မြွေပွေးအကြောင်း တစေ့တစောင်း

မြွေပွေးအကြောင်း တစေ့တစောင်း

ကမ္ဘာပေါ်တွင် မြွေမျိုးစိတ်ပေါင်း ၃၆ဝဝ ခန့်ရှိသည်ဟု သိရသည်။ ထိုအထဲမှ မျိုးစိတ် ၆၀၀ ခန့်က အဆိပ်ရှိ မြွေများဖြစ်ပြီး ကျန်မျိုးစိတ်များက အဆိပ်မဲ့ မြွေများဖြစ်ကြသည်။

စာရင်းရှိမြွေအားလုံး၏ ခြောက်ပုံတစ်ပုံခန့်က အဆိပ်ရှိသော သဘောဖြစ်သည်။ အရွယ်အငယ်ဆုံးမြွေမှာ ၁၀ စင်တီမီတာမှ အကြီးဆုံး ကိုးမီတာခန့် ရှည်လျားသည်။

မြန်မာနိုင်ငံတွင် မြွေမျိုးစိတ် ၁၅၆ မျိုးခန့်ရှိ၍ အဆိပ်ရှိမြွေမျိုးစိတ် ၄၄ မျိုးရှိသည်ဟု မှတ်တမ်းများက ဆိုသည်။ အများသိမြွေမှာ မြွေပွေး၊ မြွေဟောက်နှင့် ငန်းတော်ကျားတို့ ဖြစ်ကြသည်။

မြန်မာ့တောင်သူများကို အန္တရာယ်အပေးဆုံးမြွေမှာ မြွေပွေးဖြစ်သည်။ မြွေကိုက်ခံရမှုများ၏ ၉၀ ရာခိုင်နှုန်းမှာ မြွေပွေးဖြစ်ကြောင်း စာရင်းများအရ သိရသည်။ မြွေပွေးနှင့်စပ်လျဉ်း၍ လက်လှမ်းမီသမျှ မျှဝေလိုသည်။

မြွေပွေးကို စတင်ဖော်ပြခဲ့သော ပညာရှင်မှာ ဒေါက်တာ ပတ်ထရစ်ရပ်ဆဲ (Dr Patrick Russell) ဖြစ်သည်။ မြွေပွေးမျိုးစိတ် နှစ်မျိုးရှိသည်။ သိပ္ပံအမည်အားဖြင့် Daboia Russellii နှင့် Daboia Siamensis တို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒုတိယအမျိုးအစား မြွေပွေးများကို ပေါများစွာပျံ့နှံ့နေကြောင်း မှတ်တမ်း များအရ သိရှိရသည်။

မြွေပွေးများသည် အရှည်ဆုံး ၅ ဒသမ ၅ ပေ ခန့်ထိရှည်ကြသည်။ ကုန်းတွင်းပိုင်းမြွေပွေးများက ပျမ်းမျှ လေးပေခန့်ထိ ရှည်သည်။ အမြီးအရှည် ခုနစ်လက်မခန့်ရှိသည်။ လုံးပတ် ခြောက်လက်မခန့်ရှိသည်။ ဦးခေါင်း၏ အကျယ်နှင့် အရှည်မှာ အရွယ်အစားတူညီ၍ နှစ်လက်မခန့်ရှိသည်။

မြွေပွေးတစ်ကောင်၏ ဦးခေါင်းကို မြင်လိုက်လျှင် လည်ပင်းနှင့် သိသာစွာကွဲပြားပြီး တြိဂံပုံ သို့မဟုတ် မြားဦးချွန်ပုံ ထင်ရှားသည်။ နှာခေါင်းတုံးတိတိ ပုံစံရှိ၍ အပေါ်ဘက်သို့မော့နေသည်။

နှာပေါက်အပေါ်ပိုင်းအကြေးခွံများက လခြမ်းသဏ္ဌာန်ကွေး၍ ပါးစပ်ပေါက်ရှေ့နားတွင် ကွဲထွက်သော အနေအထားဖြစ်သည်။ ဦးခေါင်းအပေါ်ဘက်တွင် မညီညာသော အကြေးခွံများ ထင်ရှားသည်။

မျက်လုံးများမှာ ကြီးမားထင်ရှားပြီး အကြေးခွံငယ် ၁၅ ခု ခန့် ဝိုင်းရံထားသည်။ ပါးစပ်များ အထက်အောက်ကျယ် ပြန့်စွာဟနိုင်၊ ပိတ်နိုင်သည်။ အစွယ်နှစ်စုံပါရှိ၍ အဆိပ်အိတ်နှင့် ပြွန်သဖွယ် ဆက်သွယ်လျက်ရှိသည်။

ကိုယ်လုံးတွင် ကန့်လန့်ဖြတ်အကွက်များနှင့် ဝိုင်းပတ်ထားသည်။ ကျောကုန်းတွင် အကြေးခွံအရောင်ရင့် အတန်းများလိမ်ကောက်ပါရှိထင်ရှားလှသည်။ ဝမ်းဗိုက်အကြေးခွံများမှာ ကျောဘက်နှင့်စာလျှင် အရောင်ဖျော့၍ အဖြူရောင်၊ အဝါနုရောင် သို့မဟုတ် ပန်းရောင်ဖြစ်ပြီး အညိုရောင်သို့မဟုတ် အနက်ရောင် အစက်အပြောက်များစွာပါရှိတတ်သည်။

မြွေပွေး၏အမြီးမှာ ခန္ဓာကိုယ်စုစုပေါင်းအလျား၏ ၁၄ ရာခိုင်နှုန်းသာရှိသဖြင့် အမြီးတိုသည်ဟု သတ်မှတ်နိုင်သည်။ မြွေပွေး၏ မူလဇာတိမှာ အိန္ဒိယနိုင်ငံဟု မှတ်သား မိပါသည်။ မြွေပွေးကို အင်္ဂလိပ်အမည် Russel’s Viper ဟု အများဆုံးခေါ်ဝေါ်သုံးနှုန်းလေ့ရှိသည်။

မြွေပွေးကို အိန္ဒိယနိုင်ငံတွင် ဒေသအလိုက် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ပန်ဂျပ်၊ ဟိန္ဒူဘာသာစကားဖြင့် Daboia ဟု ခေါ်ပြီး ဘင်္ဂါလီစကားဖြင့် Bora ဟုခေါ် သည်။ တမီးလ်ဘာသာစကားဖြင့် Kannadi virian ဟု ခေါ်ကြသည်။

အခြားဘာသာစကားများစွာဖြင့် အခေါ်အဝေါ်များလည်းရှိသေးသည်။ မြွေနှင့်ဆိုင်ရာအယူအဆများ၊ ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးစံများကိုလည်း သီးခြားသုတေသနပြုကြရဦးမည်ဖြစ်သည်။ ကျယ်ဝန်းနက်ရှိုင်းလှပါ၏။

မြွေပွေးများကို မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ တရုတ်(တိုင်ပေ)နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် တွေ့ရှိနိုင်သည်။

မြွေပွေးအများဆုံးကို ကိုရိုမန်ဒယ်ကမ်းရိုးတန်းတွင် တွေ့ရှိကြောင်း ဖော်ပြချက်များလည်းရှိသည်။ မြွေပညာရှင်များက ဗီယက်နမ်၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းတို့တွင်လည်း မြွေပွေးများကို တွေ့ရသည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းဒေသ၊ တောင်ပိုင်းဒေသနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် မြွေပွေးပေါများစွာတွေ့ရပြီး ဂင်္ဂါမြစ်ဝှမ်း၊ အိန္ဒိယမြောက်ပိုင်း ဘင်ဂေါဒေသနှင့် အာသံပြည်နယ်တို့တွင်မူ ရှားပါးစွာတွေ့ နိုင်သည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် အလွန်အေးသောဒေသမှလွဲ၍ အနှံ့အပြားတွေ့ရှိနိုင်သည်။ မြို့ပြနှင့်ကျေးလက်ဟူ၍ မခွဲခြားနိုင်ဘဲ လူနှင့်နီးကပ်စွာ တွေ့နိုင်သည်ဟူ၍လည်းဆိုသည်။ လူတို့နေထိုင်ရာပတ်ဝန်းကျင်များတွင် မြွေပွေး၊ မြွေဟောက်နှင့် ငန်းတော်ကျားများ ရှိနေတတ်သေးသည်။

မြွေပွေးများကို သစ်တောအလွန်ထူထပ်သောနေရာတွင် တွေ့ရလေ့မရှိဘဲ ချုံထူထပ်ရာကွင်းပြင်၊ မြက်ခင်းပြင်စသော နေရာများတွင် နေထိုင်လေ့ရှိသည်။ ပါးလျားသော သစ်တော၊ စိုက်ပျိုးရေးခြံများတွင်လည်း နေနိုင်ကြ‌သေးသည်။ အဓိကအားဖြင့် အပူပိုင်းဒေသစိုက်ခင်းများတွင် အများဆုံး တွေ့ရတတ်သည်။

မြွေပွေးများမှာ ကုန်းမြင့်ဒေသများတွင် နေလေ့မရှိကြသော်လည်း ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀၀၀ မှ ၃၀၀၀ ထိမြင့်သော ဒေသများတွင် နေထိုင်
နိုင်ကြကြောင်းကိုလည်း မှတ်သားမိသည်။

ရေလွှမ်းမိုးနိုင်သော မိုးများရာ စိမ့်မြေတော၊ ရွှံ့မြေတို့တွင် မြွေပွေးကို မတွေ့ရတတ်ပါ။ စိုစွတ်သောပတ်ဝန်းကျင်ကို နှစ်သက်ခြင်းမရှိပါ။ ကမ်းရိုးတန်းမြေနိမ့်ဒေသ၊နေထိုင်ရန်အဆင်ပြေသော တောင်ကုန်းငယ်များနှင့် မြေပြန့်လွင်ပြင်ဒေသများတွင်သာ အများဆုံးတွေ့ရကြောင်းလည်း သိရသည်။

မြွေပွေးများတွင် ကိုယ်တွင်း၌ဥများဥပြီး အကောင် ပေါက်ချိန်ရောက်မှ အကောင်ပေါက်များ မိခင်ဝမ်းမှ အပြင်သို့ရောက်ရှိကြသည်။ တစ်နည်းအားဖြင့် အကောင်လိုက်‌မွေးသည်ဟု ဆိုနိုင်ပါလိမ့်မည်။ အခြားသော တွားသွားသတ္တဝါများကဲ့သို့ ဥများအပြင်သို့ ဥချခြင်းမရှိသည်မှာ မြွေပွေး၏ ထူးခြားသောဓလေ့ဖြစ်သည်။

နှစ်တစ်နှစ်၏ အစပိုင်းကာလများတွင် မြွေပွေး အဖို၊ အမ ယှဉ်တွဲလျက်မိတ်လိုက်ခြင်းကို တွေ့ရတတ်သည်။ မြွေအမ၏ခန္ဓာကိုယ်ထဲတွင် ဥများတစ်နှစ်ပတ်လုံးတွေ့ရှိရပြန်သဖြင့် တစ်နှစ်ပတ်လုံး မိတ်လိုက်နိုင်ကြသည်ဟူ၍လည်း ယူဆနိုင်သည်။

သန္ဓေဆောင်ကာလမှာ ခြောက်လခန့်ကြာမြင့်သည်။ မေလမှ နိုဝင်ဘာလအတွင်း သားပေါက်နိုင်ကြပြီး ဇွန်လနှင့် ဇူလိုင်လတွင် အများဆုံးသားပေါက်နိုင်ကြကြောင်းကိုလည်း မှတ်တမ်းပြုထားသည်။ တစ်ကြိမ်သားပေါက်လျှင် မြွေပွေးငယ် အကောင်ရေ ၂၀ မှ ၄ဝ ထိ ပေါက်နိုင်ကြပြီး အရွယ်အားဖြင့် မီလီမီတာ ၂၀၀ မှ ၂၆၀ ခန့်သာ ရှည်လျားသည်။

သားပေါက်အကောင်ငယ်များထဲမှ တစ်ကောင်၊ နှစ်ကောင်ခန့်သာ သက်ကြီးကောင် ဘဝရောက်သည်ထိ အသက်ရှင်ကျန်ရစ်ပြီး ကျန်အကောင်များမှာ အကြောင်းအမျိုးမျိုးဖြင့် အသက်ဆုံး လေ့ရှိကြသည်။ မြွေပွေးငယ်တစ်ကောင်မှာ သက်တမ်း နှစ်နှစ်မှ သုံးနှစ်အတွင်း အရွယ်ရောက်လျက် မျိုးပွားနိုင်စွမ်းရှိလာကြသည်။

မြွေပွေးများ၏ အဓိကအစာမှာ ကြွက်မျိုးစိတ်များ ဖြစ်ကြသည်။ ညအခါတွင် မြွေပွေးများ အစာရှာထွက်လေ့ရှိသော်လည်း အေးမြသောရာသီ၌ နေ့ဘက်တွင် လည်း အစာရှာလေ့ရှိသည်။ ကြွက်များအပြင် ယုန်၊ ရှဉ့်၊ ကဏန်း၊ ပင့်ကူနှင့် အိမ်မွေးကြောင်များကိုပါ ဖမ်းယူစားကြသော သဘာဝရှိသည်။

မြွေပွေးပေါက်စများက ကြွက်ပေါက်စများနှင့် အိမ်မြောင်ငယ်လေးများကို စားနိုင်ကြသည်။ မြွေပွေးများ အစာတစ်ကြိမ်စားပြီးလျှင် ငါးလခန့် အစာမစားဘဲ နေနိုင်သောသဘာဝလည်း ရှိနေကြသည်။

ဂေဟစနစ်သဘောအရ စပါးခင်းကို ပျက်ဆီးစားသောက်ကြသော ကြွက်များကို မြွေပွေးက ဖမ်းယူစားသောက်ကြသဖြင့် ကြွက်ကောင်ရေကျဆင်းစေသည်။ မြွေပွေးများကို စီးပွားဖြစ်ဖမ်းယူရောင်းချကြသောအခါ ကြွက်ကောင်ရေတိုးပွားပြီး စပါးထွက် နှုန်းလျော့ပါးလာစေသည်။ သဘာဝဟန်ချက်ပျက်ခြင်းဟု ဆိုနိုင်သည်။

မြွေပွေးအဆိပ်ပါဝင်မှုမှာ မြွေပွေး၏အသက်အရွယ်ပေါ်မူတည်သည်။ အရွယ် ရောက် ပြွေပွေးတစ်ကောင်မှ ထွက်ရှိသော မြွေဆိပ်မှာ မီလီဂရမ် ၁၃ဝ မှ ၂၅၀ ထိရှိနိုင်သည်။ မြွေပွေးပေါက်ငယ်တစ်ကောင်တွင်ပင် ၄၅ မီလီဂရမ်ထုက်နိုင်သည်။

လူ၏ သွေးတွင်း မြွေပွေးအဆိပ် မီလီဂရမ် ၄၀ မှ ၇၀ ထိရောက်ရှိလျှင် အသက်ဆုံးနိုင်၏။ မြွေပွေးအဆိပ်က လူ၏ သွေးလှည့်အဖွဲ့ကို အဓိကထား ပျက်ဆီးသည်။ မြွေပွေးကိုက်ခံရပါက အကိုက်ခံရသောနေရာများ အထူးသဖြင့် ခြေလက်များရောင်ကိုင်းလာသည်။ သွေးယိုစီးခြင်းဖြစ်ပေါ်သည်။ သွေးဖိအားကျဆင်း၍ နှလုံးခုန်နှုန်းနှေးသွားတက်သည်။အော့အန်ခြင်း၊ ဖောရောင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်ပေါ်တတ်သည်။

မြွေပွေးကိုက်ခံရလျှင် အနီးစပ်ဆုံးဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးရောက်အောင်သွားရောက်ရပါမည်။ ဆေးမြီးတိုများနှင့် အခြားသောကုထုံးများထက် မြွေဆိပ်ဖြေဆေးထိုးနှံရန် အရေးကြီးပါသည်။ ရှေးဦးကြက်ခြေနီပြုစုနည်းများဖြင့် ပြုစုနိုင်ပါက အဆင်ပြေနိုင်သည်။

မြွေရှိရာနေရာများသို့ သွားရပါလျှင် ဒူးအထက်မြင့်သော ဘွတ်ဖိနပ်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်သွားရပါမည်။ ချုံထူထပ်သောနေရာ ကျောက်တုံး အောက်များ၊ ကျောက်ဆောင်၊ ကျောက်သား အက်ကြောင်းများ၊ လိုဏ်ခေါင်းများကို သတိပြုရှောင်ရှားပါ။

ရေထဲတွင် တစ်ခါတစ်ရံ မြွေပွေးပါလာတတ်သည်ကို မမေ့ပါနှင့်။ မြေပြင်တွင်သွားလာသောအခါ ဆူညံသော အသံပေး၍ သွားလာသင့်ပါသည်။ မမြင်ကွယ်ရာတွင် လက်ခြေများ မရောက်ရန်သတိထားပါ။ မြွေလှမ်းပေါက်နိုင်သော လက်တစ်ကမ်းအကွာရှိ ပစ္စည်းများကို အမှတ်တမဲ့ မကောက်ယူသင့်ပါ။ မြွေတွေ့ပါကလည်း အနီးသို့မသွားသင့်ပါ။

မြန်မာတို့က“မြွေပွေးကို အရွယ်ငယ်သည်ဟူ၍ အလမ္ပာယ်မပြနှင့်”၊“မြွေပွေးခါးပိုက်ပိုက်”နှင့်“မြွေပွေး ပိုးထိ”ဟူသောစကားပုံများ ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။ အခြားတိုင်းရင်းသားများတွင်လည်း မြွေနှင့်ဆိုင်ရာ ဆိုရိုးစကားပုံများရှိနေကြသည်။ သရက်မြို့နယ်တွင် မြွေပွေးရွာနှင့် ညောင်ရွှေမြို့နယ်တွင် မြွေပွေးအောက်ရွာဟူသော အမည်များဖြင့် ကျေးရွာများရှိ ကြောင်းလည်း မှတ်သားမိပါသည်။

Source-Yadanarpon news

Leave a Reply

Your email address will not be published.