ကမ္ဘာပေါ်တွင် ထိရောက်မှုအပြင်းထန်ဆုံး တင့်ဖျက်ဒုံးကျည်များ

ကမ္ဘာပေါ်တွင် ထိရောက်မှုအပြင်းထန်ဆုံး တင့်ဖျက်ဒုံးကျည်များ

AGM-114R၊ Spike၊Javelin နှင့် Red Arrow 12 ကဲ့သို့သော ခေတ်မီတင့်ဖျက်ဒုံးကျည်များသည် ၎င်းတို့၏ ပစ်မှတ်လမ်းကြောင်းများတွင် ရှိနေသည့် အကြီးစားသံချပ်ကာတင့်ကားကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းရည်များဖြင့် စစ်ဘက်တပ်ဖွဲ့များကို အထောက်အကူ ပြုလျက်ရှိသည်။

စစ်ဘက်နည်းပညာကုမ္ပဏီများသည် တိကျသော ပစ်ခတ်နိုင်စွမ်းနှင့် တပ်ဖြန့်ချထားနိုင်စွမ်းရှိမှုတို့အပေါ် အခြေခံ၍ လက်ရှိအသုံးပြုနေသော ခေတ်အမီဆုံးတင့်ဖျက်ဒုံးကျည်များကို အမည်စာရင်းပြုစုထားရှိသည်။

၁။ AGM-114R HELLFIRE II Romeo

AGM-114R ဘက်စုံသုံး HELLFIRE II တင့်ဖျက်ဒုံးကျည်ကို အမေရိကန်နိုင်ငံအခြေစိုက် Lockheed Martin ကုမ္ပဏီက သုတေသနပြု ထုတ်လုပ်ခဲ့ပြီး HELLFIRE II ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များ၏ မျိုးနွယ်တူ နောက်ဆုံးပုံစံဖြစ်သည်။

အဆိုပါ HELLFIRE II Romeo သည် အရှည် ၁၆၃ စင်တီမီတာနှင့် အချင်း ၁၇ ဒသမ ၈ စင်တီမီတာရှည်လျားပြီး အလေးချိန် ၄၉ ဒသမ ၄ ကီလိုဂရမ်ရှိသည်။ ၎င်းဒုံးကျည်တွင် Semi-active laser(SAL) ရန်သူ့ပစ်မှတ်ကို အာရုံခံရှာဖွေနိုင်သော လေဆာစနစ် တပ်ဆင်ထားပြီး

ပစ်မှတ်အမျိုးမျိုးကို ချေမှုန်းတိုက် ခိုက်ရန်အတွက် မပစ်လွတ်မီ စောင့်ကြည့်ရေးစနစ် (Lock on Before Launch-LOBL)၊ သို့မဟုတ် ပစ်လွှတ်ပြီးနောက် စောင့်ကြည့်ရေးစနစ် (Lock-on Alter Launch) များကို တပ်ဆင်အသုံးပြုလျက်ရှိသည်။

၎င်းဒုံးကျည်ကို ရဟတ်ယာဉ်များ၊ ဂျက်လေယာဉ်များ၊ မြေပြင်အခြေစိုက် သုံးချောင်းထောက်များ၊ ယာဉ်များနှင့် သင်္ဘောများမှ ပစ်လွှတ်နိုင်သည်။ HELLFIRE II Romeo သည် ဘက်စုံသုံး ဒုံးကျည်ထိပ်ဖူးတစ်စင်းကို တပ်ဆင်၍ အကွာအဝေး ၈ ကီလိုမီတာအထိ ပစ်ခတ်ရောက်ရှိနိုင်သည်။

၂။ Spike-MR/LR/ER တင့်ဖျက်နှင့်ဘက်စုံသုံးဒုံးကျည်

SPIKE အမျိုးအစား စတုတ္ထမျိုးဆက် တင့်ဖျက်နှင့်ဘက်စုံသုံး ဒုံးကျည်များကို Rafael အဆင့်မြင့်ကာကွယ်ရေး စနစ်ကုမ္ပဏီ၊ Diehi BGT ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီနှင့် Rheinmetall ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတို့ပူးပေါင်းထားသော Eurospike ကုမ္ပဏီက သုတေသနပြု ထုတ်လုပ်ထားသည်။

အဆိုပါ Spike ဒုံးကျည်အမျိုးအစားတွင် ပုံစံ ၃ မျိုးရှိပြီး အမည်အားဖြင့် Spike-MR တာလတ်ပစ်ဒုံးကျည်၊ LR တာဝေးပစ်ဒုံးကျည် နှင့် ER တိုးချဲ့ပစ်ဒုံးကျည်တို့ဖြစ်သည်။

Spike-MR ဒုံးကျည်သည် ပခုံးထမ်း ပစ်ခတ်နိုင်သော ဒုံးပစ်လောင်ချာတစ်မျိုးဖြစ်ပြီး အကွာအဝေး ၂၀၈ မီတာနှင့် ၂၅၀၀ မီတာ အတွင်းရှိ ပစ်မှတ်များကို တိကျစွာပစ်ခတ်နိုင်ကာ အကွာအဝေး ၂၀၀ မီတာနှင့် ၄၀၀၀ မီတာအကြားရှိ မြေပြင်အခြေ စိုက်သုံးချောင်းထောက်နှင့် အပေါ့စားတိုက်ခိုက်ရေးယာဉ်များမှ ပစ်လွှတ်တိုက်ခိုက်နိုင်သည်။

Spike-ER ဒုံးကျည်အား အကွာအဝေး ၈ ကီလိုမီတာအတွင်းရှိ တင့်ကားများကို တိုက်ခိုက်ချေမှုန်းရန်နှင့် မြေပြင်သွားယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ရေတပ်သုံးရဟတ်ယာဉ်များမှ ပစ်လွတ်တိုက်ခိုက်နိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသည်။

ထိုဒုံးကျည်များတွင် ပေါက်ကွဲအားပြင်းယမ်းများ၊ တင့်ဖျက်ဒုံးကျည်ထိပ်ဖူးနှင့် တိကျမှန်ကန်မှုအတွက် လျှပ်စစ်မြင်စွမ်းအား ရှာဖွေရေးကိရိယာတစ်မျိုးကို တပ်ဆင်ထားရှိသည်။

၃။ Javelin တင့်ဖျက်ပဲ့ထိန်းဒုံးကျည်

Javelin သည် ကာလတ်ပစ် တင့်ဖျက်ပဲ့ထိန်းဒုံးကျည် တစ်မျိုးဖြစ်ပြီး Raytheon စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီနှင့် Lockheed Martin ကုမ္ပဏီတို့မှ ဖွဲ့စည်းထူ ထောင်ထားသည့် Javelin ပူးတွဲကုမ္ပဏီက သုတေသနပြု ထုတ်လုပ်ထားသည်။

လက်ရှိအချိန်တွင် Javelin ဒုံးကျည်သည် အမေရိကန်စစ်ဘက်တွင် တပ်တော်သွင်း အသုံးပြုလျက်ရှိပြီး အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် တိုက်ပွဲဝင်စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ Javelin ဒုံးကျည်ကို ကမ္ဘာ့အကောင်းဆုံး ပခုံးထမ်းပစ်ခတ်နိုင်သော တင့်ဖျက်လက်နက်စနစ်တစ်မျိုးအဖြစ် သတ်မှတ်ရန် စဉ်းစားသုံးသပ်လျက်ရှိသည်။

လက်ရှိအချိန်၌ အမေရိကန်နိုင်ငံ၏ ပြည်ပစစ်လက်နက်ရောင်းချရေး အစီအစဉ်အောက်တွင် နိုင်ငံ ၁၂ နိုင်ငံက Javelin ဒုံးကျည်များကို စစ်ဆင်အသုံးပြုလျက်ရှိသည်။

Javelin သုံးကျည်သည် တင့်ကားများ၊ ကတုတ်ကျင်းများ၊ အဆောက်အအုံများ ရေယာဉ်ငယ်များနှင့် အနိမ့်ပျံရဟတ်ယာဉ်များကို တိုက်ခိုက်ဖျက်ဆီးနိုင်သည့် လှိုင်းနှုန်းရှည် အနီအောက်ရောင်ခြည် ရှာဖွေရေးစနစ် (Long-wave infrared-LWIR) ကို အသုံးပြုထားသည်။

Javelin ဒုံးကျည်ကို သုံးချောင်းထောက်များ၊အပေါ့စားသံချပ်ကာယာဉ်များနှင့် ကုန်တင်ကားများမှပစ်လွှတ်နိုင်သည်။ ၎င်းဒုံးကျည်သည် အကွာအဝေး ၂၅ဝဝ မီတာရှိ ပစ်မှတ်များကို ရောက်ရှိပစ်ခက်နိုင်သည်။

ယခုဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲတွင် ရုရှားတင့်ကားများ အလူးအလဲ ခံရအောင် အစွမ်းပြနေသည့် လက်နက်စနစ်ဖြစ်သည်။

၄။ HJ-12 (Red Arrow12) တင့်ဖျက်ဒုံးကျည်

HJ-12 သည် China North စက်မှု လုပ်ငန်းများ ကော်ပိုရေးရှင်းက သုတေသနပြုထုတ်လုပ်ခဲ့သော တတိယမြောက်မျိုးဆက် တင့်ဖျက်ဒုံးကျည်တစ်မျိုးဖြစ်သည်။ ၎င်းဒုံးကျည်ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သော ၁၀ ကြိမ်မြောက် တရုတ်နိုင်ငံတကာလေကြောင်းနှင့် အာဏာသပြပွဲအတွင်း ထုတ်ဖော်ပြသခဲ့ သည်။

အလေးချိန် ၁၇ ကီလိုဂရမ်ရှိသည့် အဆိုပါ ပခုံးထမ်းဒုံးကျည်ကို သုံးချောင်းထောက်တစ်ခုတွင် တပ်ဆင်၍ တပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်နိုင်သည်။ အဆိုပါ ဒုံးကျည် သည် တင့်ကားများ၊ ကတုတ်ကျင်းများ၊ရေယာဉ်ငယ်များနှင့် အနိမ့်ပျံ ရတတ်ယာဉ်များကဲ့သို့ ပစ်မှတ်များကို တိုက်ခိုက်ရန် HEAT ဒုံးကျည်ထိပ်ဖူးရှည်တစ်ခုကို သယ်ဆောင်နိုင်စွမ်းရှိသည်။

၎င်းဒုံးကျည်ထိပ်ဖူးသည် ပေါက်ကွဲမှုဒဏ်ကို ခံနိုင်သော ၁၁၀၀ မီလီမီတာရှိ သံချပ်ကာအထူကို ထိုးဖောက်နိုင်စွမ်းရှိသည်။

၅။ BGM-71 TOW တင့်ဖျက်ဒုံးကျည်

ပြွန်မှပင်လွှတ်ခြေရာခံ အသုံးပြုနိုင်သော ကြိုးမဲ့ပဲ့ထိန်း ဒုံးကျည်စနစ် TOW သည် Raytheon စစ်လက်နက်ကုမ္ပဏီက သုတေသနပြု ထုတ်လုပ်ထားသော တင့်ဖျက်နှင့် တိကျသော ချေမှုန်းရေးဒုံးကျည် စနစ်တစ်မျိုးဖြစ်သည်။ အဆိုပါ TOW ဒုံးကျည်စနစ်ကို နိုင်ငံပေါင်း ၄၀ ကျော်ရှိ စစ်ဘက်တပ်ဖွဲ့များကအသုံးပြုလျက်ရှိပြီး မြေပြင်သွားယာဉ်နှင့် ရဟတ်ယာဉ်ကဲ့သို့သော ယာဉ်ပေါင်း ၁၅ဝဝဝ ကျော်တွင် တပ်ဆင်ထားသည်။

အမေရိကန်စစ်ဘက်သည် ၎င်းဒုံးကျည်စနစ်ကို StrykenBradley နှင့် HMMWV သံချပ်ကာယာဉ်များကဲ့သို့ အမျိုးအစားများပေါ်တွင် ကျယ်ပြန့်စွာ တပ်ဖြန့်ချထားသည်။ နောက်ဆုံးသော TOW ဒုံးကျည်ပုံစံများသည် ဝါယာပဲ့ထိန်းစနစ်တစ်ခု၏ နေရာ တွင် ရေဒီယိုကွပ်ကဲမှု ဆက်သွယ်ရေးစနစ်တစ်ခုကို အသုံးပြုထားသည်။ ၎င်းဒုံးကျည်တွင် ပေါက်ကွဲအားပြင်းသော ဒုံးကျည်ထိပ်ဖူးများ တပ်ဆင်ထားသည်။

၎င်းဒုံးကျည်အား မြေပြင်အခြေစိုက် သုံးချောင်းထောက်များ၊ ယာဉ်များနှင့် ရဟတ်ယာဉ်များမှ အကွာအား ၄ ဒသမ ၅ ကီလိုမီတာအထိ ရောက်ရှိပစ်ခတ်နိုင်သည်။

၆။ UMTAS တင့်ဖျက်ဒုံးကျည်

UMTAS သည် တူရကီနိုင်ငံပိုင် Roketsan လက်နက်ကုမ္ပဏီက သုတေသနပြုထုတ်လုပ်သော တာဝေးပစ် တင့်ဖျက်ဒုံးကျည်စနစ်တစ်မျိုးဖြစ်သည်။ ၎င်းဒုံးကျည် အား မူလတွင်T129 ATAKနှင့် AH.1W Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပစ်ခတ်တိုက်ခိုက်ရန်အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည်။

မောင်းသူမဲ့လေယာဉ်၊ အပေါ့စား သံချပ်ကာယာဉ်များ၊ လေကြောင်းအနီးကပ် အထောက်အကူပြု လေယာဉ်များနှင့် ရေတပ်သုံးယာဉ်များတွင် တပ်ဆင်အသုံးပြုလျက်ရှိသည်။

အရေးချိန် ၃၇ ဒသမ ၅ ကီလိုဂရမ်ရှိ UMTAS ဒုံးကျည်အား ဒုံးကျည် ၄ စင်း တပ်ဆင်နိုင်စွမ်းရှိသော ပစ်လွှတ်မှု ပြွန် ၄ ခုပါ လောင်ချာတစ်ခုကို အသုံးပြု၍ ရဟတ်ယာဉ်များပေါ်တွင် တပ်ဆင်နိုင်သည်။

၎င်းဒုံးကျည်စနစ်သည် အကာအကွယ်တစ်ခုနောက်တွင် ပုန်းအောင်းနေသော အကြီးစားသံချပ်ကာယာဉ် မည်သည့်အမျိုးအစားကိုမဆို ထိရောက်စွာ ပစ်ခတ်နိုင်သော HEAT ဒုံးကျည်ထိပ်ဖူးတစ်ခုကို တပ်ဆင်ပစ်ခတ်နိုင်စွမ်းရှိပြီး အကွာအဝေး မီတာ ၁၀၀ အတွင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်စွမ်းရှိသည်။

အချုပ်ဆိုရသော် တင့်ဖျက်ပဲ့ထိန်းဒုံးကျည်များသည် အကြီးစားသံချပ်ကာယာဉ်များကို တိုက်ခိုက်ဖျက်ဆီးရန် ရည်ရွယ်ထုတ်လုပ်ထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် ၎င်းဒုံးကျည်စနစ်များသည် တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ ကတုတ်ကျင်းများ၊ ရေယာဉ်ငယ်များနှင့် အနိမ့်ပျံသန်းနေသော ရဟတ်ယာဉ်များကို တိုက်ခိုက်ဖျက်ဆီးနိုင်ပြီး ကမ္ဘာပေါ်တွင် ထိရောက်မှုအကောင်းဆုံး လက်နက်စနစ်တစ်မျိုးဖြစ်သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် နိုင်ငံတကာရှိ စစ်ဘက်တပ်ဖွဲ့ပေါင်းများစွာသည်လည်း ထိုဒုံးကျည် စနစ်ကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး အများစုမှာ တပ်ဖွဲ့ဝင် တစ်ဦးတည်းဖြင့် အသုံးပြုတိုက်ခိုက်နိုင်စွမ်း ရှိသည်ကို တွေ့ရှိရ သည်။

သို့ဖြစ်၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် ဖျက်စွမ်းအားပြင်း လက်နက်စနစ်များကို ခေတ်မီအောင် သုတေသနပြုထုတ်လုပ်လျက်ရှိစဉ်မှာပင် အခြားဒေသတွင်းနိုင်ငံများကလည်း အဆိုပါဒုံးကျည်စနစ်များကို အများအပြားဝယ်ယူက စစ်ဆင်အသုံးပြု လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

Credit-Author;မောင်ဉာဏ်
သုတကမ္ဘာ

Leave a Reply

Your email address will not be published. Required fields are marked *