ညှို့ယူဖမ်းစားနိုင်သော စပါးကြီးသည်းခြေနှင့်ကျန်းမာရေးအတွက် ဆေးတစ်လက်

ညှို့ယူဖမ်းစားနိုင်သော စပါးကြီးသည်းခြေနှင့်ကျန်းမာရေး

ညှို့ယူဖမ်းစားနိုင်စွမ်းကြီးမားတဲ့ စပါးကြီးမြွေသည် အဆိပ်ရှိသော မြွေအမျိုးအစားမဟုတ်သော်လည်း ထူးခြားသော သူ၏သည်းခြေကြောင့် လူသိများထင်ရှားသည်။ စပါးကြီးမြွေ၏ သည်းခြေသည် ရိုးရာတိုင်းရင်းဆေး ပညာနယ်ပယ်၌ အလွန်တန်ဖိုးကြီးသော အစွမ်းထက်ဆေးတစ်ပါးလည်းဖြစ်သည်။

စပါးကြီးမြွေများသည် သဘာဝတရားက ပေးအပ်ထားထားသော ညှို့ယူစွမ်းအားများနှင့် မိမိထက်ခန္ဓာကိုယ်ကြီးမားသော တောဆိတ်၊ တောဝက်စသည့် တိရစ္ဆာန်များကို ဖမ်းမျိုနိုင်စွမ်းရှိသည်။

သားကောင်ကိုမျိုပြီးနောက်ပိုင်း ဝမ်းဗိုက်အတွင်း၌ရှိသော အရည်များက အစာကိုကြေညက်အောင် ချက်နိုင်စွမ်းရှိသည်။ တစ်ကြိမ်တစ်ခါ မျိုးပြီးသည့်အခါ အစာမစားဘဲ တစ်နှစ်ကျော် ငြိမ်သက်စွာ ရစ်ခွေနေလေ့ ရှိသည်။

ကမ္ဘာပေါ်တွင် စပါးကြီးမြွေအပါအဝင် မြွေအမျိုးအစား ပေါင်း ၂၅၀၀ ကျော်ခန့်ရှိသည်။ သူ၏န္ဓာကိုယ်တစ်ခုလုံးကို အဝါ၊ အညို၊ အနက်ဟူသော အရောင် ၃ ရောင်ခြယ်မှုန်းထားပြီး ရေတိမ်ရွှံ့ညွှန်များရှိရာ၌ ကျက်စားနေထိုင်လေ့ရှိသည်။

စပါးကြီးမြွေအမျိုးအစားများတွင် စပါးအုံးမြွေလည်း အပါအဝင်ဖြစ်သည်။ စပါးကြီး မြွေသည် အမြီးသွယ်၍ အကွက်များ ဆက်နွှယ်နေပြီး စပါးအုံးမြွေသည် အမြီးတုတ်၍ တိုနေသောပုံသဏ္ဌာန်ကို တွေ့ရသည်။

စပါးအုံး မြွေများသည် ကုန်းတွင်းပိုင်း၌ ကျက်စားလေ့ ရှိကြသည်။ စပါးကြီးမြွေအမတစ်ကောင်သည် ဥအလုံးတစ်ရာနီးပါးခန့် “ဥ”လေ့ရှိတတ်ပြီး အကောင်ပေါက်လာသောအခါ စပါးကြီးအမသည် ဘယ်အရပ်မှမသွားဘဲ ဂရုတစိုက် စောင့်ရှောက်လေ့ရှိသည်။ စပါးကြီးမြွေတစ်ကောင်၏ အသက်ရှင် နေထိုင်မှုသက်တမ်းမှာ ၂၃ နှစ်နီးပါးအထိ ရှည်ကြာသည်။

စပါးကြီးတစ်ကောင်လုံးတွင် သည်းခြေသည် အဖိုးထိုက်တန်လှ၏။ မြန်မာလူမျိုးတို့၏ တိုင်းရင်းဆေးပညာနယ်ပယ်၌ တော်ဝင်ဆေးတစ်ပါးအဖြစ် အသုံးပြုကြသည်။တိရစ္ဆာန်အပေါင်းတို့၏အသွေးအသား သည်းခြေဟူသမျှကို စပါးကြီးမြွေသည် စားသောက်ဝါးမျိုထားသဖြင့် ဆေးပေါင်းခ၍ သည်းခြေညွန့်ပေါင်း ဖြစ်နေသည်။

စပါးကြီးသည်းခြေသည် တစ်နေရာတည်းတွင် ရပ်တန့်မနေပါ။ မွန်းမတည့်မီအချိန်အတွင်း ချက်မှဦးခေါင်းအထိ ရွေ့လျားပြီး မွန်းလွဲပြီးနောက် ချက်မှအမြီးပိုင်းသို့ စီးမျော ရွေ့လျားတည်ရှိနေတတ်သည်။

စပါးကြီးမြွေတစ်ကောင်၏ ဝမ်းဗိုက်ကို ခွဲစိတ်ရာ၌လည်း ပြန်ပြီးစေ့မသွားနိုင်ဖို့ ဒေါက်များထောက်ပြီးမှ သည်းခြေကို ရှာဖွေရသည်။ သို့မဟုတ်ပါက ခွဲပြီးသားနေရာများပြန်စေ့သွားပြီး လက်အနှိုက်နှင့်ကြုံပါက အရိုးအဆစ်များ ကျိုးကြေသွား တတ်သည်။

ထိုကဲ့သို့ သည်းခြေကိုရှာဖွေရာတွင် အထက်ပိုင်း နှင့်အောက်ပိုင်းသို့သွားသော သွေးကြောများကို စနစ်ကျစွာစမ်း သပ်ရှာဖွေကြရသည်။ သွေးကြောအဆုံးနေရာများတွင် အများအားဖြင့် သည်းခြေကို တွေ့ရလေ့ရှိသည်။

စပါးကြီးမြွေတစ်ကောင်သည် သည်းခြေအိတ် အပေါက်ရှိရာဘက်တွင် ကြိုးနှစ်ချောင်းပူးတွဲလျက်ပါရှိပြီး ၎င်းကြိုးအဖျားတွင် ငှက်တစ်ကောင်၏ နှုတ်သီး သဏ္ဌာန်အကောက်လေး ၂ ခု တွဲလျက်ပါရှိသည်။

ထိုကြိုးများသည် ဆန့်၍မရဘဲ အမြဲကွေးကောက်လျက်ရှိ‌နေပါသည်။ကြိုးထိပ်၌ အမြဲကွေးကောက်နေသောအရာဖြင့် အခြားသောသတ္တဝါများကို မလှုပ်ရှားနိုင်အောင် ညှို့ထားနိုင်စွမ်းရှိသည်။

စပါးကြီးသည်းခြေစစ်၊မစစ် သိနိုင်သောနည်းလမ်းမှာ သည်းခြေအနည်းငယ်ကို သက်ငယ်၊ သို့မဟုတ် နှီးစတွင် သုတ်လိမ်းပြီး ရေထဲသို့ချကြည့်ပါက ရေကူးကြောင်းတွေ့ ရမည်ဖြစ်သည်။ အထက်ပါ စမ်းသပ်နည်းမှာ မခိုင်လုံပါ။

အကောင်းဆုံးသော စမ်းသပ်နည်းမှာ လက်ဖဝါးအတွင်းသို့ စပါးကြီးသည်းခြေ အနည်းငယ်ထည့်၍ ခပ်နာနာပွတ်ပေးပါ။ ထို့နောက် လက်ဖမိုးကို လျှာနှင့်လျက်ကြည့်ပါ။ အလွန်ခါးသောအရသာကို သိရှိခံစားရလျှင် စပါးကြီးသည်းခြေစစ်သည်ဟု သတ်မှတ်လေ့ရှိသည်။ ခါးသက်သော အရသာမရှိလျှင် သည်းခြေမစစ်ပါ။

မြန်မာ့တိုင်းရင်းဆေးပညာ၏ တော်ဝင်ဆေးတစ်ပါးဖြစ်သော စပါးကြီးသည်းခြေသည် အေးပြီးချို၍ ခါးသောဂုဏ်သတ္တိရှိသည်။ အပူလွန်သောအနာနှင့် သည်းခြေသလိပ်အားကြီးသော အနာရော၈ါဟူသမျှကို ပျောက်ကင်းသက်သာစေနိုင်ပါသည်။

သလိပ်ခြောက်ကပ်သောအနာ၊ မျက်စိရော၈ါ၊ လျှာနာဝေဒနာခံစားနေရသော လူနာများကို အထူးသက်သာ ပျောက်ကင်းစေနိုင်ပါသည်။ ကလေးငယ်များ သူငယ်နာကြောင့် အတက်ရော၈ါ ခံစားနေရလျှင်သော်လည်းကောင်း၊

အပူကြောင့် အတက်ရော၈ါ ဖြစ်ပွားလျှင် သော်လည်းကောင်း စပါးကြီးသည်းခြေအနည်းငယ်ကို ရေတွင်ဖျော်၍ ပါးစပ်တွင်းဝင်အောင် အစက်ချ တိုက်ကျွေးပါ။ ကိုယ်ခန္ဓာအနှံ့လိမ်းပေးပါ။ မကြာမီအတက်ရောဂါ ဝေဒနာပျောက်ကင်းသွားမည်ဖြစ်သည်။

အနာမန်းထ၍ တက်လျှင်၊ မေးခိုင်လျှင်၊ အနာဝင်လျှင် ချက်ချင်း စပါးကြီးသည်းခြေကို ပါးစပ်တွင်းသို့ဝင်အောင်ကျွေးပေးပါ ။ ရေနှင့်ဖျော်၍ အစက်ချပေးပါ။ အနာကိုလည်း လိမ်းပေးမည်ဆိုပါက ဝေဒနာအားလုံး အလျင်အမြန်သက်သာ ပျောက်ကင်းသွားမည် ဖြစ်သည်။

ကလေးငယ်များ ချွဲကျပ်ရော၈ါဖြစ်ပွားလျှင် ကလေး၏လျှာကို မကြာခဏစပါးကြီးသည်းခြေဖြင့် ပွတ်ပေးပါ။ ချွဲကျပ်ဝေဒနာ အရှင်းပျောက်ကင်းမည်ဖြစ်သည်။ သူငယ်နာရော၈ါ ခံစားနေရလျှင်လည်း အထက်ပါကဲ့သို့ လျှာကို မကြာမကြာ ပွတ်ပေးရမည်ဖြစ်သည်။

မျက်စိနာရော၈ါ၊ သို့မဟုတ် မျက်စိကို တစ်စုံတစ်ခုနှင့်ထိခိုက်မိထားပါက စပါးကြီးသည်းခြေကို ရေဖျော်၍ မျက်စိပတ်ပတ်လည်ကို ကွင်းပေးပါ။ မျက်စဉ်း အဖြစ်လည်း ခတ်ပေးနိုင်သည်။ မျက်စိဝေဒနာဟူသမျှ အံ့ဩဖွယ် ပျောက်ကင်းသွားမည်ဖြစ်သည်။

အထူးသဖြင့် အစာမကြေရော၈ါ ဖြစ်ပွားနေပါက တစ်နေ့ ၂ ကြိမ် လျှာကိုပွတ်ပေးပါ။ ထို့ပြင် ခံတွင်းမကောင်းလျှင်လည်း လျှာကို မကြာခဏပွတ်တိုက်ပေးမည်ဆိုပါက ခံတွင်းသန့်ရှင်း ရောဂါကင်းနိုင်ပါသည်။

ရှေးမြန်မာတို့၏ တိုင်းရင်းဆေးကျမ်းများတွင် ဝက်ရူးနာ၊ မျက်စိနာ၊ ပိုးနာ၊ အလွန်ပူသောအနာ၊ သည်းခြေအားကြီးသောဝေဒနာ၊ လျှာတွင်ဖြစ်ပွားလေ့ရှိသောအနာဟူသရွေ့ကို ပျောက်ကင်းသက်သာစေသည့် စပါးကြီးသည်းခြေသည် တော်ဝင်ဆေးတစ်ပါးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

Credit-Author:သံတိုင်ကို(စိတ်ပညာ)

Leave a Reply

Your email address will not be published.