ရေငုပ်သင်္ဘော အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံများ

ရေငုပ်သင်္ဘော အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံများ

ရေငုပ်သင်္ဘောဆိုတာ ရေမျက်နှာပြင်ပေါ်မှာ ထက်ဝက်ပေါ်ပြီးသော်လည်းကောင်း၊ရေအောက်မှာ လုံးဝငုပ်လျှိုးပြီးသော် လည်းကောင်း သွားလာလှုပ်ရှားနိုင်တဲ့သင်္ဘောတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ ရေတပ်စစ်ဆင်ရေးတွေမှာ ရေငုပ်သင်္ဘောတွေဟာ မပါမဖြစ် အရေးပါပါတယ်။

ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ရေငုပ်သင်္ဘောတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ ဂျာမနီတွေသုံးတဲ့  ယူဘုတ်ဆိုတာ အင်မတန်မှကို နာမည်ကြီးတဲ့ ရေငုပ်သင်္ဘောဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်မှာတော့ အမေရိကန်ဟာ ရေငုပ်သင်္ဘောတွေအပေါ် အလွန်အမင်းမှီခိုပြီး စစ်ပွဲတွေကို ဆင်နွှဲခဲ့ပါတယ်။အောင်လည်း အောင်နိုင်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန်ဘက်က  ရေငုပ်သင်္ဘော၂၆၃ စင်း အသုံးပြုပြီး ရန်သူ့စစ်ရေယာဉ် ၁၃၁၄ စင်းကို နှစ်မြှုပ်နိုင်ခဲ့ပါတယ်။

နှစ်မြှုပ်ခံလိုက်ရတဲ့ စစ်ရေယာဉ်တွေထဲမှာ ဂျပန်ရေတပ်မှ စစ်ရေယာဉ်  ၃၀  ရာခိုင်နှုန်းနဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ သွားလာနေတဲ့ ဂျပန်ကုန်တင်ရေယာဉ် ၅၅ ရာခိုင်နှုန်းလည်း ပါဝင်ပါတယ်။

ယနေ့ခေတ်  ရေငုပ်သင်္ဘောတွေဟာဆိုရင် အမျိုးအစား နှစ်မျိုးရှိပါတယ်။ အဲဒါတွေက ဒီဇယ်စွမ်းအင်သုံး သမားရိုးကျ ရေငုပ်သင်္ဘော‌ နဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတို့ဖြစ်ပါတယ်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ထားတာက အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ အိန္ဒိယနဲ့ ဗြိတိန်တို့သာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံတွေက ရေငုပ်သင်္ဘောအများဆုံးပိုင်ဆိုင်ထားလဲ၊အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ ဖြစ်ပါတယ်။

၁။ မြောက်ကိုရီးယား

ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံတွေကသာ ရေငုပ်သင်္ဘောတွေကို အများဆုံးပိုင်ဆိုင်ထားလိမ့်မယ်လို့  လူအများစုက တွေးထင်ကြမှာပါ။ တကယ်တမ်းတော့ အဲဒီလိုမဟုတ်ပါဘူး။

မြောက်ကို ရီးယားနိုင်ငံကသာ ရေငုပ်သင်္ဘောတွေကို အများဆုံးပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်အများစု သုံးသပ်တာကတော့ မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောအများစုဟာ ခေတ်မမီတော့ဘဲ  သံချေးတက်နေပြီလို့ ဆိုပါတယ်။

လက်ရှိအချိန်အထိဆိုရင်လည်း မြောက်ကိုရီးယားမှာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းမှမရှိဘူးလို့ သိရပါတယ်။ သူ့ရဲ့ရေငုပ်သင်္ဘောအစင်းရေကတော့ ပျမ်းမျှအားဖြင့် ၈၃ စင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီထဲမှာ အီရန်နိုင်ငံက ဒီဇိုင်းဆွဲထားတဲ့ ယိုနိုအမျိုးအစား၊ ဆိုဗီယက်ခေတ်က  ဝီစကီ အမျိုးအစား၊ တရုတ်နိုင်ငံရဲ့ ရိုမီယိုအမျိုးအစား ရေငုပ်သင်္ဘောတွေပါဝင်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတွေကိုလည်း  ထုတ်လုပ်ထားပါသေးတယ်။ အဲဒါကတော့ ဆန်းအိုအမျိုးအစားဖြစ်ပြီး အစင်းရေ ၄၀ လောက်ရှိပါတယ်။

၂။ တရုတ်

တရုတ်နိုင်ငံကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်ကို အချိန်တိုအတွင်းရောက်လာသည့်နည်းတူ  သူ့ရဲ့စစ်အင်အားကိုလည်း သိသိသာသာ တိုးချဲ့လာပါတယ်။ အဲဒီထဲမှာ ရေငုပ်သင်္ဘောတွေလည်း အပါအဝင်ဖြစ်ပါတယ်။

တရုတ်ရေတပ်ရဲ့ ရေငုပ်သင်္ဘောတပ်ဖွဲ့မှာ  ရေယာဉ်စုသုံးစု ပါဝင်ပါတယ်။  အဲဒါတွေကတော့ မြောက်ပင်လယ် ရေယာဉ်စု၊ အရှေ့ပင်လယ် ရေယာဉ်စုနဲ့ တောင်ပင် လယ် ရေယာဉ်စုတို့ပါပဲ။

အဲဒီရေငုပ်သင်္ဘော ရေယာဉ်စုတွေမှာတော့ သမားရိုးကျ ဒီဇယ်စွမ်းအင်သုံးရေငုပ်သင်္ဘောနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေ  နှစ်မျိုးစလုံး ပါဝင်ပါတယ်။ အများစုကတော့ ဆိုဗီယက်ခေတ်ပုံစံတွေ ဖြစ်ပါတယ်။ ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေထဲမှာ ပုံစံ-၃၉၊ ပုံစံ-၃၅ အပြင် ကီလိုအမျိုးအစား ရေငုပ်သင်္ဘောတွေပါဝင်ပါတယ်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကတော့ ရှန်းအမျိုးအစားပါ။လက်ရှိမှာ တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး မျိုးဆက်သစ်နည်းပညာမြင့် ရေငုပ်သင်္ဘော တည်ဆောက်ရေးအတွက် လုပ်ဆောင်နေပါတယ်။

အထူးသဖြင့်တော့ တွန်းကန်အား နည်းပညာနဲ့ လက်နက်စနစ်တွေကို အဆင့်မြှင့်တင်တဲ့နေရာမှာပါ။ ဒီလိုသမားရိုးကျသာမက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေပါ ပိုင်ဆိုင်ထားတဲ့ တရုတ်ရေတပ်မှာ ရေငုပ်သင်္ဘောအစင်းရေ ၇၉ စင်းရှိပါတယ်။

၃။ အမေရိကန်

ဒုတိယကမ္ဘာစစ်ကာလတုန်းက ရေငုပ်သင်္ဘောတွေကို ကောင်းကောင်းအသုံးချပြီး ရန်သူ့စစ်ရေ ယာဉ်တွေကို နှစ်မြှုပ်ခဲ့တဲ့ အမေရိကန်ရေတပ်ဟာ လက်ရှိအချိန်မှာတော့ ရေငုပ်သင်္ဘော ၆၈ စင်းသာ ပိုင်ဆိုင်ပါတော့တယ်။

ဒါပေမဲ့ သူပိုင်ဆိုင်ထားတဲ့ ၆၈ စင်းစလုံးက နျူကလီးယားစွမ်းအင် သုံးချည်းပဲဖြစ်ပါတယ်။ အမေရိကန်ဟာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောကို ၁၉၅၀ ပြည့်နှစ်အလွန်မှာ စတင်တီထွင်ခဲ့တာပါ။  

သမားရိုးကျ ရေငုပ်သင်္ဘောတွေနဲ့နှိုင်းယှဉ်ရင် နျူကလီးယားရေငုပ်သင်္ဘောတွေမှာ အားသာချက်အများကြီးရှိပါတယ်။ အထင်ရှားဆုံးအားသာချက်ကတော့ ရေအောက်မှာ အချိန်အလွန်ကြာအောင် နေနိုင်တာပါပဲ။ ဒါ့အပြင် သွားချင်တဲ့နေရာကို အကွာအဝေးကန့်သတ်ချက်မရှိ သွားနိုင်စေခြင်း ဖြစ်ပါတယ်။

ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောက နော်တီလက်အမည်ရှိ ရေငုပ်သင်္ဘောဖြစ်ပြီး ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်မှာ စစ်ဆင်ရေးတာဝန်များကို စတင်ထမ်းဆောင် ခဲ့တာပါ။

အဲဒီအချိန်တုန်းက နော်တီလက်ရဲ့ ခရီးသွားလာနိုင်မှု အကွာအဝေးက  အကန့်အသတ် မရှိပါဘူး။ ဒါပေမဲ့ နှစ်ပတ်တစ်ကြိမ် ရေပေါ်ပြန်တက်ရပါတယ်။

အမျိုးအစားတွေကတော့ လော့အိန်ဂျလိ အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘော၊ အိုဟိုင်းယိုးအမျိုးအစား ဒုံးကျည်တင်ရေငုပ်သင်္ဘော၊ ဆီးဝုအမျိုးအစား  တိုက်ခိုက်ရေးရေငုပ်သင်္ဘောနဲ့ ဗာဂျီးနီးယား အမျိုးအစား အမြန်သွားတိုက်ခိုက်ရေးရေငုပ်သင်္ဘောတို့ ဖြစ်ပါတယ်။

၄။ ရုရှား

ရုရှားဆိုတာကတော့ ဆိုဗီယက်ပြည်ထောင်စုအဖြစ်တည်ရှိစဉ် တစ်ချိန်တုန်းက ရေငုပ်သင်္ဘောနယ်ပယ်မှာ လွှမ်းမိုးမှုအရှိဆုံးပါ။  အခုထိလည်း  ဆိုဗီယက်ခေတ်ရေငုပ်သင်္ဘောတွေကို ကမ္ဘာတစ်လွှားမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။

တစ်ချိန်တုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ရုရှားနိုင်ငံဟာ ရေငုပ်သင်္ဘော ၆၄ စင်းသာ ပိုင်ဆိုင်ပါတော့တယ်။ ဒါပေမဲ့ တစ်ချိန်ကအောင်မြင်မှုမျိုးကို ပြန်လည်ရယူဖို့အတွက် ရေငုပ်သင်္ဘောတွေကို တိုးမြှင့် တည်ဆောက်နေပါတယ်။

အထူးသဖြင့် အဆင့်မြှင့်တင်မှုဖြစ်ပြီး လက်ရှိမှာအမျိုးအစားမတူတဲ့ ရေငုပ်သင်္ဘော ခြောက်စင်းကို တည်ဆောက်နေတာဖြစ်ပါတယ်။ အဲဒီရေငုပ်သင်္ဘောတွေကတော့ ဘိုရေးအမျိုးအစား ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘော၊  ခါဘာ ရော့အမျိုးအစား ပဲ့ထိန်းဒုံးကျည်တင်ရေငုပ်သင်္ဘော၊ ယာဆန်အမျိုးအစား ခရု(စ်)ဒုံးကျည်တင် ရေငုပ်သင်္ဘောနဲ့ လာဒါအမျိုးအစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတို့ပဲဖြစ်ပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *