ယူကရိန်းရဲ့ အစွမ်းထက် လက်နက်၊ Punisher ဒရုန်း
ရှရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းစစ်တပ်ဟာ Punisher လို့ခေါ်တဲ့ “သိသာသော အပြောင်းအလဲများကို ဖြစ်စေနိုင်စွမ်းရှိသော” ဒရုန်းကို အသုံးပြုနေတယ်လို့ သိရပါတယ်။
အဲဒီဒရုန်းက ရုရှားတို့ပေါ် အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို ထိထိရောက်ရောက် ပြုလုပ်ထားနိုင်တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။
Punisher ဒရုန်းဟာ ဖောက်ခွဲရေးပစ္စည်း ၃ ကီလိုဂရမ်လောက် သယ်ဆောင်နိုင်ပြီး ရန်သူ့မျဥ်းရဲ့ နောက်က မိုင် ၃၀ အကွာရှိ ရန်သူ့ လက်နက်ခဲယမ်း ထောက်ပံ့ ပို့ဆောင်ရေးယာဉ်တန်း၊ ဆီသည်ယာဉ်တန်းစတဲ့ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း The Times of London မှာ ဖော်ပြထားပါတယ်။
“သိသာသော အပြောင်းအလဲများကို ဖြစ်စေနိုင်စွမ်းရှိသော” Punisher ဒရုန်းဟာ ရုရှားတို့ စတင်ကျူးကျော်လာကတည်းကနေ ယခုအချိန်ထိ စစ်ဆင်ရေး ၆၀ လောက်ကို ထိထိရောက်ရောက်နဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ပြီး ဖြစ်တယ်လို့ UA-Dynamics ကုမ္ပဏီရဲ့ ယူကရိန်းလူမျိုး အင်ဂျင်နီယာ ဒီဇိုင်နာ Eugene Bulastev က ဆိုပါတယ်။
“ဒါဟာ ဝေးကွာတဲ့အကွာအဝေးမှ ရန်သူကို တိုက်ခိုက်ဖို့အတွက် ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပြီး အရပ်သားတွေရဲ့ အသက်အန္တရာယ်ကိုလည်း မထိခိုက်စေဘူး”လို့ Bulastev ပြောကြားခဲ့ပါတယ်။
Punisher ဒရုန်းဟာ လျှပ်စစ်စွမ်းအင်သုံး ဒရုန်းဖြစ်ပြီး တစ်နာရီ ၁၂၅ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။ တောင်ပံအရှည်က ၇ ပေခွဲ ရှိကာ အမြင့်ပေ ၁၃၀၀ ကနေ နာရီပေါင်းများစွာ ပျံသန်းနိုင်ပါတယ်။
ဒရုန်းဟာ သေးငယ်ပြီး ပေါ့ပါးတာကြောင့် ရေဒါဖြင့်လည်း ဖမ်းမမိနိုင်ဘူးလို့ ဆိုပါတယ်။ဒရုန်းရဲ့ အကြီးကျယ်ဆုံး အားသာချက်က ဆူညံမှုလုံးဝမရှိဘဲ လုပ်ဆောင်နိုင်ပြီး အလွယ်တကူလည်း မမြင်နိုင်ဘူးလို့ ဆိုပါတယ်။
ပစ်မှတ်ကို မြေပုံအညွှန်အတွင် ထည့်သွင်းထားရုံဖြင့် စစ်ဆင်ရေးကို အလိုအလျှောက် ဆောင်ရွက်နိုင်ပါတယ်။
Punisher ဒရုန်းဖြင့် မတိုက်ခိုက်မီ ပစ်မှတ်များကို ဖော်ထုတ်ရန် Spectre ဟု ခေါ်တဲ့ သေးငယ်သော ထောက်လှမ်းရေး ဒရုန်းတစ်စင်းဖြင့် တွဲဖက် အသုံးပြုလေ့ ရှိပါတယ်။
၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ တိုက်ပွဲတွေစတင်လာခဲ့ပြီးနောက် စစ်မှုထမ်းဟောင်းအချို့ဖြင့် ဒရုန်းထုတ်လုပ်သည့် ကုမ္ပဏီ UA-Dynamics ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းစစ်တပ်ဟာ Punisher ဒရုန်းများနှင့်အတူ၊ တူရကီနိုင်ငံမှ နာမည်ကျော် Bayraktar TB2 ဒရုန်းအစီး ၂၀ ခန့်ကိုလည်း အသုံးပြုနေလို့ သိရပါတယ်။Bayraktar TB2 ဒရုန်းတွေရဲ့ အစွမ်းကြောင့်လည်း ရှရှားရဲ့ ထောက်ပံ့ရေးယာဉ်တော်တော်များများကို ဖျက်စီးထားနိုင်တာ တွေ့ရပါတယ်။
Punisher ဒရုန်းတွေကို နိုင်ငံ၏ အထူးစစ်ဆင်ရေး တပ်ဖွဲ့များအပါအဝင် ယူကရိန်းစစ်တပ်တွင် အသုံးပြုလျက်ရှိပါတယ်။အရေအတွက် မည်မျှတပ်ဖြန့်ထားသည်နှင့် ဒရုန်းတွေရဲ့ တည်နေရာကိုတော့ ပြေကြားခြင်းမရှိပါဘူး။
ရှရှားက ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်များကို အလျင်အမြန် ချေမှုန်းပစ်မည်ဟု မျှော်လင့်ထားသော်လည်း ပြီးခဲ့တဲ့ရက်များအတွင်း ယူကရိန်းစစ်တပ်မှ ရုရှားရဲ့ တိုက်လေယာဉ်များ၊ရဟတ်ယာဉ်များနှင့် တပ်ဖွဲ့ဝင် သယ်ယူပို့ဆောင်ရေးလေယာဉ်များကိုပင် ပစ်ချနိုင်ခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။
Zorrow