နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိ ကမ္ဘာ့အရှည်ဆုံး တူးမြောင်းကြီး ဂရန်း(ဒ်)တူးမြောင်း
စာဖတ်ပရိသတ်တို့ သိထားတာကတော့ တူးမြောင်းလို့ဆိုလိုက်ရင် ပနားမားတူးမြောင်းနဲ့ စူးအတ်တူးမြောင်းစတာတွေကို ကြားဖူးသိဖူးကြမှာပဲဖြစ်ပါတယ်။ အဲဒီတူးမြောင်းတွေဟာ မိုင် ၅၀ နဲ့ မိုင် ၁၂ဝ အသီးသီးရှည်လျားကြပါတယ်။
စီးပွားရေးအရသယ်ယူပို့ဆောင်ရေးမှာ အဓိကအရေးပါခဲ့တာကြောင့် သူတို့ရဲ့ နာမည်တွေဟာ ကျော်ကြားရခြင်းဖြစ်ပါတယ်။ နာမည်ကြီးပေမယ့် ဒီတူးမြောင်း ၂ ခုစလုံးဟာ ကမ္ဘာ့အရှည်ဆုံးတူးမြောင်း ၁၀ ခုစာရင်းမှာ မပါဝင်ပါဘူး။
အဲဒါကြောင့် နှစ်ပေါင်း ၂ဝဝဝ ကျော် သက်တမ်းရှိတဲ့ ကမ္ဘာ့အရှည်ဆုံးတူးမြောင်းအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
ထိုတူးမြောင်းကတော့ တရုတ်နိုင်ငံ ပေကျင်းမြို့ (Beijing) ကစပြီး ဟန်ကျိုးမြို့ (Hangzhou) မှာ ဆုံးတဲ့ ဂရန်း(ဒ်) (Grand) တူးမြောင်း ပဲဖြစ်ပါတယ်။ တရုတ် လူမျိုးတွေကတော့ Jing-Hung Grand Canal လို့ခေါ်ကြပါတယ်။
မြစ်ဝါမြစ် (Yellow River) နဲ့ ယန်စီမြစ် (Yangtze River) တို့ကို ဆက်စပ်ပေးတဲ့ တူးမြောင်းလည်းဖြစ်ပါတယ်။ အရှည်ကတော့ ၁၇၉၄ ကီလိုမီတာ (၁၁၁၅ မိုင်) ရှည်ပါတယ်၊
ကမ္ဘာ့အရှည်ဆုံးတူးမြောင်းဖြစ်သလို ရှေးအကျဆုံး တူးမြောင်းဆိုရင်လည်း မမှားပါဘူး။ ဘာလို့လဲဆိုတော့ ၎င်းတူးမြောင်းရဲ့တစ်ပိုင်းတစ်စဟာ ဘီစီ ၅ ရာစုဝန်းကျင်လောက်ကတည်းက တူးဖော်ပြီးဖြစ်လို့ပါ။
တည် ဆောက်ခိုင်းစေသူကတော့ ဝူနယ်မြေရဲ့ အရှင်သခင် ဘုရင် Fuchai ဖြစ်ပါတယ်။ ဒါပေမဲ့ ရှိပြီးသားတူးမြောင်းငယ်တွေကိုဆက်စပ်ပြီး တစ်ဆက်တည်းတူး မြောင်းကြီးဖြစ်ဖို့ တူးဖော်ခဲ့တာတော့ Sui မင်းဆက် ဘုရင် Yang ရဲ့လက်ထက် အေဒီ ၆ ရာစုနဲ့ ၇ ရာစု ကြားကာလမှာဖြစ်ပါတယ်။
ဘုရင် Yang ဟာ တောက် ပဲသီးနှံပေါကြွယ်ဝတဲ့ တရုတ်တောင်ပိုင်းရှိ နယ်တွေဆီ က အသီးအနှံတွေ မြို့တော်ပေကျင်းကို အမြန်ဆုံး ပို့ဆောင်နိုင်စေဖို့အတွက် ဒီလမ်းကြောင်းကို ဖောက်ခဲ့ ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ပွဲတွေဖြစ်တဲ့အခါမျိုးမှာ တပ်ကူတွေကိုလည်း ၎င်းရေလမ်းကြောင်းကတစ်ဆင့် အလျင်အမြန်ပို့လွှတ်နိုင်စေဖို့လည်း ရည်ရွယ်ခဲ့ပါ တယ်။
၎င်းတူးမြောင်းဖောက်လုပ်မှုကြောင့် ဘုရင် Yang ဟာလည်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ၎င်းတူးမြောင်းဖောက်လုပ်ရာမှာ သန်းနဲ့ချီတဲ့ အလုပ်သမားတွေကိုသုံးပြီး ၆ နှစ် ကြာတည်ဆောက်ခဲ့တဲ့အပြင် လယ်သမား သန်းပေါင်း များစွာကိုလည်း အတင်းအကျပ်ခိုင်းစေခဲ့လို့ဖြစ်ပါတယ်။
၎င်းလုပ်ငန်းခွင်မှာပဲ လူပေါင်းများစွာ ဆုံးပါး ပျက်စီးခဲ့ရပြီး တူးမြောင်းဖောက်လုပ်မှုကတော့ အေဒီ ၆ဝ၉ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ အေဒီ ၁၃ ရာစုနဲ့ ၁၇ ရာစုကြား တရုတ်မင်းဆက်တွေဟာလည်း တူးမြောင်းကို အဆင့်ဆင့်ထိန်းသိမ်းစောင့်ရှောက်ခဲ့ ကြပါတယ်။
မိုင် ၁ဝဝဝ ကျော်ရှည်လျားတဲ့ တူးမြောင်းရဲ့ အမြင့်ဆုံးနေရာကတော့ ရှန်ဒေါင်းပြည်နယ် (Shandong) မှာဖြစ်ပြီး အဲဒီနေရာမှာတော့ ပင်လယ် ရေမျက်နှာပြင်အထက် ၄၂ မီတာ (၁၃၈ ပေ) မြင့်ပါတယ်။
အကျယ်ကတော့ ပေ ၁ဝဝ ကနေ ပေ ၂ဝဝ အထိရှိပြီး အနက်ဆုံးနေရာတွေမှာ ၁၅ ပေ အထိနက် ပါတယ်။ရေအနိမ့်အမြင့်တွေ မတူညီပေမယ့် တူးမြောင်း အတွင်းမှာ သွားလာတဲ့သင်္ဘောတွေအတွက် ဒုက္ခတော့ မဖြစ်ခဲ့ပါဘူး။
အကြောင်းကတော့ သင်္ဘောတွေသွားလို့ရအောင် ရေပြင်အနိမ့်အမြင့်ကိုညှိပေးတဲ့ Pound lock တွေကို ၁ဝ ရာစုမှာကတည်းက တရုတ်အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ Qiao Weiyue က တီထွင်ခဲ့ပြီးဖြစ် ပါတယ်။
တူးမြောင်းဟာ တရုတ်နိုင်ငံရဲ့သမိုင်းတစ် လျှောက်မှာ အလွန်အရေးပါခဲ့ပါတယ်။ အဲဒီအပြင် ဂျပန်ဘုန်းတော်ကြီး Ennin (794-864)၊ ပါရှန်သမိုင်း ပညာရှင် Rashidal-Din (1247-1318)၊ ကိုရီးယားလူမျိုးအရာရှိ Choe Bu (1454-1504) နဲ့ အီတလီ သာသနာပြုခေါင်းဆောင် Matteo Ricci (1552- 1610) တို့က တူးမြောင်းအကြောင်းကို ရေးသားခဲ့ဖူး ကြပါတယ်၊
တစ်ချိန်က တစ်ဆက်တည်းရှိခဲ့တဲ့ တူးမြောင်းဟာ ယနေ့မှာတော့ တစ်ဆက်တည်းမရှိတော့ဘဲ အပိုင်း ၇ ခု ကွဲသွားခဲ့ပါပြီ။ အဲဒါတွေကတော့ Jiangnan တူးမြောင်း၊ Inner တူးမြောင်း၊ Lu တူးမြောင်း၊ အလယ်ပိုင်းတူးမြောင်း တောင်ပိုင်းတူးမြောင်း၊ မြောက် ပိုင်းတူးမြောင်းနှင့် Tonghui တူးမြောင်းဆိုပြီး ဖြစ်ပါ တယ်။
ကွဲသွားတဲ့အပိုင်းတွေမှာ သင်္ဘောများသွားလာ ခြင်း၊ သယ်ယူပို့ဆောင်ခြင်းတွေကို ယနေ့တိုင်လုပ် ဆောင်နေကြဆဲဖြစ်ပါတယ်။
နှစ်ပေါင်း ၂ဝဝဝ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ Grand တူးမြောင်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေ အနှစ်နေရာတစ်ခုအဖြစ် ၂၀၁၄ ခုနှစ်မှာထည့်သွင်း သတ်မှတ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ကောင်းစစ်ဟန်