ကမ္ဘာ့အသန့်ရှင်းဆုံးမြို့များ

ကမ္ဘာ့အသန့်ရှင်းဆုံးမြို့များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ နှစ်စဉ်နှစ်တိုင်းဆိုသလို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လေထုအရည်အသွေးတွေကို တိုင်းတာလေ့ရှိပါတယ်။ ဒီလိုတိုင်းတာရာမှာ နိုင်ငံအနည်းငယ်ကသာ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလျှော့ချကာ လေထုညစ်ညမ်းမှုနည်းပါးအောင် အကောင်းဆုံးဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။

ဒါ့အပြင် အဲဒီနိုင်ငံတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေရေး မူဝါဒတွေကို ဦးစားပေး ချမှတ်ထားတာလည်း တွေ့ရပါတယ်။

အသန့်ရှင်းဆုံးသောမြို့တွေကို အဆင့်သတ်မှတ်နိုင်ဖို့အတွက် အမှိုက်စွန့်ပစ်မှုစနစ်၊ ရေရရှိနိုင်မှုနဲ့ သောက်သုံးနိုင်မှု၊ ရေနုတ်မြောင်းစနစ် အရည်အသွေး၊ ယာဉ်ကြောပိတ်မှုနဲ့ လေထုညစ်ညမ်းမှုလိုမျိုး အကြောင်းအရာတွေကို အခြေခံပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။

၁။ ဟမ်းဘတ်မြို့ (ဂျာမဏီနိုင်ငံ)

ဟမ်းဘတ်မြို့သည် ဂျာမနီမြောက်ပိုင်းရဲ့ အဓိကဆိပ်ကမ်းမြို့ဖြစ်ပြီး မြောက်ပင်လယ်နှင့် Elbe မြစ် ဆက်သွယ်ထားပါတယ်။ ဒါဟာ တူးမြောင်းရာပေါင်းများစွာ ဖြတ်သန်းတဲ့နေရာဖြစ်ပြီး Parkland ရဲ့ ကြီးမားတဲ့ ဧရိယာထဲမှာ ပါဝင်ပါတယ်။

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ဟာ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို အလေးထား ထိန်းသိမ်းတဲ့မြို့လည်း ဖြစ်ပါတယ်။ မြို့အနေနဲ့လည်း ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ထုတ်လွှတ်မှုကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့လည်း ရည်မှန်းချက်ထားရှိပါတယ်။

မြို့သူမြို့သားများကလည်း မြို့သန့်ရှင်းရေးအတွက် အထူးစည်းကမ်းရှိကြပြီး သန့်ရှင်းရေးနည်းပညာများကိုလည်း စနစ်တကျသုံးစွဲခြင်းကြောင့် ဒီမြို့ဟာ အသန့်ရှင်းဆုံး မြို့တစ်မြို့ ဖြစ်လာခဲ့ပါတယ်။

၂။ ချီကာဂိုမြို့ (အမေရိကန်ပြည်ထောင်စု)

အီလီနွိုက်ပြည်နယ်မှာရှိတဲ့ ချီကာဂိုမြို့သည် လူဦးရေအများဆုံးမြို့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ တတိယ လူဦးရေအများဆုံး ဖြစ်ပါတယ်။ အမေရိကန်ရှိ ချီကာဂိုမြို့ဟာ လူဦးရေ ထူထပ်သိပ်သည်းလှတာကြောင့် လွန်ခဲ့တဲ့နှစ်များစွာက ပုံမှန်သန့်ရှင်းမှုပဲ ရှိတဲ့မြို့ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ သန့်ရှင်းရေးစနစ်ကို အလေးထား ဆောင်ရွက်ခဲ့တာကြောင့် ယခုအခါမှာတော့ အသန့်ရှင်းဆုံးမြို့တွေထဲက တစ်မြို့ဖြစ်လာခဲ့ပါတယ်၊

ဒီမြို့ရဲ့ သန့်ရှင်းပြီး ညစ်ညမ်းမှုနည်းစေတဲ့ အချက်တစ်ချက်ကတော့ တိုက်ခေါင်မိုးတွေပေါ်မှာ စုစုပေါင်း စတုရန်းပေ ၂ သန်းခန့်ရှိတဲ့ ဥယျာဉ်တွေကို စိုက်ပျိုးထားရှိတဲ့အပြင် စနစ်တကျကောင်းမွန်စွာ တည်ဆောက်ထားတဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေကလည်း လေထုညစ်ညမ်းမှုတွေကို လျှော့ချပေးတာကြောင့် ဖြစ်ပါတယ်။

၃။ ကိုပင်ဂေဟင်မြို့ (ဒိန်းမတ်နိုင်ငံ)

ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်မြို့ဟာ ကမ္ဘာ့အသန့်ရှင်းဆုံးမြို့ တစ်မြို့ထဲမှာ ပါဝင်ပါတယ်။ အစိုးရကိုယ်တိုင်က ရေအရည်အသွေး ထိန်းသိမ်းမှုနဲ့ လေထုနဲ့ရေထုညစ်ညမ်းမှုတွေကို လျှော့ချဖို့ ရင်းနှီးမြှုပ်နှံထားပါတယ်။

ဒီလိုရင်းနှီးမြှုပ်နှံမှုရဲ့ရလဒ်က ကမ်းနားတစ်လျှောက်မှာရှိတဲ့ ရေပြင်ဟာ အမြဲတမ်းကြည်လင်နေတာဖြစ်ပြီး ဘယ်သူမဆို စိတ်သန့်သန့်နဲ့ကို ရေကူးနိုင်တာပါပဲ။ ဒါ့အပြင် ကိုပင်ဟေဂင်မြို့ဟာ အမှိုက်စွန့်ပစ်မှု လျှော့ချရေးနဲ့ အမှိုက်စွန့်ပစ်မှုစနစ်အတွက် ရှေ့ပြေးစီမံကိန်းတွေကိုလည်း အကောင်အထည်ဖော်ထားပါတယ်။

ပြည်သူတွေအားလုံးကလည်း အစိုးရရဲ့ရေရှည်တည်တံ့မှုရှိမယ့် လုပ်ဆောင်ချက်တွေကို လက်ခံယုံကြည်ပါတယ်။ အခုဆိုရင် ဘတ်စကားတွေဟာ လျှစ်စစ်စွမ်းအင်သုံးနေရပြီး လမ်းမအများအပြားဟာဆိုရင်လည်း စက်ဘီးတွေကိုသာ စီးခွင့်ပေးထားပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာတော့ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကင်းစင်တဲ့မြို့ ဖြစ်စေဖို့ ရည်မှန်းထားပါတယ်။

၄။ ဟိုနိုလူလူမြို့ (အမေရိကန်)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်မှာရှိတဲ့ ဟိုနိုလူလူမြို့ဟာ လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ စက်မှုလုပ်ငန်းတွေ မရှိသလောက်နည်းပါးတာမို့ ကမ္ဘာ့အသန့်ရှင်းဆုံးမြို့အဖြစ် စာရင်းဝင်ပါတယ်။

အမေရိကန်အဆုတ်ရောဂါဆိုင်ရာအဖွဲ့အစည်းရဲ့ ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်အရဆိုရင် ဟာဝိုင်ယီပြည်နယ်ရဲ့ လေထုအရည်အသွေးဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ အကောင်းဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ဟိုနိုလူလူမြို့ဟာ ကမ္ဘာပေါ်မှာ ရေနုတ်မြောင်းစနစ် အကောင်းဆုံးသောမြို့အဖြစ် ၂၀၁၈ ခုနှစ်မှာ စာရင်းဝင်ထားပါတယ်။ ဒီလိုအဆင့်(၁)ဆိုတဲ့နေရာကိုရရှိနိုင်ဖို့ အမှိုက်စွန့်ပစ်မှုနဲ့ ရေနုတ်မြောင်းစနစ်၊ ကူးစက်ရောဂါဖြစ်ပွားမှုပမာဏ၊ လေထုညစ်ညမ်းမှု၊ ရေရရှိနိုင်မှုနဲ့ ရေအရည်အသွေးတို့အပေါ် မူတည်ပြီးဆုံးဖြတ်တာဖြစ်ပါတယ်။

၅။ ဟယ်ဆင်ကီမြို့ (ဖင်လန်နိုင်ငံ)

ဟယ်ဆင်ကီမြို့ဟာ  ဖင်လန်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး မြို့နေပြည်သူလူထုက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နဲ့ အမှိုက်စွန့်ပစ်မှုကို ကာကွယ်ဖို့ ကတိပြုထားကြပါတယ်။

အစိုးရကလည်း လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးနိုင်ရေးအတွက် ကျယ်ပြန့်ပြီး စွမ်းအင်ချွေတာမှုရှိတဲ့စနစ်တစ်ခုကို ရေးဆွဲအကောင်အထည်ဖော်နေပါတယ်။သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိအောင် လုပ်ဆောင်ခိုင်းတဲ့  အစိုးရတိုက်တွန်းမှုကိုလည်း ပြည်သူတွေက လိုက်နာကြပြီး ကားတွေနေရာမှာ စက်ဘီးတွေကို အစားထိုးလာကြပါတယ်။

ဟယ်ဆင်ကီမြို့မှာ စက်ဘီးစီးသမားတွေအတွက် ခင်းပေးထားတဲ့လမ်း မိုင်ပေါင်း ၂၄၀၀ ရှိပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာတော့ မြို့နေပြည်သူတွေအနေနဲ့ မော်တော်ကားပိုင်ဆိုင်မှု မရှိရစေဖို့ အစိုးရကရည်မှန်းထားပါတယ်။

ဟယ်ဆင်ကီမြို့ဟာ ဖင်လန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်ပေမယ့်လည်း ကမ္ဘာပေါ်မှာ လေထုအသန့်ရှင်းဆုံးမြို့ ဖြစ်နေပါတယ်။ ရေဆိုရင်လည်း ရေပိုက်ခေါင်းက ကျလာတဲ့ရေကို ချက်ချင်းသောက်နိုင်တဲ့အထိ သန့်ရှင်းပါတယ်။ ၂၀၃၅ ခုနှစ် အရောက်မှာတော့ ကာဗွန်ဓာတ်ငွေ့ကင်းစင်တဲ့မြို့ ဖြစ်လာစေဖို့ တာဝန်ရှိသူတွေက ရည်မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *