၂၀ ရာစု အကျော်ကြားဆုံး ချာလီချက်ပလင်နှင့် စိတ်ဝင်စားဖွယ်ရာ သူ့ဘဝစာမျက်နှာများ

၂၀ ရာစု အကျော်ကြားဆုံး ချာလီချက်ပလင်နှင့် စိတ်ဝင်စားဖွယ်ရာ သူ့ဘဝစာမျက်နှာများ

ချာလီချက်ပလင် အမည်ရှိသည့် အင်္ဂလိပ်လူမျိုး ဟာသပညာရှင်ဟာ ရုပ်ရှင်သမိုင်းတွင် ထင်ပေါ်ကျော်ကြားမှု သရဖူကို ဆောင်းထားနိုင်ခဲ့သူ ဖြစ်ပါသည်။ လူသာသေ၍ နာမည်မသေသော လူပုဂ္ဂိုလ်လည်း ဖြစ်သည်။

ချာလီချက်ပလင်သည် အသံတိတ် ရုပ်ရှင်များခေတ်တွင် ဟာသသရုပ်ဆောင်အဖြစ်လည်းကောင်း၊ ရုပ်ရှင်ဒါရိုက်တာ တစ်ဦးအဖြစ်လည်းကောင်း၊ တေးသီချင်းရေးဖွဲ့သူ တစ်ဦးအဖြစ်လည်းကောင်း ကျော်ကြားခဲ့သည့် စွယ်စုံရအနုပညာရှင် တစ်ဦးဖြစ်သည်။

ပထမကမ္ဘာစစ် မဖြစ်ပွားမီအချိန်၌ပင် ချာလီချက်ပလင်မှာ အအောင်မြင်ဆုံး ရုပ်ရှင်မင်းသားအဆင့် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ဦးထုပ်တစ်လုံးနှင့် တုတ်တစ်ချောင်းကို စတိုင်အမျိုးမျိုးထုတ်ကာ ကမ္ဘာတစ်ဝန်းရှိ လူသားအားလုံးအား ပျော်ရွှင် ရယ်မောစေသည့် ချာလီချက်ပလင်၏စွမ်းရည်မှာ အံ့ဩဖွယ်ရာဖြစ်သည်။

သူသည် ထိုအသံတိတ်ရုပ်ရှင်ခေတ်တွင် တီထွင်မှုစွမ်းရည်အရှိဆုံး အနုပညာရှင်နှင့် လူများအပေါ် လွှမ်းမိုးနိုင်မှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပြီး နှစ်ပေါင်း ၇၅ နှစ်တိုင်တိုင် ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သက်ခဲ့သူအဖြစ် မှတ်တမ်းတင်ထားကြသည်။

ထို့ပြင် ချာလီချက်ပလင်သည် စီးပွားပျက်ကပ်တို့နှင့် ကြုံတွေ့ရသည့် နှစ်များ၌ဖြစ်စေ၊ နာဇီစစ်တပ်က ကမ္ဘာကြီးကိုကြီးစိုးရန် ပြုလုပ်နေသည့် အချိန်၌ဖြစ်စေ သူ၏ ရုပ်ရှင်လုပ်ငန်းကိုသာ အာရုံစိုက်ခဲ့သော အနုပညာအပေါ် သစ္စာရှိသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်း သတ်မှတ်ခြင်း ခံထားရသည်။

၁၉၉၉ ခုနှစ်၌ အမေရိကန် ရုပ်ရှင်အဖွဲ့အစည်း၏ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ရုပ်ရှင်နှင့် အနုပညာအမျိုးသားများစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ချာလီချက်ပလင်မှာ ထိပ်ဆုံးဆယ်ဦးထဲတွင် ပါဝင်ခဲ့သည်။

၂၀၀၈ ခုနှစ်က စာရေးဆရာ မာတင်ဆီးဖ်၏ ချာလီချက်ပလင်အကြောင်း ရေးသားသည့် စာအုပ်တွင်လည်း ချက်ပလင်သည် ကြီးကျယ်မြင့်မြတ်သော လုပ်ငန်းများကို လုပ်ဆောင်သွားသူတစ်ဦးဟု မသုံးသပ်မိသော်လည်း ထူးခြားသူတစ်ဦးဟု ခံစားမိကြောင်းနှင့်

ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော လူများကို သူ၏အတွေးအမြင်များ၊ အစီအစဉ်များ သရုပ်ဆောင်မှုများဖြင့် ရယ်မောပျော်ရွှင်စေခြင်းမှာ အခြားသူများ လိုက်မီရန် ခက်ခဲသော အရာဖြစ်သည်ကို တွေ့ရသည်။

အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သော ချက်ပလင်မှာ အသက် ၁၃ နှစ်အရွယ်ကတည်းက ရုပ်ရှင်လုပ်ငန်းကို စတင်ခဲ့သူဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်တွင် လူကြိုက်အများဆုံး ဟာသအသံတိတ်ရုပ်ရှင်များကို သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ကြောင်း အဆိုပါစာအုပ်တွင် ဖော်ပြထားသည်။

ချာလီချက်ပလင်သည် တေးသီချင်းသီဆိုမှုပိုင်းတွင်လည်း ပါရမီရှိသူတစ်ဦးအဖြစ် မော်ကွန်းရေးထိုးခြင်း ခံထားရသည်မှာ ထိုက်တန်မှုရှိသည်ဟု သတ်မှတ်ရမည့်နည်းတူ သူ့ဘဝဇာတ်ကြောင်းများကလည်း စိတ်ဝင်စားဖွယ်ရာများ ပြည့်နှက်လျက်ရှိသည်။

ချာလီချက်ပလင်၏ ဘဝအစ

နာမည်အပြည့်အစုံ ချားလိစ်စပင်ဆာချက်ပလင် ဖြစ်သည့် ချာလီချက်ပလင်ကို ၁၈၈၉ ခုနှစ်၊ ဧပြီ ၁၆ ရက်မှာ မွေးဖွားခဲ့ပါသည်။ မွေးရပ်ဇာတိက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ဖြစ်ပြီး ဖခင်နှင့် မိခင်နှစ်ဦးစလုံးမှာ တေးသီချင်းသီဆိုသူနှင့် ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသည်။

သို့သော် ချက်ပလင် သုံးနှစ်မပြည့်မီ၌ သူ၏မိဘနှစ်ပါးမှာ ကွာရှင်းပြတ်စဲခဲ့ကြသည်။ ချက်ပလင်သည် သီချင်းသီဆိုခြင်းကို သူ၏မိဘများထံ၌ စတင်သင်ယူခဲ့သည်။ မိဘများကွဲသွားသည့်အခါ ချက်ပလင်‌သည် အမေဖြစ်သူဘက်သို့ လိုက်ခဲ့ရပြီး နောက်ဆုံး၌ အမေ၏ ထားရစ်ခဲ့ခြင်းကိုလည်း ခံခဲ့ရသည်။

သို့သော် ချက်ပလင်အား ထားရစ်ခဲ့သည့်နေရာမှာ အနုပညာ သင်ကြားရေးကျောင်းဖြစ်ခဲ့သည့်အတွက် သူ၏အောင်မြင်ကျော်ကြားမှု ဘဝအစကို ကြမ်းကြမ်း တမ်းတမ်း မျိုးစေ့ချပေးခဲ့ခြင်းပင် ဖြစ်တော့သည်။

အမေရိကသို့

ချက်ပလင်သည် အသက် ၂၁ နှစ်အရွယ်တွင် အမေရိကသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့ပြီးနောက်ပိုင်းတွင် ရုပ်ရှင်လောက၌ အောင်မြင်မှုရရန်အတွက် အမေရိကတွင်သာ သူ၏ဘဝကို ကုန်ဆုံးစေခဲ့သည်။

ဤသို့ဖြင့် ၁၉၁၃ ခုနှစ်တွင် ချက်ပလင်သည် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ရန် အခွင့်အရေးရရှိခဲ့ကာ ရုပ်ရှင်တေးသီချင်းများ ရေးစပ်သီဆိုရန်လည်း စတင်ကမ်းလှမ်းမှုပြုခြင်း ခံရလေသည်။

The Tramp

အသံတိတ် ရုပ်ရှင်လောက၌ ချက်ပလင်အား ရုပ်ရှင်အနုပညာ စင်မြင့်ပေါ်သို့ ချက်ချင်းရောက်စေခဲ့သည့် ရုပ်ရှင်ကားမှာ The Tramp ဖြစ်ပြီး ၁၉၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။

ချက်ပလင်သည် The Tramp ရုပ်ရှင်ကား၌ လူကြီးလူကောင်းဆန်သည့် အဝတ်အစားများကို ဝတ်ဆင်ရသော်လည်း ရယ်ရွှင်ဖွယ်ဖြစ်သည့် သူ၏လှုပ်ရှားမှုများက ရုပ်ရှင်ကြည့်သူ ပရိသတ်များအား တစ်ကြိမ်ကြည့်ရုံဖြင့် အမှတ်ရစေခဲ့သည်။

ထို့ပြင် အမေရိကရုပ်ရှင်လောကတွင်သာမက အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ဂရိ၊ ရိုမေးနီးယား၊ တူရကီ၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် ဂျာမနီစသည့် နိုင်ငံများတွင်လည်း The Tramp မှာ နာမည်ကျော်ကြား လူကြိုက်များခဲ့သည်။

ထို့ကြောင့် ချက်ပလင်မှာ နောက်ထပ်အောင်မြင်မှုကြီးသည် ရုပ်ရှင်ဇာတ်ကား အများအပြားကို ဆက်လက်ဖန်တီးနိုင်ခဲ့ကာ ဟာသအနုပညာရှင်တစ်ဦးအဖြစ်လည်း ကမ္ဘာက လက်ခံလာခဲ့ကြသည်။

သီချင်းရေးသူအဖြစ်

ချက်ပလင်သည် သူ၏ရုပ်ရှင်များအတွက် လိုအပ်သည့်အလျောက် သီချင်းများရေးသားခဲ့သည်။ Smile ရုပ်ရှင်အတွက် တေးသီချင်းရေးခဲ့သည့်နည်းတူ ကမ္ဘာ့ နာမည်အကြီးဆုံး ပေါ့ပ်ဂီတဘုရင် မိုက်ကယ်ဂျက်ဆင် အလွန်နှစ်သက်သည့် Modern Times ရုပ်ရှင်၏ ဇာတ်ဝင်တေးကို ချက်ပလင်ကိုယ်တိုင် ရေးဖွဲ့ခဲ့ခြင်းဖြစ် သည်။

သူရေးသားသည့် သီချင်းများကို သူကိုယ်တိုင်သီဆိုရာ၌ အောင်မြင်မှုရှိခဲ့သလို အခြားသူများပြန်လည် သီဆိုရာတွင်လည်း အောင်မြင်မှုရှိခဲ့သည်။ ရုပ်ရှင်အော်စကာဆု အပ်နှင်းခံရသည့် ချက်ပလင်၏ နောက်ဆုံးလက်ရာများမှာ ၁၉၅၇ ခုနှစ်တွင် ကိုယ်တိုင်ရေးသား၊ ဒါရိုက်တာလုပ် ရိုက်ကူးထုတ်လုပ်ခဲ့သည့် A King in New York နှင့်

၁၉၆၇ ခုနှစ်တွင် ၎င်း၏အနုပညာများ ပုံအောဖန်တီးခဲ့သည့် A Countess From Hong Kong တို့ အပါအဝင် That is My Soung, The Idle Class, A Day’s Pleasure, Pay Day, Sunnyside, The Circus, The Kid စသည့် ရုပ်ရှင်ကားများ အတွက်လည်း သီချင်းများရေးဖွဲ့ခဲ့သည်။

အိမ်ထောင်ရေးအခြေအနေ

ထိုကဲ့သို့ ရုပ်ရှင်လောက၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးအဖြစ် သမိုင်းတွင်ခဲ့သူ ချက်ပလင်သည် အိမ်ထောင်ရေးဘက်တွင်လည်း များစွာစိတ်ဝင်စားစရာ ကောင်းသူတစ်ဦး ဖြစ်ခဲ့သည်။

ချက်ပလင်သည် သူ၏ဘဝ၌ ပထမဆုံးအချစ်ကို ငယ်စဉ်ကာလကပင် ရှာဖွေနိုင်ခဲ့သော်လည်း ချစ်သူမှာ တုပ်ကွေးရောဂါဖြင့် ကွယ်လွန်ခဲ့ရ၍ မပေါင်းဖက်ခဲ့ရပေ။

ချက်ပလင်သည် အသက် ၂၉ နှစ်အရွယ်၌ အိမ်ထောင်ကျခဲ့သည်။ ထင်ရှားကျော်ကြားသည့် ကလေးသရုပ်ဆောင်မင်းသမီး မိုင်ဒရက်ဟာရီကို လက်ထပ်ခဲ့ ခြင်းဖြစ်ပြီး ထိုအချိန်က သူမ၏အသက်မှာ ၁၆ နှစ် အရွယ်သာရှိသေးသည်။ သူမနှင့် ကလေးတစ်ဦးထွန်းကားခဲ့သော်လည်း ကလေးမှာ ဆုံးသွားခဲ့ရသည်။ ထို့နောက် သူတို့လင်မယားနှစ်ဦးလည်း ကွာရှင်းခဲ့ကြသည်။

ချက်ပလင် အသက် ၃၅ နှစ်အရွယ်တွင် အသက် ၁၆ နှစ်သာရှိသေးသည့် တက်သစ်စ မင်းသမီးတစ်ဦးဖြစ်သူ လီတာဂရေနှင့် ကြိုက်နှစ်သက်ခဲ့ပြီး လက်ထပ်ခဲ့ပြန်သည်။

သူမနှင့် ကလေးနှစ်ယောက်ရရှိခဲ့ပြီးနောက်တွင် အိမ်ထောင်ထပ်ကွဲခဲ့ပြန်သည်။ ထို့နောက် သူ၏ အသက် ၄၃ နှစ်တွင် အမေရိကန်လူမျိုး ညို့အားပြင်း မင်းသမီး ပေါလက်ထ်ဂေါ့ဒါနှင့် လက်ထပ်ခဲ့သည်။

သူမသည် ချက်ပလင်နှင့် အိမ်ထောင်ကျစဉ်က အသက် ၂၂ အရွယ်သာရှိသေးပြီး အလွန်လှပလွန်းသည့်အတွက် ယောက်ျားများစွာ၏ နှစ်သက်မက်မောမှုကို ခံခဲ့ရသည်။ ကလေးတစ်ယောက်မှမရရှိခဲ့ဘဲ လက်ထပ်ပြီး ခြောက်နှစ်အကြာတွင် ကွာရှင်းခဲ့ကြသည်။

ဂေါ့ဒါမှာ အစောကြီးကတည်းက ယောက်ျားလေးများညှို့ယူနိုင်သည့် ခန္ဓာကိုယ်ကို အလှအပပိုင်ဆိုင်ထားရာ ချက်ပလင်နှင့် လမ်းခွဲပြီးနောက်တွင် ယောက်ျားများစွာ ကို သူမစိတ်ကြိုက်ရွေးချယ်ပြီး တစ်ယောက်ပြီးတစ်ယောက် လက်ထပ်ခဲ့သည်။

ချက်ပလင်သည် ယင်းကဲ့သို့ အိမ်ထောင်ရေးဇာတ်လမ်းများ မငြိမ်မသက်ခဲ့သော်လည်း အသက် ၅၄ နှစ်အရောက် ၁၉၄၃ ခုနှစ်တွင် အသက် ၁၈ နှစ် အရွယ်သာရှိသေးသည့် ဟိုနေးလ်နှင့် လက်ထပ်ခဲ့သည်။

ဟိုနေးလ်နှင့် သားသမီး ရှစ်ဦးထွန်းကားခဲ့ပြီး သက်ဆုံးတိုင်ပေါင်းသင်းခဲ့သည်။ နောက်ဆုံးကလေးဖြစ်သည့် ခရစ္စတိုဖာကို ဟိုနေးလ်ကို မွေးဖွားချိန်တွင် ချက်ပလင်၏အသက်မှာ ၇၃ နှစ်ခန့် ရှိနေပြီဖြစ်သည်။

ကွယ်လွန်ခြင်

ချက်ပလင်သည် အသက် ၈၈ နှစ်အရွယ် ၁၉၇၇ ခုနှစ်၌ ဆွစ်ဇာလန်နိုင်ငံတွင် ကွယ်လွန်ခဲ့သည်။
အထက်တွင် ဖော်ပြခဲ့ပြီးသမျှကို ဖတ်ရှုကြည့်ရာတွင် ချာလီချက်ပလင်၏ဘဝကို ခြုံငုံနားလည်နိုင်မည်ဖြစ်သည်။ သို့သော် ချက်ပလင်နှင့်ပတ်သက်၍ အခြား စိတ်ဝင်စားဖွယ်ရာများလည်း ရှိသေးသည်။ ထို့ကြောင့် ဗဟုသုတအဖြစ် ဆက်လက်တင်ပြပေးမည်ဖြစ်ပြီး အချက်အားဖြင့် ၁၀ ချက်လေ့လာနိုင်မည် ဖြစ်သည်။

၁။ ချာလီချက်ပလင်သည် ကမ္ဘာ့နိုင်ငံရေးလောက၌ လူသဝာ်မှုအကျူးလွန်ဆုံး စစ်အာဏာရှင်ဖြစ်သည့် အဒေါ့ဖ်ဟစ်တလာ မမွေးဖွားပီ လေးရက်အလိုတွင် မွေးဖွားခဲ့သည်။ ချက်ပလင်၏ မွေးသက္ကရာဇ်မှာ ၁၈၈၉ ခုနှစ်ဧပြီလ ၁၆ ရက်ဖြစ်ပြီး အဒေါ့ဖ်ဟစ်တလာမှာ ဧပြီ ၂၀ ရက်ဖြစ်သည်။

၂။ ချာလီချက်ပလင်သည် မီဒီယာသမိုင်း၏ သက်တမ်းအရင့်ဆုံး မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် တိုင်းမ် (Time)မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ပထမဆုံးဖော်ပြခံရသည့် ရုပ်ရှင်မင်းသား ဖြစ်သည်။ ၁၉၂၅ ခုနှစ်တွင်ဖော်ပြခဲ့သည်။

၃။ တစ်ခါက သူ့ရုပ်တူပြိုင်ပွဲကို ချက်ပလင်ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

၄။ ကွန်မြူနစ်ဝါဒသမား တစ်ဦးဖြစ်သည်ဟု သံသယရှိခံရသောကြောင့် ဟောလီးဝုဒ်မှ ထုတ်လုပ်ခွင့်များ ရပ်ဆိုင်းခဲ့ရဖူးသည်။

၅။ အဒေါ့ဖ်ဟစ်တလာသည် ချက်ပလင်အား ကြည့်မရသော်လည်း သူတို့နှစ်ဦး၏ တူညီသော အရာတစ်ခုရှိသည်။ ယင်းမှာ နှုတ်ခမ်းမွေး ပေါက်ပုံချင်းဖြစ်သည်။

၆။ ချက်ပလင်သည် အမေရိကန်နိုင်ငံသားတစ်ဦးအဖြစ် လုံးဝမခံယူခဲ့ပေ။ ထို့ကြောင့် ၁၉၅၃ ခုနှစ်တွင် နိုင်ငံသားအဖြစ်မခံယူသူ ချက်ပလင်အား ပြည်နှင်ဒဏ်ပေးခဲ့သည်။ ချက်ပလင်သည် ထိုအခြေအနေဖြစ်လာရာ၌ ဆွစ်ဇာလန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၇။ သူ၏ ကိုယ်ပိုင်ရုပ်ရှင်ဇာတ်ကားများ၌ အသုံးပြုရန် သီချင်းအပုဒ်ရေပေါင်း ၅၀၀ ခန့်ကိုချက်ပလင်က ရေးသားခဲ့သည်။

၈။ သေဆုံးသည့်အခါ သူ၏ခန္ဓာကိုယ်ကို ငွေညှစ်လိုသည့် အဖွဲ့အစည်းတစ်ခုမှ အချိန်နှစ်လကျော်ကြာ ခိုးယူသွားခဲ့သည်။ အဲဒီနောက် ချက်ပလင် မိသားစုထံ ငွေတောင်းသည့် စာတစ်စောင်ရောက်လာခဲ့သည်။ သို့သော် နောက်ဆုံး၌ ကောင်းမွန်စွာမြှုပ်နှံနိုင်ခဲ့သည်။

၉။ ယူကရိန်းလူမျိုး အာကာသသိပ္ပံပညာရှင်တစ်ဦးက အင်္ဂါဂြိုဟ်နှင့် နေအဖွဲ့အစည်းကြားရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို ၃၆၂၃ Chaplin ဟု ဂုဏ်ပြုခေါ်ဝေါ်ခဲ့သည်။

၁ဝ။ ချက်ပလင်၏ သမီးဖြစ်သူ မင်းသမီးဂျီရယ်ဒီနီ ချက်ပလင်သည် ၁၉၉၂ ခုနှစ်က ချက်ပလင်၏ ဘဝဇာတ်ကြောင်းကို ပြန်လည်၍ ရုပ်ရှင်ရိုက်ကူးရာတွင် ချက်ပလင်၏ အမေနေရာ၌ သရုပ်ဆောင်ခဲ့သည်။

ခရက်ဒစ်: အိန်ဂျယ်လင်း

Leave a Reply

Your email address will not be published.