ထူးခြားဆန်းပြား ပုံမှန်မဟုတ်သည့် နေရာများ

ထူးခြားဆန်းပြား ပုံမှန်မဟုတ်သည့်နေရာများ

ကျွန်ုပ်တို့နေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးသည် ထူးခြားဆန်းပြားမှုများစွာနှင့် ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်ပါသည်။ အချို့သောအရာများဆိုလျှင် အမှန်တကယ် ရှိရဲ့လားဟုပင် သံသယဝင်စရာအလွန်ကောင်းလှပါသည်။

ဒါကြောင့် ထူးခြားဆန်းပြားပြီး ပုံမှန်မဟုတ်သည့် နေရာလေးများအကြောင်းကို ဖော်ပြပေးလိုက်ရပါသည်။

၁။ ငရဲတံခါးဝ (တာ့ခ်မင်နစ္စတန်)

တာ့ခ်မင်နစ္စတန်နိုင်ငံ၊ ဒါဝိဇ်၌ ၁၉၇၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ မီးလျှံများ စဉ်ဆက်မပြတ် တောက်လောင်နေသည့် သဘာဝဓာတ်ငွေ့ ကွင်းပြင်ကြီးတစ်ခုဖြစ်သည်။

ထိုကွင်းပြင်သည် ဒါဝိဇ်ရွာအနီးတွင် တည်ရှိပါသည်။ ယင်းရွာကလေးသည် အက်ရှ်ကာဘက် မြောက်ဘက်ကီလိုမီတာ ၂၆၀ (၁၆၀ မိုင်)ခန့်အကွာရှိ ကာရာကမ်သဲကန္တာရအလယ်တွင် တည်ရှိပါသည်။

ဤတွင်းကြီးတွင်တွေ့ရှိရသည့် ဓာတ်ငွေ့ပမာဏသည် ကမ္ဘာပေါ်တွင် အကြီးဆုံးဓာတ်ငွေ့များ ခိုအောင်းရာနေရာများအနက် တစ်ခုဟုဆိုနိုင်ပါသည်။ “ငရဲတံခါးဝဆိုသည့်အမည်ကို လောင်ကျွမ်းနေသောမီး၊ ဆူပွက်နေသော ရွှံ့ချော်ရည်များနှင့် အချင်းမီတာ ၇၀ (၂၃၀ ပေ) ကျယ်သည့် မီးတောင်ဝအတွင်းမှ လိမ္မော်ရောင် မီးတောက်များကို အစွဲပြု၍ ဒေသခံများက မှည့်ခေါ်ကြခြင်းဖြစ်သည်။

တောက်လောင်နေသည့် ဧရိယာသည် အကျယ်အဝန်းမီတာ ၆ဝ (၂ဝဝ ပေ) ကျော်အထိနှင့် အနက်မီတာ ၂၀ (၆၆ ပေ)ခန့်ရှိပါသည်။ ယခုအခါ သက်ဆိုင်ရာက ငရဲတံခါးဝ အပြီးပိတ်ပစ်ရန် လုပ်ဆောင်တော့မည်ဟု သိရပါသည်။

၂။ သွေးရေတံခွန် (အန္တာတိကတိုက်၊ တောင်ဝင်ရိုးစွန်းဒေသ)

ကမ္ဘာ့အအေးဆုံးဟုဆိုရသော အန္တာတိကတိုက်၏ တောင်ဝင်ရိုးစွန်းအနားတွင် တည်ရှိနေသော သွေးရေတံခွန်ဟုခေါ်သည့် ရေကန်အကြောင်းကို ယနေ့အချိန်ထိ သိပ္ပံပညာရှင်များက အဖြေမထုတ်နိုင်ကြသေးချေ။

အဆိုပါရေတံခွန်၏ ထူးခြားချက်မှာ ရေခဲမြစ် အရည်ပျော်ရာ အရပ်မှစတင်၍ သာမန်အဖြူရောင် ရေခဲရေများအဖြစ်သာ လမ်းတစ်လျှောက်လုံးတွင် စီးဆင်းခဲ့ပြီး သွေးရေတံခွန်နားသို့အရောက်တွင်မှ အနီရောင်ပြောင်းလဲကာ ပင်လယ်ထဲသို့ စီးဝင်နေခြင်းဖြစ်သည်။

၎င်းသွေးရောင် ရေခဲရေများသည် အဆိပ်အလွန်ပြင်းပြီး သံဓာတ်သိပ်သည်းမှုမှာ အဆမတန်များပြား လွန်းလှသည်။ ထို့ပြင် ဆာလဖာဓာတ်လည်း အဆမတန် ပါဝင်နေကြောင်းသိရသည်။

သိပ္ပံပညာရှင်များအနေဖြင့် အဆိုပါရေတံခွန် ဖြစ်ပေါ်လာပုံအကြောင်းကို ယနေ့အချိန်ထိ တိတိကျကျ အဖြေမထုတ်နိုင်ကြချေ။ သွေးရေတံခွန်ကို ၁၉၁၁ ခုနှစ်တွင် သြစတြေးလျလူမျိုး၊ ဘူမိဗေဒပညာရှင် တေလာက ရှာဖွေတွေ့ရှိခဲ့ပါသည်။

ယင်းရေတံခွန်မှ စီးဆင်းသည့် အနီရောင်ရေများသည် ရေညှိအနီများကဲ့သို့ ထင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သံအောက်ဆိုက်ကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု သတ်မှတ်ခဲ့ ကြပါသည်။

၃။ ထာဝရမီးတောက် ရေတံခွန် (မီးတောက်ပန်းခြံ၊ နယူးယောက်မြို့)

ထာဝရမီးတောက် ထွန်းလင်းနေသည့် ရေတံခွန်သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့မှာရှိပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ထောင်သောင်းများစွာကတည်းက သဘာဝအတိုင်း ရေတံခွန်အောက်တွင် ထူးခြားစွာထွန်းလင်း တောက်လောင်နေသည့် မီးတောက်လေးကြောင့် Eternal Flame Falls ဟု ခေါ်ခြင်းဖြစ်ပါသည်။

ရေတံခွန်သည် အလွန်ထူးခြားလှပပြီး အပန်းဖြေချင်စရာ ကောင်းလှသည့်နေရာတစ်ခုဖြစ်ပါသည်။ နွေဦး အချိန်အခါသည် သွားရောက်လည်ပတ်ချင်သူများ အတွက် အကောင်းဆုံး အချိန်အခါဖြစ်ပါသည်။

ရေတံခွန်ဖြစ်ပေါ်နေသည့် Shale ချောင်းငယ်သည် ၂ မိုင်ခန့် လှပစွာကွေ့ဝိုက်စီးဆင်းပြီး Erie ဆိုသည့် ကန်အတွင်းကို စီးဝင်သွားပါသည်။ ဆန်းကြယ်လှသည့် သဘာဝများနှင့် လှပသည့်ရေတံခွန်လေးရှိသည့် နေရာလေးကို အပန်းဖြေရန်အတွက်သာမက လေ့လာရန်အတွက်ပါ သွားရောက်လည်ပတ်သင့်ပါသည်။

၄။ ဘာမြူဒါတြိဂံဒေသ (အတ္တလန္တိတ်ပင်လယ်)

ကမ္ဘာပေါ်တွင်ရှိသည့် ဘာမြူဒါတြိဂံဒေသကို အထူးခြားအဆန်းပြားဆုံး နေရာတစ်ခုဟု ပြောမည်ဆိုလျှင် မမှားနိုင်ပါ။ ၎င်းနေရာသည် ဖလော်ရီဒါ၊ ပြူတိုရီကိုနှင့် ဘာမြူဒါတို့ ၃ ခုအကြား တောင်အတ္တလန္တိတ် သမုဒ္ဒရာထဲက သုံးမြှောင့်ပုံစံ နယ်မြေတစ်ခုဖြစ်ပါသည်။

၎င်းနေရာတွင် ကပ်ဘေးဆိုက်နေခဲ့သည်မှာလည်း ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီး ကြောက်စရာ ပင်လယ်ရေနက်ပိုင်းကြီးလည်း ဖြစ်ပါသည်။ ယင်းတြိဂံနယ်မြေကြီးထဲတွင် သစ်တောအုပ်ကြီးများ၊ ရေခဲတောင်များ၊ အအေးပိုင်းစိမ့်မြေလွင်ပြင် များရှိနေသည့်အတွက် လူများနေထိုင်ရန် သင့်တော်သည့် နေရာမဟုတ်ပါ။

ထိုနေရာကို ရောက်ရှိသွားသော သင်္ဘောများနှင့် လေယာဉ်များသည် ပျောက်ခြင်းမလှ ပျောက်သွားတတ်ကြသည်။ နှစ်စဉ်နှစ်တိုင်းလည်း ရှာဖွေကယ်ဆယ်ရေးများကို အကြိမ်ရေရာနှင့်ချီ၍ လုပ်ဆောင်ခဲ့ကြသော်လည်း ယနေ့အချိန်ထိ မည်သည့် အရာကိုမျှ ရှာဖွေ၍ မတွေ့ရှိချေ။

၅။ Area 51 (နီဗားဒါး)

ဤနေရာကို ရုပ်ရှင်ပရိသတ်အများစုက ကြားဖူးကြလိမ့်မည်ဖြစ်ပါသည်။ အမေရိကန်အစိုးရ၏ အလျှို့ဝှက်ဆုံးနေရာတစ်ခုလည်းဖြစ်သည့် ၎င်း Area 51 မှာ အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်မှာ တည်ရှိပါသည်။

အမေရိကန်အစိုးရ၏ လက်နက်အသစ်အဆန်းများ တီထွင်စမ်းသပ်သည့်နေရာတစ်ခု ဖြစ်ပါသည်။ အချို့သောသူများက ကမ္ဘာပေါ်ကို ရောက်ရှိလာသည့် ဂြိုဟ်သားများနှင့် ယာဉ်ပျံများကိုထိန်းသိမ်းထားပြီး သုတေသနပြုလုပ်သည့် နေရာဟုပင် ပြောဆိုကြသည်။

ယင်းနေရာကို သာမန်လူများက ဝင်ထွက်သွားလာခွင့် မရှိသလို လေယာဉ်ပျံများဖြင့် အပေါ်ကနေပြီးလည်း ပျံသန်းခွင့်မပြုထားပါ။

၆။ Racetrack Playa (သေမင်းတောင်ကြား၊ ကယ်လီဖိုးနီးယား)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှာရှိသည့် Racetrack Playa သည် အံ့ဩစရာအလွန်ကောင်းပြီး လှပသည့်နေရာတစ်ခုလည်းဖြစ်သည်။ ၎င်းနေရာသည် အလိုအလျောက် ရွေ့လျားသွားလာနေသည့် ကျောက်တုံးများကြောင့် လူသိများထင်ရှား ခြင်းဖြစ်ပါသည်။

ကျောက်တုံးများက တောင်ကြားတစ်လျှောက် ရွက်လွှင့်သွားလာနေသည်နှင့် တူပါ သည်။ ကမ္ဘာပေါ်တွင် အပူချိန်အမြင့်မားဆုံး နေရာတစ်ခုလည်း ဖြစ်ပါသည်။ အကယ်၍ ၎င်းနေရာကို ရောက်ရှိခဲ့မည်ဆိုပါက အလွန်ပူပြင်းသည့် နေ၏အပူကြောင့် သင်၏ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ကုန်ခန်း သွားစေပြီး ခြေကုန်လက်ပန်း ကျသွားအောင် ပြုလုပ်ပါလိမ့်မည်။

ရေမသောက်ဘဲနှင့် ၎င်းနေရာတွင် လူတစ်ယောက်သည် ၁၄ နာရီဝန်းကျင်သာ အသက်ရှင်မည်ဖြစ်ပါကြောင်း တင်ပြပေးလိုက်ရပါသည်။

Author: ဟန်မင်းဆက်

Leave a Reply

Your email address will not be published.