ရွှေတွေ ဘယ်ကလာသလဲ ဆိုတာ
အလယ်ခေတ်တုန်းက အဂ္ဂိရတ်ဆရာတွေဟာ ခဲသတ္တုကို ရွှေဖြစ်အောင် အပြင်းအထန် ကြိုးပမ်းခဲ့ကြတယ်။ မဖြစ်နိုင်တာကို ကြိုးစားနေသူတွေအဖြစ် သမိုင်းက ပုံဖော်ခဲ့ပေမဲ့ တကယ်တော့ သူတို့ကြံရွယ်ခဲ့တာဟာ တကယ်ဖြစ်နိုင်တဲ့ကိစ္စပါ။
ဟုတ်ပါတယ် ယနေ့ခေတ်မှာ ရွှေကို လုပ်ယူလို့ရနေပါပြီ။ ရှေးလူတွေ သိမသွားခဲ့တဲ့ ယနေ့ခေတ် သိပ္ပံပညာတွေကြောင့် ရွှေကို လုပ်ယူနိုင်ခဲ့ပါပြီ။ ပထမဆုံးသိသင့်တာက ဒီအဖိုးတန်သတ္တုဟာ ကျွန်တော်တို့ ကမ္ဘာမြေထဲမှာ ဘယ်လိုပေါ်လာခဲ့တာလဲ?
ကောင်းကင်က ကြယ်တွေကို မျှော်ကြည့်လိုက်ပါ။ ရွှေဟာ ဒီကြယ်တာရာတွေကနေ လာတာပါ။ ကျောက်တုံးတွေကနေ သူ့ဘာသာ ထွက်လာတာ မဟုတ်ပါဘူး။
အာကာသထဲမှာ အသွင်ပြောင်းလာပြီး Supernovae လို့ ခေါ်တဲ့ ကြယ်တာရာ ပေါက်ကွဲမှုတွေကနေ ကမ္ဘာပေါ်ကို ရောက်ရှိလာတာပါ။ ကြယ်တွေဟာ ရိုးရှင်းပေါ့ပါးဆုံးအရာဖြစ်တဲ့ ဟိုက်ဒရိုဂျင်နဲ့ အများဆုံးပြုလုပ်ထားတာပါ။
အားကောင်းလှတဲ့ ဆွဲငင်အားတွေကြောင့် ကြယ်ရဲ့ဗဟိုမှာ အနုမြူပေါင်းစည်းမှုတွေ ဖြစ်ပေါ်လာပြီး ဟိုက်ဒရိုဂျင်မှ စွမ်းအားတွေထွက်လာကာ ကြယ်တာရာဟာ ထွန်းလင်းတောက်ပလာပါတယ်။
လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာ ဖိအားပေးခံရတဲ့ ဟိုက်ဒရိုဂျင်တွေဟာ ပိုမိုလေးလံတဲ့ ဟီလီယမ် ကာဗွန်နဲ့ အောက်စီဂျင်တွေ ဖြစ်လာပါတယ်။ နောက်ထပ် ဖိအားနဲ့ အပူတွေကြောင့် သံနဲ့ ကြေးနီတွေ ဖြစ်လာပြန်ပါတယ်။
သို့သော် ဗဟိုမှာ အက်တမ် ပူးပေါင်းမှု ကုန်ဆုံးသွားတဲ့အခါမှာတော့ အတွင်းက စွမ်းအင်ပျောက်သွားပြီး အပြင်လွှာဟာ အတွင်းကို ကျွံ၀င်လာပါတယ်။ အဲ့သည့်နောက်မှာ ရုတ်တရက် အပြင်ကို ပြန်ကန်ပြီး ကြယ်တာရာပေါက်ကွဲမှု ဖြစ်ပါတော့တယ်။
ပေါက်ကွဲမှုအရှိန်ဟာ သိပ်ကိုကြီးမားတာကြောင့် protons နဲ့ electrons တွေ ပူးသွားပြီး neutrons တွေ ဖြစ်လာပါတယ်။ neutrons ဟာ တွန်းကန်တဲ့ လျှပ်စစ်ဖိုမဓာတ် မရှိတာကြောင့် သံသတ္တုတွေက အလွယ်တကူ ဖမ်းယူပါတော့တယ်။
neutrons တွေအများကြီး ဖမ်းမိထားတဲ့ သံသတ္တုဟာ တဖြည်းဖြည်းလေးလံလာပြီး သာမန်အခြေအနေမျိုးမှာ မဖြစ်နိုင်တဲ့ ငွေ မှ ရွှေခဲ နဲ့ ယူရေနီယမ် တို့အထိ ပြောင်းလဲလာပါတော့တယ်။
ဟိုက်ဒရိုဂျင်မှ ဟီလီယံသို့ပြောင်းရာမှာ နှစ်သန်းပေါင်းများစွာ ကြာပေမဲ့ ကြယ်တာရာပေါက်ကွဲမှုနဲ့ သတ္တုတွေ ဖန်တီးမှုကတော့ စက္ကန့်ပိုင်းသာ ကြာပါတယ်။ ဒါဆို ရွှေတွေက ဘာဆက်ဖြစ်သွားသလဲ?
များစွာသော အရာ၀တ္တုတွေဟာ ကြယ်တာရာပေါက်ကွဲမှုကြောင့် အာကာသတွင်းကို လွင့်စင်သွားကြပါတယ်။ လွင့်စင်လာတဲ့ အမှုန်တွေ အငွေ့တွေဟာ နီးစပ်ရာတွင် ပြန်လည်ပေါင်းစည်းပြီး ကြယ်နဲ့ ဂြိုလ်အသစ်တွေ ဖြစ်လာပြန်ပါတယ်။
ကမ္ဘာ့ရွှေတွေဟာလည်း ကမ္ဘာမြေကြီးရဲ့အပူ လှုပ်ရှားမှုတွေနဲ့အတူ ရွှေကြောကြီးတွေအဖြစ် တည်ရှိလာခဲ့ပါတယ်။ နှစ်သန်းထောင်ပေါင်းများစွာအကြာမှာတော့ လူတွေက ရွှေကို တူးဖော်ရယူပါတယ်။
ရှားပါးတဲ့သတ္တုမို့ ခက်ခက်ခဲခဲ တူးဖော်ရယူနေကြပါတယ်။ ဘယ်လောက်တောင် ရှားသလဲဆိုရင် တကမ္ဘာလုံးက လူတွေပိုင်သမျှ ရွှေတွေပေါင်းရင်တောင် အိုလံပစ်ရေကူးကန် သုံးကန်စာပဲ ရှိပါသေးတယ်။
ထုထည်ကို ပြောတာပါ။ အလေးချိန်ကတော့ ရေထက် အဆနှစ်ဆယ်လောက် လေးပါတယ်။ ဆိုတော့ကာ ရွှေကို ကိုယ့်ဘာသာကို ထုတ်လုပ်လို့ မရဘူးလား။ ရပါတယ်။
အမှုန်ရွေ့လျားစက်ကြီးတွေနဲ့ ကြယ်တွေမှာ ဖြစ်သလိုမျိုး အနုမြူဓာတ်ပြုမှုတွေ ပုံစံတူပြုလုပ်ပြီး ရနိုင်ပါတယ်။ ဒါပေမဲ့ ရွှေအက်တမ် တစ်ခုချင်းစီ တည်ဆောက်ရမှာမို့ ရွှေတစ်ဂရမ်လေးရဖို့တောင် စတြာ၀ဠာ တစ်သက်စာလောက် ကြာသွားပါလိမ့်မယ်။
ထုတ်လုပ်မှု စရိတ်ကလည်း လက်ရှိရွှေစျေးထက် အဆမတန်မြင့်လွန်းတာကြောင့် လက်တွေ့မှာ မဖြစ်နိုင်တဲ့ အနေအထားတစ်ခုပါ။ ဒါပေမယ့် မပူပါနဲ့၊ ကမ္ဘာမြေကြီးထဲက ရွှေတွေ တူးစရာမကျန်တော့ရင်တောင် တခြားနေရာတွေမှာ ရှာနိုင်ပါသေးတယ်။
သမုဒ္ဒရာရေထဲမှာ ခန့်မှန်းရွှေတန်ချိန် သန်းနှစ်ဆယ်ခန့် ပျော်၀င်နေပါတယ်။ သို့သော် ပါ၀င်မှုနှုန်း အရမ်းနည်းလို့ ရှာရခက်ခဲပြီး ကုန်ကျစရိတ်အတော်များမှာပါ။ တစ်နေ့ကျရင်တော့ ကျွန်တော်တို့တွေဟာ ရွှေနဲ့ တခြားသတ္တုတွေကို တခြားဂြိုလ်တွေမှာပါ သွားရှာကြလိမ့်မယ်။
ဘယ်သူတပ်အပ်ပြောနိုင်မလဲ။ အနာဂတ်မှာ ကြယ်တာရာတစ်ခု ကျွန်တော်တို့နားမှာ လာပေါက်ကွဲပြီး ရတနာရွှေမိုးငွေမိုးရွာသွန်းနိုင်တာပဲ။ ပေါက်ကွဲတဲ့အထဲ ကမ္ဘာကြီးပါ ပါမသွားဖို့တော့ ဆုတောင်းရမှာပေါ့။
Crd:David Lunney
Via:Sooth