အမေရိကန် အာကာသစစ်ဆင်ရေးတပ်ဖွဲ့အကြောင်း

အမေရိကန် အာကာသစစ်ဆင်ရေးတပ်ဖွဲ့အကြောင်း

အင်အားကြီးနိုင်ငံများတွင် အာဏာသနယ်မြေစိုးမိုးရေး၊ အာကာသသြဇာလွှမ်းမိုးရေးနှင့် ထိန်းချုပ်ရေးတို့ကို အလေးထား၍ အာကာသတပ်ဖွဲ့များ အပြိုင်အဆိုင်ဖွဲ့စည်းထားကြပြီ ဖြစ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံတို့ကလည်း အာကာသနည်းပညာမြင့်မားရေး ကြိုးပမ်းနေကြသလို အာကာသန နယ်မြေကာကွယ်ရေးအတွက် ပိုမိုစိတ်ဝင်စားလာကြပြီး အာကာသစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးဌာနများ ဖွဲ့စည်းလျက်ရှိပါသည်။ ယခုတင်ပြမှာက အမေရိကန် အာကာသစစ်ဆင်ရေးတပ်ဖွဲ့ အကြောင်းဖြစ်ပါတယ်။

အမေရိကန် အာကာသစစ်ဆင်ရေးတပ်ဖွဲ့

အမေရိကန်၏ မူဝါဒရေးရာ အကောင်အထည်ဖော်သူများက အာကာသစစ်ဆင်ရေး ဖြစ်လာနိုင်ကြောင်းနှင့် ပြင်ဆင်ထားရန် လိုအပ်ကြောင်းကို ၂၀၁၄ ခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြောဆိုလာကြသဖြင့် အမေရိကန်အစိုးရအနေဖြင့် အာကာသစစ်ဆင်ရေးနှင့်ပတ်သက်၍ ပိုမိုအာရုံထားလာခဲ့ပါသည်။

အမေရိကန်သည် တန်ပြန်အာကာသစနစ်များအတွက် သုတေသနနှင့် တိုးတက်ရေးလုပ်ငန်းများကို ၁၉၆ဝ ပြည့်နှစ်ကတည်းက သမ္မတ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လာခဲ့သော်လည်း တန်ပြန်အာကာသစွမ်းဆောင်ရည်နှင့်ပတ်သက်သော မူဝါဒများကို တရားဝင်ထုတ်ဖော်လေ့မရှိသဖြင့် စမ်းသပ်မှုအချို့အား လေ့လာစောင့်ကြည့်ခြင်းဖြင့်သာ သိရှိနိုင်ပါသည်။

အမေရိကန်သည် အကာသဆိုင်ရာမူဝါဒတွင် ကာကွယ်ရေး (Defence Space Control -DSC) နှင့်စစ်ဆင်ရေး (Offensive Space Control-OSC) ကဏ္ဍနှစ်ရပ်လုံးကို ထည့်သွင်းထားပြီး အာကာသစစ်ဆင်ရေးဆိုင်ရာ မဟာဗျူဟာအစီအမံများချမှတ်၍ ကမ္ဘာမြေပြင်အထက် ၁၀၀ ကီလိုမီတာတွင် ဖြစ်ပွားနိုင်သော စစ်ဆင်ရေးကိစ္စများအတွက် အာကာသအမိန့်ပေးဌာန (United States Space Command) ကို ၁၉၈၅ ခုနှစ်က တည်းကဖွဲ့စည်းခဲ့ပါသည်။

၎င်းဌာန၏ လုပ်ငန်းတာဝန်များမှာ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များကို အာကာသနှင့်ပက်သက်သော တိုက်ပွဲစွမ်းအားမြင့်မားအောင် လေ့ကျင့်ပေးရပြီး အာကာသဆိုင်ရာ စစ်ရေးရည်မှန်းချက်များကို ဆက်လက် အကောင်အထည်ဖော်ရေး၊

အာကာသမှ ကမ္ဘာမြေပြင်သို့ ပစ်ခတ်နိုင်သော လက်နက်စနစ်များအကောင်အထည်ဖော်ရေး၊ လနှင့် ကမ္ဘာအကြား အာကာသပတ်ဝန်းကျင်စောင့်ကြည့်လေ့လာရေးတို့ကိုလည်း ဆောင်ရွက်ရပါသည်။

ထို့ပြင် ဂြိုဟ်တုစနစ် အခြေခံသော အမိန့်ပေးစနစ်များ၊ ဆက်သွယ်ရေး၊ စစ်သတင်းထောက်လှမ်းရေးနှင့် လမ်းညွှန်စနစ်များ၊ ဒုံးလက်နက်အန္တရာယ်ကြိုတင် အချက်ပြစနစ်များနှင့် ရာသီဥတု ကြိုတင်ခန့်မှန်းရေးလုပ်ငန်းတို့ကို ရန်သူနှောင့်ယှက်ဖျက်ဆီးမှုက ကာကွယ်ရန်လည်း ၎င်းဌာနတွင်ပင် တာဝန်ရှိပါသည်။

၂၀၀၂ ခုနှစ်တွင် ၎င်းဌာနကို မဟာဗျူဟာအမိန့်ပေးဌာန (United States Strategic Command)အောက်သို့ ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။

မဟာဗျူဟာအမိန့်‌ပေးဌာနအောက်တွင် ဖွဲ့စည်းထားသော အမေရိကန်လေတပ်၏ အကာသအမိန့်ပေးဌာန (Air Force Space Command) သည် ၁၉၈၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဂြိုဟ်တုနှင့်ဆိုက်ဘာစစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။

ကမ္ဘာတစ်ဝန်း ၈၈ နေရာရှိ အမေရိကန်လေတပ်များ၊ အရန်လေတပ်စခန်းများ၊ အမျိုးသားလေကြောင်းစောင့်တပ်၊ အရပ်ဘက်လေကြောင်းကာကွယ်ရေးဌာနတို့တွင် တပ်ဖွဲ့ဝင်အင်အား ၃၈ဝဝဝ ကို တပ်ဖြန့်ချထားပြီး လုပ်ငန်းတာဝန်များမှာ_ (က) အာကာသသို့ လူနှင့်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း၊ ဂြိုဟ်တုလွှတ်တင်ရေးလုပ်ငန်းနှင့် အာကာသလုပ်ငန်းတို့ကို အကူအညီပေးရခြင်း။

(ခ) အာကာသစစ်ဆင်ရေးနှင့် ရင်းနှီးကျွမ်းဝင်မှုရှိအောင် လေ့ကျင့်ပေးခြင်း၊ တန်ပြန် အာကာသစစ်ဆင်ရေးလုပ်ငန်းများကို အထောက်အကူပေးရခြင်း၊ အာကာသစစ်ဆင်ရေးနှင့်ပတ်သက်သော ထောက်လှမ်းရေးသတင်းများကို စောင့်ကြည့်လေ့လာပြီး ခွဲခြမ်းစိတ်ဖြာရခြင်း၊ ကာကွယ်တားဆီးရခြင်း။

(ဂ) ဂြိုဟ်တုမှပေးပို့သော မိုးလေဝသဆိုင်ရာအချက်အလက်များ ဆက်သွယ်ရေးစနစ်များ၊ ထောက်လှမ်းရေးစနစ်များ ပဲ့ထိန်းဒုံးကျည်အချက်ပြစနစ်များ၊ လမ်းညွှန်စနစ်များနှင့် တိုက်ပွဲဝင် စစ်သည်များကို လိုအပ်သောအထောက်အပံ့ပေးခြင်းဖြင့် ထိရောက်သော တိုက်စစ်အတွက် ကြိုတင်ပြင်ဆင်ခြင်းတို့ ဖြစ်ပါသည်။

ရုရှား၊ တရုတ်နှင့်အိန္ဒိယတို့တွင် ဂြိုဟ်တုဖျက်လက်နက်များ ပိုင်ဆိုင်ထားပြီး ဖြစ်သောကြောင့် အမေရိကန်၏ အကျိုးစီးပွားနှင့်လုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရသောအခြေအနေတွင်ရှိနေသလို တစ်နည်းအားဖြင့် စစ်ဆင်ရေးလုပ်ငန်းများ၏ မှီခိုအားထားရာဂြိုဟ်တုများ:ကို ကာကွယ်ရေးမှာလည်း လိုအပ်နေပြီဖြစ်သည်။

ထို့ပြင် ရုရှားနှင့် တရုတ်တို့က အာကာသတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့သောကြောင့် အမေရိကန်အစိုးရအနေဖြင့် အာကာသတပ်ဖွဲ့ ဖွဲ့စည်းရန်လိုအပ်ကြောင်း နားလည်လာခဲ့ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြည်သူသို့ ပြောသောမိန့်ခွန်းတွင် အမေရိကန်တွင် အတော်ဆုံးလူများ၊ အကောင်းဆုံးဒုံးလက်နက်များ၊ တင့်ကားများနှင့် စစ်သင်္ဘောများကို ပိုင်ဆိုင်ထားသော်လည်း အာကာသတပ်ဖွဲ့ ဖွဲ့စည်းရန်လိုအပ်နေသေးကြောင်း အသိပေး ပြောကြားခဲ့ပါသည်။

အမေရိကန်အစိုးရအနေဖြင့် တပ်ဖွဲ့အသစ် ဖွဲ့စည်းရာတွင် ငွေကုန်ကြေးကျများ၍ အချိန်ယူဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်ကို သိရှိသော်လည်း အာကာသကို အချိန်မီစိုးမိုးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းရန်လိုအပ်ကြောင်း သဘော ပေါက်ခဲ့သည်။

မြောက်အမေရိက လေကြောင်းရန် ကာကွယ်ရေးအမိန့်ပေးဌာန (North American Air Defense Command) ကို မြောက်အမေရိက လေကြောင်းနှင့်အာကာသကာကွယ်ရေး အမိန့်ပေးဌာန (North American Aerosrace Defense Command) အဖြစ် ၁၉၈၁ ခုနှစ်တွင် အမေရိကန်နှင့်ကနေဒါတို့ ပူးပေါင်းဖွဲ့စည်းခဲ့ ပါသည်။

ဌာနအကြီးအကဲအဖြစ် ကနေဒါနိုင်ငံက ကြယ်သုံးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ခန့်အပ်ထားပြီး မြောက်အမေရိကတိုက်၏ လေပိုင်နက်နှင့်အာကာသပိုင်နက်၏ အချုပ်အခြာအာဏာကိုကာ ကွယ်ရန်ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်၊ဩဂုတ်လ ၁၃ ရက်တွင် သမ္မတဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတော်ကာကွယ်ရေးမူဝါဒအသစ်တွင် အမေရိကန်၏ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့် ကိုက်ညီသော အာကာသတပ်ဖွဲ့ ဖွဲ့စည်းရေး ထည့်သွင်းခဲ့ပါ သည်။

အာကာသတပ်ဖွဲ့ ဖွဲ့စည်းရေးမှာ ထရမ့်၏ဦးစားပေး ရည်မှန်းချက်တစ်ခုဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် အာကာသတပ်ဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာကာကွယ်ရေးမူဝါဒကို မဲခွဲဆုံးဖြတ်၍ ဒီဇင်ဘာလ ၂၀ ရက်တွင် အာကာသတပ်ဖွဲ့ကို လေတပ်၏ အောက်တွင် လွတ်လပ်သော စစ်ဌာနချုပ်တစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၎င်း အာကာသတပ်ဖွဲ့သည် အမေရိကန်၏ ဆဋ္ဌမမြောက်အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

တပ်ဖွဲ့အတွက် လိုအပ်သောအရာရှိများကို လေတပ်အကယ်ဒမီက လေ့ကျင့်မွေးထုတ်ပေးပြီး ပထမဆုံး အာကာသတပ်ဖွဲ့ဝင် အရာရှိသင်တန်းဆင်းပွဲကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၈ ရက်တွင် ကျင်းပခဲ့ပါသည်။

Leave a Reply

Your email address will not be published.