မြန်မာ့ရိုးရာ နွားလည်ဆီဆုံလုပ်ငန်းအကြောင်း တစေ့တစောင်း

မြန်မာ့ရိုးရာ နွားလည်ဆီဆုံလုပ်ငန်းအကြောင်း တစေ့တစောင်း

မြန်မာ့ရိုးရာ နွားလည်ဆီဆုံဆိုသည်မှာ သစ်သားဆီကြိတ်ဆုံကို နွားနှင့်တပ်ပြီး ဆီကြိတ်ရသည့်ဆုံ ဟုခေါ်သည်။ စာရေးသူအနေဖြင့် ပဲခူးတိုင်းဒေသကြီးအနောက် ခြမ်းကျေးရွာများ၌ နွားလည်ဆီဆုံဖြင့် ဆီကြိတ်နေကြသည်ကို မြင်ဖူးသည်။

ယခုအခါ နွားလည်ဆီဆုံကို နွားအစား မော်တာများနှင့် အစားထိုး လည်ပတ်နေကြသဖြင့် မြန်မာ့ရိုးရာ နွားလည်ဆီဆုံလုပ်ငန်းသည် တိမ်ကောစ ပြုလာပြီ ဖြစ်သည်။

မြန်မာ့ရိုးရာ ဆီဆုံကို အပေါ်ယံအမြင့်ဖြင့်ကြည့်လျှင် လွယ်လွယ်လေးလုပ်၍ ရသည်ဟု ထင်ကြပေမည်။ အသေအချာ လေ့လာကြည့်သောအခါ သူ့နည်းနှင့်သူ ဆောင်ရန်၊ ရှောင်ရန် အကြောင်းအချက် များရှိနေသည်။

မြန်မာ့ရိုးရာ နွားလည်ဆီဆုံလုပ်ငန်းသည် ရှေးမြန်မာမင်းများလက်ထက်ကတည်းက ရှိခဲ့သည်။ ဆီဆုံပြုလုပ်သည့်အခါ ကုက္ကို၊ ထနောင်းနှင့်တမာသားများကို အသုံးပြုကြားသည်။ ကုက္ကို သို့မဟုတ် ထနောင်း သို့မဟုတ် တမာသားသည် လုံးပတ် ၃ တောင် ပတ်လည် ရှိရပြီး ယင်းထက်လည်း ပိုကြီး၍ သုံးပြုနိုင်သည်။

ဆီဆုံပြုလုပ်မည့်အသားကို ရွေးချယ်ရာတွင် အမျက်နှင့်ငါးကြင်းမြီးဟုခေါ်သည့် နှစ်ခွသဏ္ဌာန်တို့ ကင်းရသည်။ ဆီဆုံအခြေခိုင်အောင် လုံးပတ် ၃ တောင်ရှိသည့် အပြစ်အနာအဆာကင်းသော ကုက္ကိုသားကို မြေဝင် ၄ တောင်၊ မြေပေါ် ၂ တောင် စုစုပေါင်းအရှည် ၆ တောင် ရှိရသည်။

ဆီဆုံ၏ ထိပ်ဝအကျယ်သည် ၁၂ လက်မ ရှိရသည်။ ဆုံ၏အတွင်းဘက်၌ ကြက်ရင်ကို ထားပေးရသည်။ ကြက်ရင်ဆိုသည်မှာ နှမ်း၊ မြေပဲများကို ကြိတ်သည့်အခါ ကျည်ပွေ့စိုက်သည့် ကျင်းကလေးကို ခေါ်သည်။ ကျင်းကလေးက ၅ လက်မအကျယ်ရှိရသည်။

ဆီဆုံတစ်ခုလုံး၏ အစိတ်အပိုင်းများမှာ ကား၊ ဘောင်း၊ ထမ်းပိုး၊ သက်သေတိုင်နှင့် ဂုံးတို့ပါဝင်သည်။ ကားဆိုသည်မှာ ဆီဆုံကြီးကို ပတ်ချာလှည့်လည်‌သော သစ်သားတုံးကြီးကိုခေါ်သည်။အရှည် ၅ တောင်ခန့်ရှိရပြီး ဗြက်တစ်ပေခွဲခန့် ရှိရသည်။

ဘောင်းဆိုသည်မှာ ကျည်ပွေ့နှင့် ကားတို့ကို ထိန်းသည့်အရာဖြစ်သည်။ အရှည် ၄ တောင်ခန့်ရှိပြီး လုံးပတ် ၄ လက်မ ပတ်လည်ရှိရသည်။

ထမ်းပိုးဆိုသည်မှာ နွားကိုတပ်သည့် သစ်သားသားတုံးကို ခေါ်သည်။ သနပ်သားဖြင့် ပြုလုပ်ရကာ အရှည် ၅ တောင်ခန့်ရှိရသည်။လုံးပတ်မှာ ထွာဆိုင်ခန့်ရှိရသည်။

သက်သေတိုင်ဆိုသည်မှာ ထမ်းပိုးကို တွဲထားသည့် တိုင်ငုတ်ဖြစ်သည်။ အရှည် ၃ ပေကျော်ရှိရသည်။

ဂုံးဆိုသည်မှာ ဆီဆုံရပ်နားထားစဉ် ကားကို အောက်မှခံသည့် သစ်သာဒေါက်ကိုခေါ်သည်။ ယင်းဒေါက်ကို သဘာဝ သစ်ကိုင်းကိုခုတ်ပြီး အလွယ်တကူအသုံး ပြုလေ့ ရှိကြသည်။

ယင်းနေရာတွင် နွားလိုက်ဆိုသည့် ပစ္စည်းတစ်ခုကလည်း မပါမဖြစ် ပါဝင်နေသည်။ အရှည် ၅ ကောင်ခန့်ရှိသည့် သံကြိုးဖြစ်သည်။ ကားနှင့် ထမ်းပိုးကို တွဲထားသည့်သံကြိုးဖြစ်သည်။

ဆီဆုံတွင် မြေပဲငါးပြည်ဆံ့သည့်ဆုံ နှင့် မြေပဲခြောက်ပြည်ဆံ့သည့်ဆုံဟူ၍ နှစ်မျိုးရှိသည်။ တစ်နေကုန် ဆီကြိတ်လျှင် ၁၂ ဆုံစာ ကြိတ်နိုင်သည်။ မြေပဲငါးပြည်ကို ဆီဆုံဖြင့်ကြိတ်လျှင် မြေပဲဆီနှစ်ပိဿာ၊ မြေပဲခြောက်ပြည်ကို ဆီဆုံဖြင့်ကြိတ်လျှင် မြေပဲဆီနှစ်ပိဿာခွဲ ရသည်။

ဆီဆုံသည် ပန်းနှမ်းနှင့် နေကြာတို့ကိုလည်း ကြိတ်၍ရသည်။ ပန်းနှမ်းငါးပြည် ကြိတ်လျှင် နှမ်းဆီတစ်ပိဿာခဲ့ရသည်။ နေကြာရှစ်ပြည်ကြိတ်လျှင် နေကြာဆီ တစ်ပိဿာခွဲရသည်။

ဆီဆုံကြိတ်ရာတွင် နွားက သွက်လက်သဖြင့် နွားကိုသာ အသုံးများကြသည်။ နွားလည်ဆီဆုံဖြင့် မြေပဲကြိတ်လျှင် နွားအပေါ်မူတည်၍ တစ်နာရီမှ တစ်နာရီခွဲအထိ ကြာတတ်သည်။

ဆီမကြိတ်မီ အပေါ်ရေ၊ အောက်ရေ ထည့်ပေးရသည်။ အောက်ရေဆိုသည်မှာ ကြိတ်ဆုံထဲသို့ မြေပဲဆန် မထည့်မီ ၁၂ ကျပ်ခွဲသားခန့် အလေးချိန်ရှိသည့်ရေကို အခံရေအဖြစ် ထည့်ပေးထားရသည်။

မြေပဲဆန်ထည့်ပေးပြီးသည့်အခါ ရေ ၃၀ ကျပ်သားခန့်ကို လောင်းထည့်ပေးရသည်။ နွားဖြင့် ဆီဆံကြိတ်နေစဉ် ၁၅ မိနစ်လျှင် တစ်ကြိမ် ရေ ၃၀ ကျပ်သားခန့် လေးကြိမ် ထည့်ပေးရသည်။ နွားဖြင့် ဆီဆုံကြိတ်နေစဉ် ၁၅ မိနစ်လျှင် တစ်ကြိမ် ရေ ၃၀ ကျပ်သားခန့် လေးကြိမ်ထည့်ပေးရသည်။

ဆီဆုံကြိတ်ရာတွင် ၁၅ မိနစ်လျှင်တစ်ကြိမ် ရေထည့်ပေးရခြင်းမှာ ဆီကြိတ်သည့် အခါ အောက်ရေ ၊အပေါ်ရေမထည့်လျှင် ဆီလည်းမဖြစ်၊ ပဲဖတ်လည်းမဖြစ်ဘဲ ကြိတ်ဆုံထဲတွင် လုံးထွေးနေတတ်သောကြောင့် ဖြစ်သည်။ ဆီတစ်ဆုံကြိတ်လျှင် မြေပဲဖတ်နှင့် နှမ်းဖတ် အလေးချိန် သုံးပိဿာခန့် ရရှိသည်။

ဆီဆုံပြုလုပ်သည့် အစိတ်အပိုင်းများ၏ အသား(သစ်သား) များဖြစ်သော ကားကို ကုက္ကိုသား၊ ဘောင်းကို ဆီးသား၊ ကျည်ပွေ့ကို ရှားသားနှင့် ပြုလုပ်ရပြီး သက်သေတိုင်ကို မည်သည့်အသားနှင့်မဆို ပြုလုပ်၍ ရသည်။ ဂုံးကို သဘာဝ အတိုင်း သစ်ကိုင်းခွကို ခုတ်၍ သုံးလေ့ရှိကြသည်။

အချုပ်အားဖြင့်ဆိုရပါမူ ယနေ့ခေတ်တွင် လူသိနည်းလာပြီး တိမ်ကော ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ နွားလည်ဆီဆုံလုပ်ငန်းအကြောင်းကို ဗဟုသုတရစေရန် တစေ့တစောင်းရေးသား တင်ပြလိုက်ရပါသည်။

Credit_ Author: ဝင်းဇော်(သုံးဆယ်)
Credit : Photo

Leave a Reply

Your email address will not be published. Required fields are marked *