နာမည်ကျော် Bayraktar TB2 မောင်းသူမဲ့လေယာဉ်အကြောင်း တစေ့တစောင်း
ယူကရိန်းစစ်တပ်က ကျူးကျော်လာတဲ့ ရှရှားစစ်ယာဉ်တန်းတွေကို ခြေမှုန်းရာမှာ တူရကီနိုင်ငံထုတ် Bayraktar TB2 မောင်းသူမဲ့လေယာဉ်ဟာ အင်မတန်အသုံးတည့်ကြောင်း တွေ့ရပါတယ်။
ရှရှားစစ်ယာဉ်တန်းဟာ ယူကရိန်းမြို့တော်၊ ကိယက်ဗ်မြို့ကို သိမ်းပိုက်ဖို့ ဦးတည်လာခဲ့ပေမဲ့ ထင်သလောက် ခရီးမပေါက်ခဲ့တာလည်း Bayraktar TB-2 မောင်းသူမဲ့လေယာဉ်တွေရဲ့ အစွမ်းကြောင့်ဖြစ်ပါပါတယ်။
Bayraktar TB2 မောင်းသူမဲ့လေယာဉ်
Bayraktar TB2 မောင်းသူမဲ့လေယာဉ်ဟာ အလယ်အလတ် အမြင့်ပျံလေထဲတွင် ကြာရှည် ပျံသန်းနိုင်စွမ်းရှိသော (MALE) မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ် (UCAV) အမျိုးအစားဖြစ်ပြီး တူရကီကုမ္ပဏီ Baykar Defence ကနေ ၂၀၁၄ ခုနှစ်မှာ တီထွင်၊ ဒီဇိုင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
အဆိုပါ မောင်းသူမဲ့လေယာဉ်ကို လက်နက်တပ်ဆင် အသုံးပြုခြင်းများအပါအဝင် မြေပြင်ထိန်းချုပ်ရေးစခန်းရှိ လေယာဉ်အမှုထမ်းများက စောင့်ကြည့်၊ ထိန်းချုပ်လုပ်ဆောင်နိုင်တဲ့ နည်းဗျူဟာမြောက် မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
လေယာဉ်ပိုင်းဆိုင်ရာ စတင်ထုတ်လုပ်ခဲ့စဉ်က နည်းပညာပိုင်းဆိုင်ရာ ဆပ်စပ်ပစ္စည်းများဖြစ်သည့် အင်ဂျင်များနှင့် အာရုံခံကိရိယာများ၊ အီလက်ထရောနစ်ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများကို ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့ကနေ မှာယူတပ်ဆင် အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အင်ဂျင်ထုတ်လုပ်သော Rotax ကုမ္ပဏီပိုင်ရှင် Bombardier ဟာ ၎င်းရဲ့ အပျော်စီးလေယာဉ်အင်ဂျင်များကို စစ်ဘက်မှာ အသုံးပြုသောကြောင့် တူရကီနိုင်ငံသို့ အင်ဂျင်တင်ပို့မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။
ဒါ့အပြင် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း Sensors ပိုင်းဆိုင်ရာဆက်စပ်ပစ္စည်းများ ထုတ်လုပ်တဲ့ WESCAM ကုမ္ပဏီကနေ တူရကီသို့ တင်ပို့မှုများကို ထပ်မံ ရပ်ဆိုင်းလိုက်ပါတယ်။
တစ်ချိန်တည်းမှာဘဲ တူရကီနိုင်ငံဟာ ပြည်ပက ဆက်စပ်ပစ္စည်းများ တင်ပို့မှုရပ်ဆိုင်းလိုက်တဲ့အတွက် ဒေသတွင်း စမ်းသပ်ထုတ်လုပ်မှုများကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ပြုလုပ်ခဲ့ပြီး နောက်ပိုင်း လေယာဉ်များကို ပြည်တွင်းရှိ ကုမ္ပဏီများနှင့်သာ ပူးပေါင်းထုတ်လုပ်လာခဲ့ခြင်း ဖြစ်ပါတယ်။
Bayraktar TB2 တိုက်ခိုက်ရေးဒရုန်းတွင် V ပြောင်းပြန် အမြီးပုံစံဖြင့် ပေါင်းစပ်ပြုလုပ်ထားသော တောင်ပံကိုယ်ထည်ဒီဇိုင်း ပါရှိပါတယ်။
အမြီးရှိ တောင်ပံများကြားတွင် တပ်ဆင်ထားသော Internal Combustion Engine အင်ဂျင်မှတစ်ဆင့် Thrust (ပင့်တင်အား) ကို ထုတ်ပေးပါတယ်။
တောင်ပံ၊ Tail Boom နှင့် V-ပုံစံ တောင်ပံအမြီးများကို အလွယ်တကူ ဖြုတ်နိုင်၊ တပ်နိုင်သော Monocoque Platform လေယာဉ်ကိုယ်ထည် ဒီဇိုင်းအသုံးပြုထားပါတယ်။
Bayraktar TB2 ဒရုန်းဟာ အလျား ၆ ဒသမ ၅ မီတာ၊ အမြင့် ၂ ဒသမ ၂ မီတာနှင့် တောင်ပံအလျား ၁၂ မီတာ ရှိပါတယ်။ အများဆုံးပျံတက်နိုင်သည့် အလေးချိန် ၆၅၀ ကီလိုဂရမ်ရှိပြီး အများဆုံး Payload တင်ဆောင်နိုင်မှု အလေးချိန် ၁၅၀ ကီလိုဂရမ်ရှိပါတယ်။
အမြင့်ဆုံး အမြန်နှုန်း ၁၂၀ knots (၂၂၂ km/h) ဖြင့် အမြင့်ဆုံး အမြင့်ပေ ၂၇၀၀၀ (မီတာ ၈၂၃၀) ပျံသန်းနိုင်ပြီး လေထဲတွင် ၂၇ နာရီအထိ ပျံသန်းနိုင်စွမ်း ရှိပါတယ်။
Bayraktar TB2 မောင်းသူမဲ့လေယာဉ်များရဲ့ တိကျမှုနဲ့ စစ်ဆင်နိုင်မှုများကိုတော့ အာမေးနီးယား-အဇာဘိုင်ဂျန်တို့ ဖြစ်ပွားခဲ့တဲ့ နာဂိုနို-ကာရာဘတ် တိုက်ပွဲမှာ သက်သေပြခဲ့ပြီး နာမည်ကြီးလာတာ ဖြစ်ပါတယ်။
Bayraktar TB2 ဒရုန်းရဲ့ စွမ်းဆောင်ရည်ဟာ အမေရိကန်ထုတ် ဒရုန်းတွေထက် နှိမ့်ပေမယ့် စျေးအစမတန်ကွာပါတယ်။ တရုတ်ထုတ်ဒရုန်တွေထက်လည်း ဈေးသက်သာပြီး စွမ်းဆောင်ရည်များစွာ သာလွန်ပါတယ်။
တူရကီနိုင်ငံအပါအဝင် Bayraktar TB2 များကို အသုံးပြုနေသော နိုင်ငံများမှာ ပိုလန်၊ယူကရိန်း၊လစ်ဗျား၊မော်ရိုကို၊နိုင်ဂါ၊ကာတာ၊အဇာဘိုင်ဂျန်၊တာမစ်ခ်ကစ္စတန်၊အဇာဘိုင်ဂျန်၊ကာဇက်စတန်နိုင်ငံတွေမှာ အသုံးပြုမနကြပါတယ်။
စျေးသက်သာတကြောင့် တစ်စီးပျက်ကျရင် နောက် ၂ စီး ထပ်လွတ်လို့ရတဲ့ Bayraktar TB2 ဒရုန်းဟာ လက်ရှိ ယူကရိန်းနဲ့ ရုရှားစစ်ပွဲတွင်လည်း အစွမ်း ထပ်ပြနေတာကြောင့် ဝယ်ယူလိုတဲ့နိုင်ငံ ပိုပိုများလာဖွယ်ရှိတဲ့အကြောင်း တင်ပြလိုက်ပါတယ်။
ဈေးနှုန်းကတော့ တစ်စင်းကို အမေရိကန်ဒေါ်လာ ၅ သန်းခွဲဝန်းကျင် တန်ကြေးရှိပါတယ်။
Knight News Team