ကမ္ဘာတစ်လွှား ထူးထူးခြားခြား ပြတိုက်များ

ကမ္ဘာတစ်လွှား ထူးထူးခြားခြား ပြတိုက်များ

ပြတိုက်ဟူသည့် ဝေါဟာရကို စိတ်ဝင်စားဖွယ်ကောင်းပြီး တန်ဖိုးမြင့်မားသည့် ပန်းချီ၊ ပန်းပု၊ အနုပညာ၊ သမိုင်း၊ သိပ္ပံ ဆိုင်ရာရုပ်ဝတ္ထုပစ္စည်းများကို စုဆောင်း၍ အများပြည်သူများအား ပြသသည့်အဆောက်အအုံဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။

ထို့ကြောင့် နိုင်ငံတစ်ခု၏ သမိုင်းကြောင်းကို သက်ဆိုင်ရာနိုင်ငံများ၏ အမျိုးသားပြတိုက်များတွင် မြင်တွေ့ကြပေသည်။

ပြတိုက်များသည် ပညာရေး၊ စိုက်ပျိုးရေး၊ ရှေးဟောင်းသုတေသန၊ သမိုင်းစသည်ဖြင့် အမျိုးအစား အများအပြားရှိသည့်အနက် မိမိတို့ဦးစားပေးသည့်ကဏ္ဍပေါ်မူတည်၍ ထူးခြားသော ပြကွက်များကြောင့် လာရောက် ကြည့်ရှုသူများအား ဆွဲဆောင်မှုပြုနေသည့် ပြတိုက်များကို နိုင်ငံအသီးသီး၌ မြင်တွေ့ကြရသည်။

၁။ ကျော်ကြားသူတို့၏ အတွင်းခံများပြတိုက် (Celebrity Lingerie Hall of Fame)

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်ရှိ ဟောလီးဝုဒ် အလံတင်သင်္ဘောအမည်ရှိ စတိုးဆိုင်ကြီး၏ အပေါ်ထပ်တွင် ဖွင့်လှစ်ထားသည့် ပြတိုက်သည် ထင်ပေါ်ကျော်ကြားသူများ၏ ပြောရခက်သည့်အရာများကို ပြသထားသည်။

ပြတိုက်တွင် ပြသထားသည့် ပစ္စည်းများတွင် Forrest Gump ဇာတ်ကားကို ရိုက် ကူးခဲ့စဉ် တွမ်ဟန့်ဝတ်ခဲ့သည့် အတွင်းခံဘောင်းဘီ၊ ဆယ်ကျော်သက်တို့ အသည်းစွဲ Beverly Hills ၏ အတွင်းခံ အသုံးအဆောင်များပါဝင်သည်။

ထို့အတူ ထူးခြားသည့် ပစ္စည်းများအဖြစ် Phyllis Diller ဝတ်ဆင်ခဲ့သည့်ဘရာစီယာကဲ့သို့သော အမျိုးသားများ ရယ်စရာအဖြစ် ဝတ်ဆင်သည့် အမျိုးသမီးအတွင်းခံ များလည်းပါဝင်သည်။

၁၉၉၂ ခုနှစ်က လော့စ်အိန်ဂျလိစ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုအတွင်း ပြတိုက်မှပစ္စည်းများ လုယူခြင်းခံခဲ့ရရာ မက်ဒေါနား တစ်ချိန်ကဝတ်ခဲ့သည့် ရွှေဘရာ စီယာ အခိုးခံခဲ့ရသည်။

မက်ဒေါနားသည် မိမိတောင်းဆိုသည့်အတိုင်း ချို့တဲ့သူများအား ကူညီသောအဖွဲ့သို့ ပြတိုက်က ဒေါ်လာ ၁၀၀၀၀ လှူဒါန်းရန် သဘောတူခဲ့ပြီးနောက် ဘရာစီယာတစ်ထည်ကို ပြန်လည်အစား ထိုးပေးခဲ့သည်။

၂။ ပေါင်မုန့်ပြတိုက် (The Bread Museum, Germany)

ဂျာမနီနိုင်ငံ၊ အောက်ပိုင်း ဆက်ဆိုနီရှိ ပေါင်မုန့် ပြတိုက်သည် ဥရောပတိုက်၏ ပေါင်မုန့်သမိုင်းကို ပြသသည့် ထူးခြားသော နေရာတစ်ခုဖြစ်သည်။ ပြတိုက်သည် လှီးထားသည့် အကြီးဆုံးသော ပေါင်မုန့်ချပ် တစ်ခုမဟုတ်သော်လည်း ကမ္ဘာပေါ်တွင်လူသားများ အစားဆုံး အစာတစ်ခုဖြစ်သည့် ပေါင်မုန့်အကြောင်းကို လေ့လာနိုင်သည်။

ပြတိုက်အတွင်း ပြကွက်ပေါင်း ၁၈ဝဝဝ ခင်းကျင်းထားကာ နှစ်ပေါင်း ၆၀၀၀ သက်တမ်းရှိခဲ့ပြီဖြစ်သည့် ပေါင်မုန့်၏ သမိုင်းကြောင်းကိုမြင်တွေ့ နိုင်ကြသည်။

နှစ်ထောင်ပေါင်းများစွာက အသုံးပြုခဲ့သည့် မုန့်ဖိုများအပါအဝင် ရှေးဟောင်းပစ္စည်းများနှင့် နည်းပညာများ၊ ယဉ်ကျေးမှုတိုးတက်လာမှုများကို မြင်တွေ့ရမည်
ဖြစ်သော်လည်း ပြတိုက်အတွင်း မည်သည့်ပေါင်မုန့် တစ်ချပ်ကိုမျှ မြင်တွေ့ရမည် မဟုတ်ပါချေ။

၃။ ဆံပင်ပြတိုက် (Avanos Hair Museum, Turkey)

တူရကီနိုင်ငံရှိ သဘာဝဂူများကို လိုက်လံရှာဖွေသူတစ်ဦးသည် အာဗာနိုစ်ဆံပင်ပြတိုက်ကို ခလုတ်တိုက် မိပေလိမ့်မည်။

ဆံပင်ပြတိုက်သည် ဂူတစ်လုံးဖြစ်ပြီး ဂူနံရံနှင့် မျက်နှာကြက်များသည် ဆံပင်အတွဲများ၊ အထုံးများဖြင့် ပြည့်နေသော်လည်း ကျောချမ်းဖွယ်ပြတိုက်တစ်ခုကား မဟုတ်ချေ။

Potter Chez Galip ဆိုသူက အမျိုးသမီး ၁၆၀၀၀ ၏ ဆံပင်များကိုအသုံးပြုကာ ဆံပင်ပြတိုက် ကို ပြုလုပ်ခဲ့သည်။ ပြတိုက်ဂူအတွင်းရှိ ဆံပင်များကို သတိထားကြည့်ပါက ဆံပင်အတွဲ၊ အထုံးတစ်ခုစီတွင် ဆံပင်ပိုင်ရှင် အမျိုးသမီး၏အမည်နှင့် နေရပ်လိပ်စာကို တွေ့ရှိနိုင်ပေသည်။

၄။ ခွေးလည်ပတ်ပြတိုက်(The Dog Collar Museum, England)

ကမ္ဘာတစ်လွှားမှ ခွေးချစ်သူများသည် အင်္ဂလန်နိုင်ငံ၊ လိဒ်စ်မြို့ရှိ လိဒ်စ်ရဲတိုက်သို့လာရောက်ကာ ခွေးများနှင့်ဆက်စပ်နေသည့် ထူးခြားသည့် ပစ္စည်းပေါင်း ၁ဝဝ ကျော်ကို လာရောက်ကြည့်ရှုလေ့ရှိသည်။

အထူးသဖြင့် ယင်းပြတိုက်တွင် ခွေးလည်ပတ် ၁ဝဝ ကျော် ကို ပြသထားသည်။
ခွေးလည်ပတ်ပြတိုက်သည် ရဲတိုက်ကို နောက်ဆုံး ပိုင်ဆိုင်ခဲ့သည့် ခွေးချစ်သူပိုင်ရှင်များကြောင့် ပေါ်ထွန်း လာခဲ့သည်။

ခေတ်ဦးပိုင်းက ခွေးမွေးခဲ့သည့် လူသားများသည် ၁၅ ရာစုနှင့် ၁၆ ရာစုတွင် ခွေးများကို လည်ပတ်များ စတင်ပတ်ပေးခဲ့ကြရာမှ ခွေးမွေးသူများသည် ခွေးလည်ပတ်များကို စိတ်ဝင်စားခဲ့ကြသည်။

ခွေးများအား လည်ပတ် ပတ်ပေးထားခြင်းကို လှပတင့်တယ်သည်ဟု ယူဆခဲ့ကြသည်။ ခွေးလည်ပတ်အချို့တွင် အခြားခွေးများနှင့် ရန်သူများကိုက်ခြင်းမှကာကွယ်ရန် သံဆူးများ တပ်ဆင်ထားပုံကို မြင်တွေ့နိုင်ကြပေသည်။

၅။ အသင့်စား ခေါက်ဆွဲပြတိုက် (Momofuku Ando Instant Ramen Museum, Japan)

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင်ဖွင့်လှစ်ထားသည့် အသင့်စားခေါက်ဆွဲပြတိုက်၏ အမည်သည် အသင့်စားအစားအစာများကို ကနဦး ဖန်တီးခဲ့သူ မိုမိုဖူကူအန်ဒို၏ ပြတိုက်ကို နစ်စ်စင် စားသောက်ကုန်လုပ်ငန်းက တည်ထောင်ခဲ့သည်။

ပြတိုက်အတွင်း မိုမိုဖူကူအန်ဒို၏သမိုင်းနှင့် အသင့်စားနိုင်သည့် ခေါက်ဆွဲအပါအဝင်အစားအစာများကို ပြသထားသည်။ ပြတိုက်သို့ လာရောက်ကြသူများသည် မိမိတို့ကိုယ်တိုင် အသင့်စားခေါက်ဆွဲများ စွပ်ပြုတ်များကို ပြုလုပ်နိုင်ကြသည်။

အချိန်မရသူများ၊ ငွေကြေးသက်သာလိုသူများအတွက် အသင့်စားခေါက်ဆွဲများကို အလွယ်စားသုံးနိုင်ကြသည်။ ပူနွေး၍ အရသာရှိသော ခေါက်ဆွဲပြုတ်ကို မနှစ်သက်သူ မရှိနိုင်ကြောင်း ပြသရန် ပြတိုက်က လာရောက်သူတိုင်းကို ကိုယ်တိုင်စားသုံးစေသည်။

ပြတိုက်ရှိ မီးဖိုခန်းတွင် ကြက်သားနံ့မွှေးနေသည့် ခေါက်ဆွဲပြုတ်ကို ကိုယ်တိုင်ပြုတ်၍ စားသုံးနိုင်ကြစေရန် ပြတိုက်က စီစဉ်ထားရှိသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဈေးသက်သာသည့် အသင့်စားအစားအစာများသည် ဂျပန်နိုင်ငံတွင် များစွာဖွံ့ဖြိုးတိုးတက်ခဲ့သည်။

ယခုအခါတွင် ယင်းအသင့်စားခေါက်ဆွဲခြောက်ထုပ်များသည် ကုန်စုံဆိုင်တိုင်းတွင် နေရာယူထားကြပြီဖြစ်ပေသည်။ ကမ္ဘာတစ်လွှားပြတိုက်များသည် မိမိတို့ပြတိုက်သို့ လာရောက်ကြည့်ရှုသူ များပြားစေရန် နည်းမျိုးစုံဖြင့် ဆွဲဆောင်လျက်ရှိကြရာ စိတ်ဝင်စားဖွယ်ကောင်းသည့် ထူးခြားသော ပြတိုက်များသည် ဆက်လက်ပေါ်ထွက် နေဦးမည်ဖြစ်ပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *