စာဆိုစစ်သည် မြဝတီမင်းကြီး ဦးစ

စာဆိုစစ်သည် မြဝတီမင်းကြီး ဦးစ

မြဝတီဦးစသည် ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း (ခရစ်နှစ် ၁၇၆၃-၁၇၇၆) မှ မင်းတုန်းမင်းတရား (ခရစ်နှစ် ၁၈၅၂-၁၈၇၈) အထိ မင်းဆက် ၈ ဆက်ကို မီလိုက်သူဖြစ်သည်။

ဘိုးတော်မင်းတရားနှင့် ဘကြီးတော်မင်းတရားတို့ လက်ထက်တွင် အတွင်းဝန်၊ ဝန်ကြီး၊ စစ်ဗိုလ်ချုပ်၊ မင်းကြီးစသည့် ရာထူးများဖြင့် ထမ်းဆောင်ခဲ့သည်။ သူသည် လက်ရုံးရည်၊ နှလုံးရည်ဖြင့် အထူးပြည့်စုံသူဖြစ်သည်။

ဘကြီးတော်ဘုရားသည် ဦးစ၏ထမ်းရည်၊ ရွက်ရည်အလျောက် “မြဝတီမြို့စား” အဖြစ် ပေးသနားတော်မူခဲ့သည်။ ထိုအချိန်မှစ၍ “မြဝတီဝန်ကြီးဦးစ”ဟူ၍ ယနေ့တိုင် ကျော်စောထင်ရှားလျက်ရှိခြင်းဖြစ်သည်။

ဦးစသည် စစ်ကိုင်းမြို့ အနောက်ဘက် မိကျောင်းတက်ချောင်းရွာ ဇာတိဖြစ်သည်။ အဖမှာ အလုံမြို့ မြောက်ဘက် မောက်တက်ရွာနေ နောက်တော်ပါ မြင်းစီးကြီး၏သား ဦးကျော်ဖြစ်သည်။ အမိမှာ သာလွန်မင်းလက်ထက်တွင် ထင်ရှားသော အမတ်ကြီး ဗညားကျန်းတော၏မြေး ရှင်ငြိမ်းသာဖြစ်သည်။

ဦးစကို ဆင်ဖြူရှင်မင်းလက်ထက် ခရစ်နှစ် ၁၇၇၆ ခုနှစ်တွင် ဖွားမြင်သည်။ ဦးစ အသက် ၆ နှစ်အရွယ်တွင် အဖဖြစ်သူ ဆုံးပါးသွားသည်။ အသက် ၁၁ နှစ်အရွယ်တွင် အင်းဝမြို့၊ မဲထီးရွာ ဆရာတော်ဦးပရမ ကျောင်းတွင် ရှင်သာမဏေဝတ်၍ စာပေသင်ကြားခဲ့သည်။

စာပေ သင်ကြားတတ်မြောက်ပြီး လူထွက်ကာ စစ်ကိုင်းမြို့၊ ပန်းထိမ်ဝန်ဟောင်း ဦးညွန့်၏သမီး မအေးနှင့် သင့်မြတ်ကာ ပန်းထိမ်အလုပ်ဖြင့် အသက်မွေးခဲ့သည်။ တစ်ဖက်တွင်လည်း ဝါသနာအလျောက် ဘိုးတော်မင်းတရားကြီး၏ လက်ဝဲဆိုင်းအမှုထမ်း ဆိုင်းဆရာကြီး ဦးတရုတ်ထံ၌ ကြေးဝိုင်း တီးခတ်ခဲ့သည်။ သူ၏အသက် ၁၉ နှစ်တွင် ဇနီးမအေး ဆုံးပါးသည်။

ထိုအခါ အမရပူရမြို့သို့ ပြောင်းရွှေ့ကာ အိမ်ရှေ့နန်းစံ ရွှေတောင်မင်း၏ အိမ်ရှေ့သံတော်ဆင့် လက်ယာပျံချီထံတွင် စာရေးတော်အဖြစ် အမှုထမ်းခဲ့သည်။ ထိုအချိန်မှစ၍ ဦးစသည် ကဗျာ၊ လင်္ကာဖွဲ့ဆို ခြင်းကို လေ့လာဆည်းပူးသည်။ စာပေကျမ်းဂန်များကို နှံ့စပ်စွာ ဖတ်ရှုလေ့လာသည်။ ပျို့၊ ကဗျာအရေးအသားကျွမ်းကျင်သဖြင့် နာမည်ကျော်စ ပြုလာသည်။

ဦးစ အသက် ၂ဝ အရွယ်တွင် သခင်မင်းမိ၊ပြင်စည်မင်းသား၊ မဟာနန္ဒယော်ဓာ၊ ဦးကျီစိုး၊ မက္ခရာမြို့စား၊ မိုးတားမြို့စား၊ နေမျိုးကျော်စွာရာမရကန်ဦးတိုး၊ တောင်ငူမြို့စား သတိုးဓမ္မရာဇာတို့နှင့်အတူ ယိုးဒယားဇာတ်များအတွက် တီးကွက်နှင့် ဇာတ်ချင်းများကို ဝေပုံကျတာဝန်ယူ၍ ဆက်သွင်းကြရသည်။ ထိုအချိန်မှစတင်၍ ကျော်ကြားလာပါသည်။

ဦးစသည် ကြိုးသီချင်း၊ ဘွဲ့သီချင်း၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား သီချင်း၊ မွန်သီချင်းတို့ကို ရေးသားခဲ့သည်။ ၁၁၆၄ ခုနှစ်က မပြီးပြတ်သေးသော ‘ဣန္ဒာဝုဓ’ နန်းတွင်း ဇာတ်တော်ကို ရေးသားခဲ့သည်။

ထို ဇာတ်တော်သည် မြန်မာစာပေလောကတွင် ထင်ရှားသော “အီနောင် ဇာတ်တော်ကြီးပင် ဖြစ်သည်။ မြဝတီမင်းကြီးဦးစသည် သက္ကတဘာသာကိုလည်း ရေးတတ်၊ ဖတ်တတ်သည်။

ဟိန္ဒီဘာသာစကား၊ ကသည်း ဘာသာစကားတို့ကိုလည်း အနည်းငယ်တတ်ကျွမ်းသည်။ အင်္ဂလိပ် ဘာသာစကားနှင့်လည်း ရင်းနှီးမှုရှိသည်ဟု ဆိုကြသည်။

ထို့အတူပင် လက်ရုံးရည်ပိုင်းကို ကြည့်မည်ဆိုလျှင်လည်း အစွမ်းထက်မြက် ကျော်ကြားသူတစ်ဦး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၇ဝ ပြည့်နှစ်တွင် အိမ်ရှေ့မင်းနတ်ရွာစံသောအခါ ဘိုးတော်မင်းတရားကြီး၏မြေးတော် စစ်ကိုင်းမင်းသားသည် အိမ်ရှေ့အရာကို ရလေသည်။

ထိုအခါ ဦးစကို အိမ်ရှေ့သံဆင့်နှင့် ပြည်လုံးယူလှေမှူး ရာထူးခန့်အပ်သည်။ ထိုအချိန်မှစ၍ ဦးစသည် စစ်မှုရေးရာ အဖြာဖြာကို လေ့လာလိုက်စားခွင့်ရခဲ့သည်။ ထို့နောက် ဦးစသည် အိမ်ရှေ့ အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ နေမျိုးဇေယျသူရဘွဲ့ကို ရရှိသည်။

မြန်မာသက္ကရာဇ် ၁၁၇၅ ခုနှစ်တွင် မဏိပူရကသည်း မဟာရာဇာပုန်ကန်၍ ဦးစသည် မြင်း ၁၅ဝ၊ စစ်သည်သူရဲ ၁၅ဝဝ ကို အုပ်ချုပ်၍ တမူးကြောင်းချီတက်တိုက်ခိုက်သည်။ အင်ဖာမြို့ကို သိမ်းယူနိုင်သည်အထိ အောင်ပွဲရခဲ့သည်။ ထိုအောင်မြင်မှုကြောင့် ဦးစသည် စာဆိုဘဝမှ စစ်သည်ဘဝသို့ ရောက်ရှိလာသည်။

ထို့နောက် ဘကြီးတော်မင်းတရားလက်ထက် ခရစ်နှစ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ဖြစ်ပွားသည်။ ထိုအခါ ဦးစသည် မင်းကြီးမဟာဗန္ဓုလ၏ တပ်မတော်၌ လက်ယာစစ်ကဲအဖြစ် လိုက်ပါချီတက် တိုက်ခိုက်ခဲ့သည်။

အင်္ဂလိပ်တပ်နှင့် မြန်မာတပ်တို့ ပထမဆုံးမျက်နှာချင်းဆိုင် တိုက်ရသော ပန်းဝါတိုက်ပွဲ၌ စစ်ကဲဦးစ ဦးဆောင်သော မြန်မာတပ်က အင်္ဂလိပ်တပ် ကပ္ပတိန်နော်တင် ဦးဆောင်သောတပ်ကို အောင်မြင်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။

ပုဂံမင်း နန်းတက်သောအခါ ဦးစအား မြင်းမူရွာကို စားစေခဲ့သည်။ မင်းတုန်းမင်းသားက ဦးစကို “အသက် ၂၅ နှစ်မှသည် ယခု အသက် ၈၃ နှစ်အထိ ရေးသား ပြုစုခဲ့သည့် သီချင်းအမျိုးမျိုးကို စုဆောင်းရမည်” ဟု မိန့်ဆိုခဲ့သည်။

သို့ဖြင့် ဦးစသည် မိမိရေးသော သီချင်းအမျိုးမျိုးကို စုဆောင်းခဲ့သည်။ သို့ဖြစ်၍ မြဝတီမင်းကြီးဦးစ စုဆောင်းခဲ့သော စာစုတို့မှာ ယနေ့တိုင် နှောင်းလူတို့လက်တွင် ရှိနေခဲ့ခြင်းပင် ဖြစ်သည်။

မြဝတီမင်းကြီးဦးစသည် မင်းတုန်းမင်းကြီးလက်ထက် (မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်) အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

မြဝတီမင်းကြီး ဦးစသည် စာပေကဗျာဘက်တွင်သာမက စစ်ရေးတွင်လည်း ထူးချွန်သူ၊ စွယ်စုံရ ပုဂ္ဂိုလ်ထူးဖြစ်သည်။ သို့ဖြစ်ပါ၍ မြန်မာစာပေလောကတွင် ရှားပါးပြီး ထင်ရှား ကျော်ကြားသော နှလုံးရည်၊ လက်ရုံးရည်နှင့် ပြည့်စုံသူပင်ဖြစ်သည်။

[ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလထုတ် “မြဝတီ” မဂ္ဂဇင်းမှ မောင်သန်းလွင် ရေးသားသည့် ဆောင်းပါးကို ကောက်နုတ်ဖော်ပြသည်။]

Leave a Reply

Your email address will not be published. Required fields are marked *