ကမ္ဘာ့အဆင့်အမြင့်ဆုံး ကိုယ်ပျောက် တိုက်လေယာဉ်များ
မျက်မှောက်ခေတ် ၂၁ ရာစု တိုက်လေယာဉ်များကို ပဉ္စမမျိုးဆက် ဂျက်လေယာဉ်များဟု ခေါ်ဆိုပြီး အခြားမျိုးဆက် တိုက်လေယာဉ်များထက် များစွာသာလွန်ပါသည်။ ပဉ္စမမျိုးဆက် ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များမှာ လက်တစ်ဆုပ်စာအရေအတွက် အနည်းငယ်သာရှိပါသည်။
ကမ္ဘာပေါ်ရှိ အဆင့်အမြင့်ဆုံး ကိုယ်ပျောက် ဂျက်တိုက် လေယာဉ်များစာရင်းကို ပြုစုခဲ့ပြီး အကောင်းဆုံး ၄ မျိုးမှာ ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်များဖြစ်သည့် F-22 Raptor၊ F-35 Lightning II၊ Sukhoi Su-57နှင့် Chengdu J-20 တို့ဖြစ်ပါသည်။
ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်တစ်စင်းအား သတ်မှတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသော်လည်း ကိုယ်ပျောက်စွမ်းရည် (Stealth)၊ စစ်ကစားနိုင်စွမ်းမြင့်မားခြင်း (High Maneuverahblity)၊ အဆင့်မြင့်ပျံသန်းရေးစနစ်များ (Advanced Avionics)၊ အာရုံခံကိရိယာ၊ ပျံသန်းရေးစနစ်များနှင့် ကွန်ရက်ချိတ်ဆက်၍ အချက်အလက် ပေါင်းစပ်ခြင်း(Networked Data Fusion from Sensors and Avionics ) နှင့် ဘက်စုံသုံး စွမ်းဆောင်နိုင်ခြင်း(Multirole Capabilities)တို့ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
၁။ F-22 Raptor (အမေရိကန်)
အမေရိကန်နိုင်ငံက Lockheed Martin ကုမ္ပဏီထုတ် F-22 Raptor ဂျက်တိုက် လေယာဉ်သည် ကမ္ဘာပေါ်တွင် သက်တမ်းအကြာမြင့်ဆုံးနှင့် အဆင့်မြင့်ဆုံး ဂျက် လေယာဉ်များပင် ဖြစ်ကြပါသည်။
အမေရိကန်လေတပ်အတွက် Lockheed Martin ကုမ္ပဏီနှင့် Boeing ကုမ္ပဏီတို့က တီထွင်ထုတ်လုပ်ခဲ့သော အဆိုပါ ဂျက်တိုက်လေယာဉ်သည် အခြားသောနိုင်ငံများသို့ ရောင်းချခြင်းမပြုဘဲ ၂၀၀၅ ခုနှစ်တွင် အမေရိကန် လေတပ်က တပ်တော်သွင်းခဲ့ပါသည်။
F-22 Raptor ဂျက်တိုက်လေယာဉ်သည် ၎င်း၏ Stealth စွမ်းရည်၊ ပေါင်းစပ်ထားသည့် ပျံသန်းရေးစနစ်များ၊ ထူးကဲသောစွမ်းဆောင်ရည်နှင့် စစ်ကစားနိုင်စွမ်းမြင့်မားခြင်း တို့အတွက် လူသိများသည့် အင်ဂျင် ၂ လုံးတပ် တစ်ယောက်မောင်း ပဉ္စမမျိုးဆက် အဆင့်မြင့်နည်းဗျူဟာမြောက် တိုက်လေယာဉ်တစ်စင်းဖြစ်ပါသည်။
Raptor ကိုယ်ပျောက် တိုက်လေယာဉ်အား ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလတွင် ပထမဆုံးအကြိမ် ပျံသန်းမှုဆောင်ရွက်ခဲ့ပြီး စောင့်ကြည့်မှု၊ ကင်းထောက်မှု၊ တိုက်ခိုက်မှု၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် အချက်ပြထောက်လှမ်းမှုတို့အပါအဝင် မစ်ရှင်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခဲ့ပါသည်။
၂။ F-35 Lightning II (အမေရိကန်)
F-35 Lightning II တိုက်လေယာဉ်သည် Lockheed Martin ကုမ္ပဏီ၏နောက်ထပ် တီထွင်ဖန်တီးမှု တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်များအနက် တစ်စင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ညွှန်းဆိုကြပါသည်။
၎င်းသည် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော နိုင်ငံတကာသုံး ပဉ္စမမျိုးဆက် ဘက်စုံသုံးတိုက်လေယာဉ်လည်း ဖြစ်ပါသည်။ ပြည်ပသို့တင်ပို့ခြင်း မပြုနိုင်သည့် F-22 Raptor တိုက်လေယာဉ်များနှင့် မတူညီသည်မှာ F-35 Lightning II တိုက် လေယာဉ်ကို လက်ရှိဝယ်ယူသူများဖြစ်သည့် တူရကီနှင့် ဂျပန်နိုင်ငံကဲ့သို့သော အခြားနိုင်ငံများ၏ လေတပ်များက အသုံးပြုနိုင်ပြီး
၎င်းသည် ရဟတ်ယာဉ်များကဲ့သို့ ဒေါင်လိုက်ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်းတို့ ပြုနိုင်ပါသည်။ အဆိုပါ တစ်ယောက်မောင်းတိုက်လေယာဉ်တွင် Sidewinder နှင့် Storm Shadow ကဲ့သို့သော လက်နက်စနစ်များနှင့် ပူးပေါင်းတိုက်ရိုက်ပစ်ခဲယမ်းများ Joint Direct Attack Munitions (JDAMs) တပ်ဆင်ထားပါသည်။
F-35 တိုက်လေယာဉ်သည် သမားရိုးကျ ပျံတက်မှုနှင့် ဆင်းသက်မှု (CTOL)၊ ပြေးလမ်းတိုပျံတက်မှုနှင့် ဒေါင်လိုက်ဆင်းသက်မှု (STOVL)နှင့် လေယာဉ်တင်သင်္ဘောသုံး မူကွဲ (CV) ဟူ၍ အမျိုးအစားများ ရှိပါသည်။
၃။ Chengdu J-20 (တရုတ်)
Chengdu J-20 ကို တရုတ်နိုင်ငံ ချန်ဒူးလေယာဉ်စက်မှုလုပ်ငန်းစု (CAIG)က ထုတ်လုပ်ခဲ့သော ပဉ္စမမျိုးဆက် အင်ဂျင် ၂ လုံးတပ် တစ်ယောက်မောင်း Stealth ဂျက်တိုက်လေယာဉ် ဖြစ်ပါသည်။
အဆိုပါ ဂျက်တိုက်လေယာဉ်ကို တရုတ်လေတပ်အတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ မှကစ၍ တန်းပြည့်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ J-20 တိုက်လေယာဉ်သည် မြင်ကွင်းလွန် ဝေဟင်မှဝေဟင်ပစ်နှင့်တာတိုပစ်ဒုံးကျည်များ၊ ဝေဟင်မှရေပြင်ပစ် ဒုံးကျည်များ၊ လေဆာပဲ့ထိန်းဒုံးများနှင့် ရေဒါဖျက်ဒုံးကျည်များအား ရောနှောသယ်ဆောင်နိုင်သည်။
၄။ Sukhoi Su-57 (ရှရှား)
အမေရိကန်လုပ် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်လျက်ရှိသည်မှာ ရုရှားလုပ် Sukhoi Su-57 တိုက်လေယာဉ်ဖြစ်ပြီး ၎င်းသည် ရုရှား၏ ပထမဆုံး ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်ဖြစ်ပါသည်။
Su- 57 သည် အိန္ဒိယနိုင်ငံအတွက် U- 30 MKI တိုက်လေယာဉ်ထုတ်လုပ်သည့် Sukhoi ကုမ္ပဏီက ထုတ်လုပ်ခဲ့သော အင်ဂျင် ၂ လုံးတပ် တစ်ယောက်မောင်းဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပါသည်။
ယခင်က PAK FAနှင့် T-50 ဟုခေါ်ဝေါ်ခဲ့သော Su-57 တိုက်လေယာဉ်သည် လက်ရှိ စတုတ္ထမျိုးဆက် Su-27 တိုက်လေယာဉ်အုပ်ကို အစားထိုးရန်အသင့်ရှိနေပြီ ဖြစ်ပါသည်။
Su-57တိုက်လေယာဉ်သည် ရန်သူ၏ မြေပြင်၊ ဝေဟင်နှင့်ရေပြင်ပစ်မှတ် အမျိုးအစားအားလုံးကို ခုခံကာကွယ်နိုင်ပြီး တာတိုပစ် ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များ၊ ဝေဟင်မှရေပြင်ပစ် ဒုံးကျည်များ၊ တာတိုနှင့်တာလတ်ပစ်ပဲ့ထိန်းနှင့် ပဲ့ထိန်း မဟုတ်သည့် လက်နက်များနှင့် ၂၅၀ ကီလိုဂရမ်၊ ၅ဝဝ ကီလိုဂရမ်နှင့် ၁၅ဝဝ ကီလိုဂရမ် အတန်းအစားဗုံးများကို သယ်ဆောင်နိုင်ပါသည်။
ဤပဉ္စမမျိုးဆက် ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များအပြင် ကမ္ဘာအနှံ့ရှိ နိုင်ငံအများစုတွင် အသုံးပြုနေသော လက်ရှိ မျိုးဆက်တိုက်လေယာဉ်များကို စတုတ္ထမျိုးဆက် ဂျက်တိုက်လေယာဉ်များဟု ခေါ်ဆိုပြီး ၎င်းတို့အနက် အဆင့်မြင့် ခေတ်မီပြုပြင်မွမ်းမံမှုပြုလုပ်ခဲ့သော အချို့လေယာဉ်များ ကို ၄ ဒသမ ၅ မျိုးဆက်၊ သို့မဟုတ် စတုတ္ထမျိုးဆက်လွန် (4++) ဂျက်တိုက်လေယာဉ်ဟုလည်း ခေါ်ဆိုကြပါသည်။