ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ချန်ဘောဒ်ရဲတိုက်ကြီး

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ချန်ဘောဒ်ရဲတိုက်ကြီး

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တစ်ခုဖြစ်တဲ့ နာမည်ကျော် ချန်ဘောဒ်ရဲတိုက်ကြီးအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ချန်ဘောဒ်ရဲတိုက် (Chateau de Chambord) ဆိုတာ ပြင်သစ်နိုင်ငံ၊ Loir-et-cher က ချန်ဘောဒ်(Chambord) ဒေသမှာရှိတဲ့ ရဲတိုက်ကြီး တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ သမိုင်းဝင် ရဲတိုက်အဆောက်အအုံတွေအနက် တစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် ပြင်သစ်အရေးတော်ပုံခေတ် ဗိသုကာလက်ရာအတိုင်း တည်ဆောက်ခဲ့တဲ့၊ တည်ဆောက်ပုံ ဒီဇိုင်းတွေအရ နာမည်ကျော်ကြားခဲ့ကာ အလယ်ခေတ်ကာလ ပြင်သစ်ပြည်ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းကို ခံထားရပါတယ်။

ချန်ဘောဒ် (Chateau de Chambord) ရဲတိုက်ဟာ မြစ်နဲ့ တောရိုင်းတိရစ္ဆာန်တွေနေထိုင်တဲ့ သစ်တောရိုင်း နယ်မြေတစ်ခုရဲ့ အကြားမှာ တည်ရှိပါတယ်။ ၁၅၁၉ ခုနှစ်က ပြင်သစ်ဘုရင် ပထမ ဖရန်စစ်က ရဲတိုက်ကို စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၁၅၄၇ ခုနှစ်ရောက်မှသာ တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

၁၆ ရာစုရဲ့ အစောပိုင်း ကာလက တည်ဆောက်ခဲ့တာဖြစ်ပြီး ပြင်သစ်ဘုရင်ရဲ့ ဖိတ်ကြားမှုနဲ့ ရဲတိုက်ဝန်းကျင်မှာရှိတဲ့ Clos Luce ရဲတိုက်ကို လာရောက်ခဲ့တဲ့ ကမ္ဘာကျော် စွယ်စုံရပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ လက်ရာတွေကိုလဲ ဒီရဲတိုက်ကြီးရဲ့အတွင်းပိုင်းမှာ ထည့်သွင်းထားပါတယ်။

သမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်တွေအရ Chateaude Chambord ရဲ့ မူရင်းတည်ဆောက်သူ ပညာရှင်တစ်ဦးဖြစ်တဲ့ အီတလီ ဗိသုကာပညာရှင် Domenico da Cortorna ဖြစ်တယ်လို့ သိရပြီး စတင်တည်ဆောက်ချိန် က အခန်းပေါင်း ၄၄ဝ၊ လှေကား ၈၄ ခု၊ မီးလင်းဖို ၃၆၅ ခုနဲ့ ကျောက်ဆစ် ရုပ်တုတိုင်လုံး ၈ဝဝ လောက်ကို ထည့်သွင်းတည်ဆောက်ခဲ့တာလဲ ဖြစ်ပါတယ်။

ရဲတိုက်ကြီးရဲ့ သိသာထင်ရှားစေတဲ့ အစိတ်အပိုင်းတစ်ခုကို ပြပါဆိုရင်တော့ အဆောက်အအုံရဲ့ အထူးပြင်ဆင်ထားတဲ့ အမိုးတွေပဲဖြစ်ပါတယ်။ ဗိသုကာပညာပိုင်းအရ အလွန်တန်ဖိုးမြင့်မားတဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ဘယ်ဘက်ကနေ ညာအထိ အချိုးညီညီ တည်ဆောက်ထားရှိပါတယ်။

ဒီနေရာမှာ များပြားလှတဲ့ မျှော်စင်၊ အလင်းပေါက်တွေ၊ အနုစိတ်လက်ရာတွေနဲ့ စီခြယ်ထားတဲ့ အမိုးခေါင်ချွန်း ဗိသုကာဒီဇိုင်းတွေကိုလဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ရဲတိုက်ရဲ့ နှစ်ဆင့်ကျောက်ဆစ်လှေကားတွေဟာဆိုရင်လဲ ခရုပတ်ပုံအတိုင်း အမြင့်ဆုံးထပ်အထိကို ဆက်သွယ်ထားတာဖြစ်ပြီး ပညာရှင်အချို့ကတော့ ဒါဟာ ဗင်းနစ်မြို့သား ပညာရှင် လီယိုနာဒိုဒါဗင်ချီရဲ့ အကြံပြုချက် လက်ရာဒီဇိုင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

Chateau de Chambord ရဲ့ ပထမဆုံးသော အထပ်မှာတော့ ပြင်သစ်ဘုရင်ဖရန်စစ်ရဲ့ အိပ်ခန်း၊ဧည့်ခန်းမဆောင်၊ မျက်နှာကြက်အခုံးတွေပါဝင်နေတဲ့ သီးသန့်ဘုရားဝတ်ပြုရာ အခန်းတွေရှိပါတယ်။

ပြင်သစ် ဘုရင်တစ်ပါးဖြစ်တဲ့ လူဝီ ၁၃ ဘုရင်လက်ထက်မှာဆိုရင်လဲ ချန်ဘောဒ်ရဲတိုက်ကို အသစ်ပြန်လည်ပြုပြင်မှုတွေ၊ တိုးချဲ့မှုတွေပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူဝီဘုရင်ဟာ Chateau de Chambord ကို စွန့်ခွာသွားခဲ့ပြီး ဗာဆိုင်းနန်းတော်ကို တည်ဆောက်ခဲ့ပါတယ်။

State Apartment ကိုတော့ လူဝီ ၁၃ အုပ်စိုးနေစဉ်ကာလအတွင်း ဖန်တီးတည်ဆောက်ခဲ့ပြီး ၁၈ ရာစု ကာလအတွင်းက ပြင်သစ်ပြည်ရဲ့ နာမည်ကျော် Marechal de Saxe ရဲ့ ပရိဘောဂ လက်ရာတွေနဲ့ မွမ်းမံ အလှဆင်ထားတာကိုလဲ တွေ့မြင်မှာဖြစ်ပါတယ်။

အဲဒီ ခန်းမဆောင်မှာဆိုရင် လူဝီ ၁၃ ရဲ့ အိပ်ခန်းဆောင် တည်ရှိပါတယ်။ ဘုရင်ရဲ့နန်းဆောင်ခန်းတွေမှာဆိုရင် ဝတ်ပြုဆုတောင်းရာ နေရာများစွာ တွဲလျက်တည်ရှိလို့နေပြီး အများစုကတော့ ရဲတိုက်ကြီးရဲ့ အနောက်ဘက်က ပင်မဆောင်ကနေ ခွဲထုတ်ထားတဲ့ အဆောင်ခန်းတွေ ဖြစ်ကြပါတယ်။

Chapel လို့သိကြတဲ့ ဝတ်ပြုဆုတောင်းရာ နေရာတွေကိုတော့ လူဝီ ၁၃ ရဲ့ ကြီးကြပ်မှုနဲ့ ၁၅၄၅ ခုနှစ် ကနေ ၁၅၅ဝ ပြည့်နှစ်အကြား တည်ဆောက်ခဲ့ကြတာ လဲ ဖြစ်ပါတယ်။

မိဖုရားခေါင်ကြီးရဲ့ နန်းဆောင်ကတော့ ဘုရင်ရဲ့ အိပ်ခန်းဆောင်တွေကနေ အတော်ကို ခပ်လှမ်းလှမ်းမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ချန်ဘောဒ်ရဲတိုက်ရဲ့ အဓိကဗိသုကာပညာရပ်ဆိုင်ရာ အထင်ကရနေရာတစ်ခုကတော့ The Roof Terrace ဖြစ်ပြီး Lanterns,Gables, Dormer ပြတင်းပုံစံတွေဖြစ်ကာ တိုင်အရေအတွက်ပေါင်း ၈ဝဝနဲ့ မီးခိုးခေါင်းတိုင် ၃၆၅ ခု၊ ခေါင်ချွန်းနဲ့ (အမိုးပေါ်ရှိ) အထွတ်ပေါင်းများစွာ ပါဝင်နေတဲ့ အပိုင်းကြီးဖြစ်ပါတယ်။

အများအားဖြင့်တော့ အနုပညာ မြောက်စွာထွင်းထုထားတဲ့ ဗိသုကာလက်ရာတွေဖြစ်ပါတယ်။ ပြင်သစ်ဘုရင် လူဝီ ၁၃ ဟာ မြင်းစီးရတာကို နှစ်ခြိုက်သူပီပီ ရဲတိုက်နယ်မြေအတွင်းမှာ မြင်းကောင်ရေ ၁၂ဝဝ ခန့်အထိ ထားရှိနိုင်တဲ့ မြင်းဇောင်းကိုလဲ ထည့်သွင်း တည်ဆောက ခဲ့ပါတယ်။

ရဲတိုက်ကြီးဟာ အကျယ်အဝန်းအားဖြင့် မြေဧရိယာ ၁၃၄ဝဝ ဧက (၂၁ ဒသမ ဝ စတုရန်းမိုင်) ရှိတဲ့ ဥယျာဉ်အတွင်းမှာ တည်ရှိနေတာပါ။ ဒီရဲတိုက်ကြီးကို မူလတည်ဆောက်သူ ပြင်သစ်ဘုရင် ပထမဖရန်စစ်ရဲ့ ပထမရည်ရွယ်ချက်ကတော့ အမဲလိုက်စခန်းတစ်ခု အဖြစ်နဲ့သာ ဖြစ်ပါတယ်။

သူ့ရဲ့ ဘဝတစ်လျှောက်လုံး ချန်ဘောဒ်ရဲတိုက်မှာ လာရောက်နေထိုင်ခဲ့တဲ့ကာလက ညပေါင်း ၇၂ ရက်သာ ရှိခဲ့ပါတယ်။ သူ့ရဲ့ နောင်တော်ဖြစ်သူ Gaston d’ Orleans ကသာ ဒီရဲတိုက်အတွင်း ၁၇ နှစ်ကြာအောင် နေထိုင်သွားခဲ့ပါတယ်။

၁၈၂၁ ခုနှစ်တွင် ဘော်ဒိုးမြို့စား Comte de Chambord ပိုင်ဆိုင်ခဲ့ခြင်းနဲ့အတူ Chateau de Chambord ရဲတိုက်ဆိုတဲ့ အမည်ကို ရရှိလာခဲ့ပြီး ၁၉၄ဝ ပြည့်နှစ်ရောက်ချိန်မှသာ နောက်အမွေဆက်ခံသူတွေ လက်ကနေ ပြင်သစ်အစိုးရက ပြန်လည်ဝယ်ယူခဲ့ရပါတယ်။

၁၉၄၄ ခုနှစ် ကာလတုန်းကတော့ အမေရိကန် စစ်လေယာဉ်တစ်စင်းဟာ ရဲတိုက်ကို ဝင်တိုက်ခဲ့လုနီးပါး ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တဲ့အပြင် ၁၉၄၅ ခုနှစ်ရောက်ချိန်မှာလဲ မီးလောင်ကျွမ်းမှု ၂ ကြိမ်အထိ ကြုံတွေ့ခဲ့ရ ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော်ပြတိုက်တွေဖြစ်တဲ့ လုဗ် Louvre နဲ့ Chateau de Compiegne ပြတိုက်တွေဆီက အနုပညာလက်ရာ ပစ္စည်းအတော်များများဟာဆိုရင်လဲ Chateau de Chambord ရဲတိုက်အတွင်း ရွှေ့ပြောင်းထားရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန် ၁၉၅၀ ပြည့်နှစ်ကနေ ၁၉၇၅ ခုနှစ်အကြားမှာတော့ ရဲတိုက်အဆောက်အအုံကို အကြီးစား ပြန်လည်မွမ်းမံမှုများစွာ ပြုလုပ်ခဲ့ရကာ ၁၉၈၁ ခုနှစ်မှာတော့ ယူနက်စကိုရဲ့ ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် စာရင်းဝင် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

၁၉၉၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒစ္စနေးရုပ်ရှင်ရဲ့ The Beauty and The Beast ဇာတ်ကားမှာဆိုရင်လဲ ချန်ဘောဒ်ရဲတိုက်ရဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါ တယ်။

ယနေ့အချိန်မှာတော့ ချန်ဘောဒ်ရဲတိုက် တည်ရှိရာနေရာဟာ ပြင်သစ်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်ရာ နေရာတစ်ခုအဖြစ်သာမက ငြိမ်းချမ်းတဲ့ သဘာဝတောရိုင်းနယ်မြေတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

Credit-Author:ကောင်းစစ်ဟန်

Leave a Reply

Your email address will not be published. Required fields are marked *