ်လို့ သူတို့က ယုံကြည် လက်ခံထားကြတာကြောင့်ပဲ ဖြစ်ပါတယ်။
၂။ အိမ်ထဲမှာ ထီးဖွင့်ခြင်း (အီဂျစ်)
ရှေးခေတ် အီဂျစ်လူမျိုးတွေဟာ အိမ်ထဲမှာ ထီးဖွင့်ခြင်းဟာ ကံဆိုးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ ယုံကြည်ကြပါတယ်။
ထီးဆောင်းတယ်ဆိုတာဟာ နေပူဒဏ်နဲ့ မိုးရွာမှုကို ကာကွယ်ပေးနိုင်ဖို့ ဖွင့်ဆောင်းရတာ ဖြစ်တာကြောင့် အိမ်ထဲမှာ ထီးဖွင့်ခြင်းဟာ နေနတ်မင်းကို စိတ်ဆိုးစေပြီး ကံဆိုးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ အီဂျစ်လူမျိုးတွေက ယုံကြည်လက်ခံထားကြပါတယ်။
၃။ ပန်းစည်းပေးကြတဲ့အခါ ပန်းအပွင့်ရေ “မ” ကိန်းဂဏန်းပေးခြင်း (ရှရှား)
ရုရှားလူမျိုးတွေဟာ ပန်းစည်း ပေးကြတဲ့အခါ ပန်းအပွင့်ရေ “မ” ကိန်းဂဏန်းပေးခြင်းဟာ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို ပန်းစည်းပေးကြတဲ့အခါ အများအားဖြင့် မ ကိန်းဂဏန်း အရေအတွက်ကိုသာ ပေးလေ့ရှိကြပါတယ်။
၄။ မင်္ဂလာဆောင်တဲ့နေ့မှာ မိုးရွာခြင်း (ရုရှား)
ရုရှားလူမျိုးတွေ နောက်ထပ်ယုံကြည်ကြတဲ့ အယူတစ်ခုကတော့ မင်္ဂလာဆောင်တဲ့နေ့မှာ မိုးရွာတာဟာ သတို့သားနဲ့ သတို့သမီးအတွက် ပျော်ရွှင်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
ရုရှားနိုင်ငံမှာတော့ မင်္ဂလာဆောင်တဲ့နေ့ မိုးရွာတာနဲ့ပက်သက်ပြီး ဒီလိုမျိုး ယုံကြည်လက်ခံထားကြပေမယ့် တစ်ခြားသော နိုင်ငံတွေမှာတော့ မင်္ဂလာဆောင်တဲ့နေ့ မိုးရွာတာဟာ သတို့သမီးကို ကံဆိုးမှုတွေ ဖြစ်စေတယ်လို့လည်း အယူရှိကြပါတယ်။
၅။ စပျစ်သီး ၁၂ လုံးစားခြင်း (စပိန်၊မက္ကစီကို)
စပိန်လူမျိုး နဲ့ မက္ကစီကိုလူမျိုးတွေဟာ သူတို့ရဲ့နှစ်သစ်ကူးပွဲတော်မှာ စပျစ်သီး ၁၂ လုံးစားခြင်းဟာ တစ်နှစ်တာကာလပတ်လုံး ကံကောင်းခြင်းတွေနဲ့သာ ကြုံတွေ့ရမှာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
နှစ်သစ်ကူးပြောင်းတဲ့ ည ၁၂ နာရီ ခေါင်းလောင်းထိုးချိန် အတိအကျအတိုင်း စပျစ်သီး ၁၂ လုံးကို စားခြင်းဟာ ကံကောင်းမှုတွေနဲ့ အောင်မြင်ကျော်ကြားမှုတွေကို နှစ်သစ်မှာ ရစေနိုင်တယ်လို့ အယူရှိကြပါတယ်။
Source – ဟယ်လ်သင် (ဧရာဝတီ)